Saturday, March 9, 2019
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှု လှည့်လည်ကြည့်ရှု
နေပြည်တော် ၂၀၁၉ မတ် ၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်တင့်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန) ညွှန်ကြားရေးမှူးချုပ်(တာဝန်) ဒေါက်တာစိုင်းကျော်နိုင်ဦး၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်၊ နေပြည်တော်ကောင်စီ နယ်မြေပညာရေးမှူး ဦးမျိုးဝင်းအောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျှက် မတ်လ(၇)ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနသို့ရောက်ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ (အင်္ဂလိပ်စာဘာသာ) ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုသည်။ ပြည်ထောင်စုဝန်ကြီးသည် ကျောင်းသူ ကျောင်းသားများ အင်္ဂလိပ်စာဘာသာဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုပြီး သက်ဆိုင်ရာတာဝန်ရှိသူများအား ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး၊ အလင်းရောင်နည်းပါးသော စာဖြေခန်းများ၌ လိုအပ်သောအလင်းရောင် ရရှိရေးဆောင်ရွက်ပေးရန်နှင့် အခြားလိုအပ်ချက်များ ပေါ်ပေါက်လာပါက အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် မှာကြားသည်။ ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်၊ တပ်ကုန်းမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဇေယျာသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ရေဆင်း)၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းများရှိ စာစစ်ဌာနများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုကြသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်တွင်းစာစစ်ဌာန(၁၈၆၅)ခုနှင့် နိုင်ငံခြားစာစစ်ဌာန(၂၁)ခု၊ စာစစ်ဌာနစုစုပေါင်း(၁၈၈၆)ခုတွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း(၈၉၇၉၉၄)ဦး စာရင်းပေးသွင်းကြပြီး (၈၅၀၈၉၀)ဦး အေးချမ်းစွာ ၀င်ရောက်ဖြေဆိုကြသည်။ နေပြည်တော်ကောင်စီနယ်မြေတွင် စာစစ်ဌာနစုစုပေါင်း(၅၀)ခုတွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း(၂၆၁၂၃)ဦး စာရင်းပေးသွင်းကြပြီး (၂၄၈၀၇) ဦး ၀င်ရောက်ဖြေဆိုကြကြောင်း သတင်းရရှိသည်။

Thursday, March 7, 2019
၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စတင်ကျင်းပ
နေပြည်တော် ၂၀၁၉ မတ် ၆
၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ၆၊၃၊၂၀၁၉ ရက်နေ့ နံနက်(၉)နာရီတွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ တစ်ပြိုင်တည်းစတင်ကျင်းပလျက်ရှိရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒေါက်တာမျိုးသိမ်းကြီးသည် မြန်မာနိုင်ငံစာစစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးညွန့်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(တာဝန်) ဦးကိုလေးဝင်း၊ လေ့လာဆန်းစစ် အကဲဖြတ်ရေး အဖွဲ့(သုတေသန) ညွှန်ကြားရေးမှူးချုပ်(တာဝန်) ဒေါက်တာစိုင်းကျော်နိုင်ဦး၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်၊ နေပြည်တော်ကောင်စီနယ်မြေပညာရေးမှူး ဦးမျိုးဝင်း