Saturday, March 7, 2020

အခြေခံပညာ အလယ်တန်း၊ အထက်တန်း သင်ရိုးညွှန်းတမ်းရေးဆွဲရေး အစည်းအဝေး ကျင်းပ

ရန်ကုန် ၂၀၂၀ မတ် ၅
အခြေခံပညာ အလယ်တန်း၊ အထက်တန်း သင်ရိုးညွှန်းတမ်းရေးဆွဲရေး အစည်းအဝေးကို ၅ ၊၃ ၊၂၀၂၀ ရက်နေ့ ညနေ ၄နာရီခွဲတွင် ရန်ကုန်မြို့ ပါမောက္ခချုပ်များကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်ဆွေးနွေး ပြောကြားသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် Grade-4, Grade-7, Grade-10 ကျောင်းသုံးဖတ်စာအုပ်များနှင့် ဆရာကိုင်စာအုပ်များကို ပြီးစီးအောင် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာကိုင်စာအုပ်များကို ကျောင်းဖွင့်ချိန်မတိုင်မီ သက်ဆိုင်ရာဒေသအသီးသီးသို့ ရောက်ရှိရန်လိုအပ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အသုံးပြုမည့် Grade-5, Grade-8, Grade-11 ကျောင်းသုံးဖတ်စာအုပ်များနှင့် ဆရာကိုင်စာအုပ်များ အချိန်မီပြီးစီးရန်အတွက်လည်း အရေးကြီးပါကြောင်း၊ ဘာသာရပ်ကော်မတီ ဥက္ကဌများဖြစ်သည့် တက္ကသိုလ်များမှ ပါမောက္ခကြီးများက တက္ကသိုလ်စာမေးပွဲများ၊ တက္ကသိုလ်ဝင်စာမေးပွဲများဆိုင်ရာ မေးခွန်းများနှင့်ပတ်သက်၍ မပေါက်ကြားရန်၊ မှန်ကန်လုံခြုံတိကျရန်၊ အဖြေလွှာများကို တိတိကျကျစစ်ဆေး ဆောင်ရွက်နိုင်ရန်တို့အတွက် အထူးဂရုပြုစေလိုကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများစစ်ဆေးခြင်းကို သတ်မှတ်ရက်အတိုင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန်အတွက် အထက်တန်းပြ ဆရာ ဆရာမအင်အား လုံလောက်စွာရရှိရန် ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း၊ သင်ရိုးသစ်များအတွက် မူလတန်း၊ အလယ်တန်း၊ အထက်တန်းတို့မှ သက်ဆိုင်ရာဆရာ ဆရာမများအား သင်တန်းများပေးရန် လိုအပ်ကြောင်း၊ ဆင့်ပွားသင်တန်းများကိုလည်း မှတ်တမ်းဗီဒီယိုရိုက်ကူးရန်နှင့် လုပ်ငန်းအဆင့်ဆင့်အတွက် အစီအစဉ်များချမှတ်ထားရန် လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘာသာရပ်သင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌများက လိုအပ်ချက်၊ အခက်အခဲများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေး တင်ပြကြကြောင်း သတင်းရရှိသည်။





No comments:

Post a Comment