Friday, January 27, 2017

အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ

နေပြည်တော် ၂၀၁၇ ဇန်နဝါရီလ၂၆


ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌဌမတန်း စာမေးပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော် အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း သီရိမင်္ဂ္လာခန်းမ၌ ကျင်းပသည်။ ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးရယူနိုင်စေရန်အတွက် သင်ယူမှုအခွင့်အလမ်း များတိုးမြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အခြေခံပညာကျောင်းတိုင်းတွင် ကျောင်းနေအရွယ်ကလေးတိုင်း တက်ရောက်သင်ယူနိုင်ကြပြီး ကျောင်းနေအရွယ် ကလေးတိုင်းကျောင်းနေပျော်အောင် သင်ယူမှု ဝန်းကျင်ကောင်းကိုဖန်တီးပေးကြရမည်ဖြစ်ကြောင်း၊ ပညာရေးသည် ဝန်ဆောင်မှုပေးသော လုပ်ငန်းဖြစ်ရန် လိုအပ်ချက်နှင့်အညီ ကျောင်းနေအရွယ်ကလေးတိုင်း ကောင်းမွန်စွာ သင်ယူတတ်မြောက်နိုင်ရေးအတွက် ဆရာ၊ ဆရာမများက ကောင်းမွန်စွာ သင်ကြားပို့ချပေးနေသူများဖြစ်ရန် လိုအပ်ကြောင်း၊ ကျောင်းဆောင်၊ စာသင်ခန်းများ၊ သင်ကြားသင်ယူမှု အထောက်အကူပစ္စည်းများ၊ သိပ္ပံခန်းသုံး ပစ္စည်းများ လုံလောက်အောင် ထားရှိပေးရ မည်ဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူ များ၏ ကျောင်းထွက်နှုန်းလျော့ ပါးအောင် မိဘဆရာ အသင်းနှင့် ပူးပေါင်းပြီး ဝိုင်းဝန်း ဆောင်ရွက်ကြ စေလိုကြောင်း၊ စာမေးပွဲများဖြစ်သော အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌဌမတန်း စာမေးပွဲဆိုင်ရာ လုပ်ငန်းများ ကို စာမေးပွဲ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ စနစ်တကျ၊ တိတိကျကျ လိုက်နာဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် အဆင့်အလိုက်တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးမှာကြားသည်။ ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက ကျောင်းအပ်နှံရေး၊ ကျောင်းနေမြဲရေး၊ ကျောင်းထွက်နှုန်းလျော့ပါးရေး၊ သင်ယူပြီးမြောက်မှုနှုန်း မြင့်မားရေး၊ အတန်းကူးပြောင်းမှုနှုန်းမြင့်မားရေး၊ ကျောင်းအဆင့်တိုးမြှင့်ရေး၊ ဆရာ၊ ဆရာမများ ခန့်ထားပြောင်းရွှေ့ရေး၊ ရာထူးတိုးမြှင့်ရေး၊ ကျောင်းထောက်ပံ့ကြေးများ ထင်သာမြင်သာရှိအောင် စနစ်တကျသုံးစွဲရေး၊ ကျောင်းဆောင်သစ်များ ဆောက်လုပ်ရေး၊ မိဘ၊ ဆရာအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဆရာ၊ ဆရာမများ အရည်အသွေး မြင့်မားရေးဆိုင်ရာလုပ်ငန်းများ၊ အခြေခံပညာစတုတ္ထတန်း၊ အဋ္ဌဌမတန်းစာမေးပွဲဆိုင်ရာ လုပ်ငန်းများနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများက အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌဌမတန်းစာမေးပွဲဆိုင်ရာ လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးကြသည်။ အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌဌမတန်းစာမေးပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဇန်နဝါရီ (၂၇)ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။


Source: MOI Webportal Myanmar

No comments:

Post a Comment