အောင်နှင့် ပညာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျှက် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့သွားရောက်၍ လှည့် လည်ကြည့်ရှု အားပေးသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းသူကျောင်းသားများ မြန်မာစာဘာသာ ဖြေဆိုနေမှု များကိုလှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများအား ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး၊ လိုအပ်ချက်များ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးတို့အတွက် စာမေးပွဲ လုပ်ထုံးလုပ်နည်း၊ စည်းကမ်းများ၊ ညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ကျင်းပသော ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံရပ်ခြားရှိ မြန်မာနိုင်ငံသံရုံးများ၌ နိုင်ငံခြားစာစစ်ဌာန( ၂၁ )ခု၊ ပြည်တွင်းစာစစ်ဌာန (၁၈၆၅)ခု၊ စာစစ်ဌာနစုစုပေါင်း(၁၈၈၆)ခုတွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း(၈၉၇၉၉၄)ဦး စာရင်းပေးသွင်းကြပြီး (၈၅၁၅၇၀)ဦး ၀င်ရောက်ဖြေဆိုကြသည်။ နေပြည်တော်ကောင်စီနယ်မြေတွင် စာစစ်ဌာနစုစုပေါင်း(၅၀)ခုတွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း(၂၆၁၂၃)ဦး စာရင်းပေးသွင်းကြပြီး (၂၄၈၂၇) ဦး ၀င်ရောက်ဖြေဆိုကြကြောင်း သတင်းရရှိသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဧရာဝတီတိုင်းဒေသကြီးရှိ ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသို့သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာဆရာမများ၊ ကျောင်းသား/သူများနှင့်တွေ့ဆုံ
ရန်ကုန်၂၀၁၉ မတ် ၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ နည်းပညာတက္ကသိုလ်(မအူပင်)ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နည်းပညာတက္ကသိုလ်(မအူပင်)ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ နည်းပညာတက္ကသိုလ်(မအူပင်)မှ ပါမောက္ခချုပ်ဒေါက်တာကျော့ခင်က နည်းပညာ တက္ကသိုလ်(မအူပင်)၏ဖွဲ့စည်းပုံ၊ သင်ကြားသင်ယူနေမှုအခြေအနေများနှင့် ဆောင်ရွက်လျက်ရှိသည့် ပညာရေး လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများနှင့်စပ်လျဉ်း၍ နှုတ်ခွန်းဆက်စကားပြောကြားပြီး ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ်(၁)မှ ပါမောက္ခချုပ် ဒေါက်တာဇေော်ဝစိုးက တက္ကသိုလ်ပဋိညာဉ်ရေးဆွဲဆောင်ရွက်မှုများ၊ အရည်အသွေးအာမခံမှု၊ သုတေသန လုပ်ငန်းဆောင်ရွက်မှုများ၊ ပါမောက္ခချုပ်များကော်မတီ၏ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြော ကြားရာတွင် မိမိတို့အနေဖြင့် ယခုကဲ့သို့တွေ့ဆုံရခြင်းသည် ပညာရေးဝန်ကြီးဌာန၏လုပ်ငန်းဆောင်ရွက်ချက် များကို သိရှိကြစေလိုပြီး တက္ကသိုလ်များ၏ လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်ပေးလိုသဖြင့် တွေ့ဆုံခြင်း ဖြစ်ပါကြောင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် ပါမောက္ခချုပ်ကြီးပြောကြားသွားသည့်အတိုင်း သင်ကြားသင်ယူရေး၊ စီမံ ခန့်ခွဲရေးလုပ်ငန်းများသည် လွယ်ကူရိုးရှင်းသည့်လုပ်ငန်းများမဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန် လိုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများ ပါမောက္ခချုပ်များကော်မတီ၏တက္ကသိုလ်များအတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများကို အသိပေးပြောကြားလိုပြီး တက္ကသိုလ်များ၏အခက်အခဲများနှင့် လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်းပေးနိုင် ရန်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုနှင့် လှုပ်ရှားမှုများကို ပညာရေးဝန်ကြီးဌာန၏ website ဖြစ်သည့် www.moe.