Saturday, March 14, 2020

ပြည်ထောင်စု၀န်ကြီး ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်၀င်စာမေးပွဲ မြန်မာစာဘာသာရပ် ဖြေဆိုနေမှုလှည့်လည်ကြည့်ရှု

နေပြည်တော် ၂၀၂၀ မတ် ၁၁
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့်သက်ဆိုင်ရာတာ၀န်ရှိသူများ လိုက်ပါလျက် မတ်လ(၁၁)ရက် နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းရှိ ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်၀င်စာမေးပွဲစာစစ်ဌာနသို့ ရောက်ရှိပြီး တက္ကသိုလ်၀င်စာမေးပွဲ (မြန်မာစာဘာသာ) ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုသည်။
ပြည်ထောင်စု၀န်ကြီးသည် ကျောင်းသူကျောင်းသားများ မြန်မာစာဘာသာ ဖြေဆိုနေမှုများ နှင့် စာမေးပွဲဆိုင်ရာလုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုပြီး သက်ဆိုင်ရာတာ၀န် ရှိသူများအား ၂၀၂၀ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး၊
စည်းကမ်းရှိစွာဖြင့် စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး၊ ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ် ရေးမှူးများလိုက်နာဆောင်ရွက်ကြရမည့် တာ၀န်၀တ္တရားများကို ကျေပွန်စွာဆောင်ရွက်၍ တက္ကသိုလ်၀င်စာမေးပွဲ အောင်မြင်စွာကျင်းပ ပြီးစီးနိုင်ရေးဝိုင်း၀န်းကူညီဆောင်ရွက်ပေးကြရန် မှာကြားသည်။
တက္ကသိုလ်၀င်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား မြန်မာနိုင်ငံ တစ်၀န်းလုံးရှိ ပြည်တွင်းစာစစ်ဌာန(၁၉၈၄)ခုနှင့် နိုင်ငံခြားစာစစ်ဌာန(၁၅)ခု၊ စာစစ်ဌာန စုစုပေါင်း(၁၉၉၉)ခု တွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း(၉၇၁၄၀၇)ဦး စာရင်းပေးသွင်းကြပြီး (၉၁၀၂၇၄)ဦး အေးချမ်းစွာ ၀င်ရောက်ဖြေဆိုကြသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် စာစစ်ဌာနစုစုပေါင်း(၅၄)ခုတွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း(၂၇၉၃၄)ဦးစာရင်းပေးသွင်းကြပြီး (၂၆၂၁၈)ဦး ၀င်ရောက်ဖြေဆိုကြသည်။ ရန်ကုန် ပြည်သူ့ဆေးရုံကြီးစာစစ်ဌာနတွင်(၅)ဦး၊ မြောက်ဥက္ကလာပ ဆေးရုံတွင် (၅)ဦးဖြေဆိုသည်။
အင်းစိန်အကျဉ်းဦးစီး၊ မန္တလေးအကျဉ်းဦးစီး၊ ကသာအကျဉ်းဦးစီး၊ တောင်ကလေး အကျဉ်းဦးစီး၊ တောင်ငူအကျဉ်းဦးစီး၊ ကျောက်ဖြူအကျဉ်းဦးစီး၊ ညောင်ရွှေအကျဉ်းဦးစီး၊ ကျိုင်းတုံ အကျဉ်းဦးစီးနှင့် လွိုင်ကော်အကျဉ်းဦးစီးတို့တွင် ဖြေဆိုသူစုစုပေါင်း (၁၈၈)ဦးနှင့် ကရင်ပြည်နယ် မြဝတီမှ ဝင်ရောက်ဖြေဆို (၁၃၄)ဦးရှိကြောင်း သိရသည်။
ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် အမြင်အာရုံမသန်စွမ်းသူ(၃၁)ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ နေပြည်တော်တို့တွင် အကြားအာရုံမသန်စွမ်းသူ (၂၄)ဦး၊ ကချင်ပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ပဲခူးတိုင်းဒေသကြီး (အနောက်)၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်)၊ ရှမ်းပြည်နယ်(မြောက်)၊ ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ကိုယ်အင်္ဂါမသန်စွမ်းသူ(၁၃၄)ဦးဖြေဆိုကြပြီး ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် စိတ်ကြိုက်မြန်မာစာ ဖြေဆိုမည့်သူ (၁၁)ဦးရှိကြောင်း သတင်းရရှိသည်။




No comments:

Post a Comment