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း။ ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)တွင် ဖော်ပြ ထားသည့်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၏မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင်ပါရှိသော ပန်းတိုင် အမှတ်(၄)တွင် ၂၁ ရာစုနှင့်လိုက်လျောညီထွေရှိသည့် လူ့စွမ်းအားအရင်းအမြစ်များကို အဆင့်မြှင့်တင်ပေးရန် အချက်သည် ပညာရေးနှင့်သက်ဆိုင်ပါကြောင်း၊ ပညာရေး အရည်အသွေးကောင်းမွန်ရန် ဆရာ ဆရာမများ၏ အရည်အသွေးကောင်းမွန်ရန်လိုအပ်ပြီး အင်္ဂလိပ်စာ အရည်အသွေးနှင့် အိုင်စီတီနည်းပညာ အရည်အသွေးများ ကောင်းမွန်ရန်အတွက် မွမ်းမံသင်တန်းများပေးရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် သုတေသန ကိုယ်တိုင်ဆောင်ရွက်ခြင်း၊ စာတမ်းဖတ်ခြင်း၊ သုတေသနဂျာနယ်များတွင် ရေးသားနိုင်စွမ်းရှိရန်၊ သို့မှသာ ဆရာ ဆရာမများ စာသင်ခန်းတွင် ကျောင်းသား ကျောင်းသူများအား လက်တွေ့နှင့်နီးစပ်သော သင်ကြားနည်းစနစ်များဖြင့် သင်ကြားပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဆရာ ဆရာမများအတွက်သာမက ရုံးဝန်ထမ်းများ၏ စွမ်းဆောင်ရည်နှင့် အရည်အသွေး မြင့်မားစေရန် ရုံးစာရေးသားနည်း သင်တန်းများနှင့် အိုင်စီတီအရည်အသွေး မြင့်မားစေရန် သင်တန်းများဖွင့်လှစ်ပေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာပညာတော်သင်ဆုများနှင့်ပတ်သတ်၍ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့် အညီ ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ ကျောင်းများတွင် သိပ္ပံပြပွဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ Job Fair များပြုလုပ်ပေးရန် လိုအပ်ပြီး မြန်မာနိုင်ငံသည် တိုင်းရင်းသား ပေါင်းစုံနေထိုင်သည့်အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ စာပေ ယဉ်ကျေးမှုနှင့် အနုပညာဓလေ့ထုံးတမ်း စဉ်လာများကိုလည်း မြှင့်တင်ပေးရန်လိုအပ်ပါကြောင်း၊ ဒေသ၏ဖွံ့ဖြိုးတိုးတက်မှု၊ ဒေသ၏စီးပွားရေး၊ ခရီးသွားလာရေးနှင့် အကျိုးစီးပွားကိုအကျိုးပြုပြီး ဒေသနှင့်လိုက်လျောညီထွေဖြစ်သည့် ဘွဲ့သင်တန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်းနှင့် အရည်အချင်းရှိသော ဘွဲ့ရလူငယ်မောင်မယ် များ မွေးထုတ်ပေးကြစေလိုကြောင်းဖြင့်ပြောကြားသည်။ ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက လက်တွေ့သင်ကြားရေးဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများရှိသည့်အတွက် သရုပ်ပြ ဆရာ ဆရာမများတိုးချဲ့ခန့်ထားရေး၊ အစိုးရနည်းပညာအထက်တန်း ကျောင်းများသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရေး၊ အားကစားရုံနှင့် အားကစားကွင်းများ ဆောင်ရွက်ပေးရေး၊ ကျောင်းသား ကျောင်းသူများ အလုပ်သင်သွား ရောက်ရာ၌ အခက်အခဲများကြုံတွေ့ရာတွင် ၀န်ကြီးဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး တင်ပြခဲ့ကြသည်များကို တိုင်းဒေသကြီးမှတာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြ သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် မအူပင်တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (မအူပင်)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသို့သွားရောက်၍ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ၀န်ထမ်းများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အလားတူ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် မတ်လ ၂ ရက်နေ့တွင် ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ နည်းပညာတက္ကသိုလ် (ဟင်္သာတ)နှင့် ဟင်္သာတတက္ကသိုလ်များသို့ သွားရောက်၍ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာဆရာမများ၊ ၀န်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ ပရော့ဂျက်များပြုလုပ်ရာနှင့် လေ့လာရေးခရီးများ အတွက်ကုန်ကျစရိတ်များ အဆင်ပြေချောမွေ့စေရန်၊ ဆိုင်ကယ်ရပ်နားရန်နေရာ၊ ကျောင်းအားကစားရုံ ဆောက်လုပ်ပေးရန်၊ ဖူဆယ်ဘောလုံးကွင်းဆောက်လုပ်ပေးရန်၊ ဘူမိဗေဒဌာန၏ဝန်ထမ်းအင်အားတိုးချဲ့ ခန့်ထားရန်၊ ဝန်ထမ်းမိသားစုပေါင်းစည်းနေနိုင်ရေး၊ ပန်းချီ၊ ဂီတ၊ အနုပညာကလပ်များဖွဲ့စည်းဆောင်ရွက်ပေး ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ပည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ တနင်္သာရီ တိုင်းဒေသကြီးရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်၊ကောလိပ်၊ အစိုးရနည်းပညာ အထက်တန်းကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်၊ဆရာ/မများ၊ကျောင်းသား/သူများနှင့်တွေ့ဆုံ
နေပြည်တော် ၂၀၁၉ ဖေဖော်ဝါရီလ ၂၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့်အဖွဲ့သည် မြိတ်တက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့်ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ၂၃၊ ၂၊ ၂၀၁၉ ရက်နေ့ နံနက် ၁၁ နာရီတွင် မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနီနီဦးက မြိတ်တက္ကသိုလ်၏ဖွဲ့စည်းပုံ၊ သင်ကြားသင်ယူနေမှုအခြေအနေများနှင့် ဆောင်ရွက်နေသည့်ပညာရေးလုပ်ငန်းများကို ရှင်းလင်း တင်ပြသည်။ ထို့နောက် နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်၊ ပါမောက္ခချုပ်များကော်မတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာကြည်စိုးတို့က ပညာရေး ပြုပြင်ပြောင်းလဲဆောင်ရွက် နေမှုများ၊ ကမ္ဘာ့တက္ကသိုလ်အဆင့် သတ်မှတ်ချက်များ၊ တက္ကသိုလ်ပဋိဥာဏ်ရေးဆွဲဆောင်ရွက်မှုများ၊ အရည်အသွေးအာမခံမှု၊ သုတေသန၊ နိုင်ငံတကာတက္ကသိုလ်များနှင့်ပူးပေါင်းဆောင်ရွက်မှုများ၊ ပါမောက္ခချုပ်များကော်မတီ၏ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့်ပညာရေးဝန်ကြီးဦးဟိုပင်က ဆရာနှင့်ကျောင်းသား နွေးထွေးစွာ ပူးပေါင်းလက်တွဲ၍ အရည်အသွေးရှိသောပညာရေးစနစ်ဖော် ဆောင်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆလုံတိုင်းရင်းသား ကျောင်းသားကျောင်းသူများ တက္ကသိုလ် ပညာသင်ယူခွင့်ရရှိနိုင်ရေးအတွက် ၀ိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြော ကြားသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲဆောင်ရွက်ရာတွင် အမျိုး သားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)အရ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပညာရေးစနစ်ကြီးတစ်ခုလုံး၏ အခြေခံဖောင်ဒေးရှင်းသည် အခြေခံပညာရေး ဖြစ်ပါကြောင်း၊ အခြေခံပညာရေးတွင် KG+12 ပညာရေးစနစ်ကို ဖော်ဆောင်လျက်ရှိပြီး ကျောင်းသုံးဖတ်စာအုပ်များ အသစ်ပြုစုခြင်း၊ ဆရာဆရာမများအား သင်ကြားသင်ယူမှုနည်းစနစ်များ ပို့ချခြင်း၊ အရည်အသွေးမြှင့်သင်တန်းများဖွင့်လှစ်ခြင်း၊ ကျောင်းများ၏လိုအပ်ချက်များ အခက်အခဲများ ဖြည့်ဆည်းဖြေရှင်းပေးခြင်းစသည်ဖြင့် ပြုပြင်ပြောင်းလဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍတွင် တက္ကသိုလ်များအရည်အသွေးမြင့်မားရေးအတွက် ဆရာ ဆရာမများ၏အရည်အသွေးမြင့်မားအောင် အမြဲမပြတ်ကြိုးစားဆောင်ရွက်ကြရန် လိုပါကြောင်း၊ မိမိတို့၏ အင်္ဂလိပ်စာ၊အိုင်စီတီ ကျွမ်းကျင်မှုနှင့်သင်ကြားသင်ယူမှု အရည်အသွေး မြင့်မားရေးတို့ကို မြှင့်တင်ဆောင်ရွက်ပြီး ဒေသအတွက် အကြိုးရှိထိရောက်သော အသုံးချသုတေသန လုပ်ငန်းများကို ဆောင်ရွက်စေလိုပါကြောင်း၊အထူးသဖြင့် ဒေသတွင်းလိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးမွေးမြူရေး၊ ရေလုပ် ငန်း၊ ခရီးသွား၊သတ္ထုတွင်း၊ဈေးကွက်စီးပွားရေး၊ဘဏ်လုပ်ငန်း၊ရာဘာ၊ အိုင်တီနည်းပညာ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဒီရေတော အစရှိသည့်လုပ်ငန်းများအတွက် အကျိုးရှိစေမည့် အသုံးချ သုတေသနလုပ်ငန်းများကို ပိုမိုဆောင်ရွက်စေလိုပါကြောင်း၊ ဆရာဆရာမများ အရည်အသွေး မြင့်မားမှသာလျှင် အရည်အသွေးပြည့်ဝသော လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးနိုင် မည်ဖြစ်ပါကြောင်း၊ မြိတ်တက္ကသိုလ်အနေဖြင့် ကမ္ဘာအဆင့်တက္ကသိုလ်များသတ်မှတ်ချက်တွင် ယခင်ကထက်ပိုမိုမြင့်မားလာသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဆက်လက်၍ မိမိတို့၏ တက္ကသိုလ်အရည်အသွေး ပိုမိုမြင့်မားရေးအတွက် အားလုံးညီညီ ညွှတ်ညွတ် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဌာနတွင်း စီမံခန့်ခွဲမှုများဖြစ်သည့် အတန်းခွေဲဝမှု၊ သင်ကြား သင်ယူမှု၊ စာမေးပွဲဆိုင်ရာများ၊ ကျမ်းကြီးကြပ်မှုနှင့်ငွေကြေးဆိုင်ရာကိစ္စရပ်စသည်များတို့ကို ဘက်လိုက်မှု မရှိဘဲနှင့် ဆရာမွေး တပည့်မွေး မလုပ်ဘဲ ကောင်းမွန်သန့်ရှင်းသော စိတ်စေတနာ အပြည့်ဖြင့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစဉ်းကမ်းများနှင့်အညီ အကျိုးရှိထိရောက်စွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မဂ္ဂဇင်းကြေး၊ပြက္ခဒိန်ကြေး၊ စာသောက်ဆိုင်ခန်းခများ၊ ဘွဲ့နှင်း သဘင်ကြေး၊ ဓာတ်ပုံတင်ဒါကြေး၊ ကျောင်းသုံးရည်ညွှန်း စာအုပ် စာတမ်းကြေးများ၊လက်တွေ့/နည်းပြ စာအုပ်ကြေး စသည့်ငွေကြေး များကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်း၊ စာရင်းစစ်စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆောင်ရွက်ကြ ရန်လိုအပ်ကြောင်း၊ ပါမောက္ခ/ ဌာနမှူးများက ဌာနရှိ ဆရာဆရာမများ၊ ၀န်ထမ်းများ၊ကျောင်းသား ကျောင်းသူများကို အပတ်စဉ် တွေ့ဆုံ၍ အခက်အခဲများ၊စိန်ခေါ်မှုများကို ညှိနှိုင်းဖြေရှင်းရန်နှင့် မဖြေ ရှင်းနိုင်သည့်ကိစ္စရပ်များကို ပါမောက္ခချုပ်ထံတင်ပြပြီး ပါမောက္ခချုပ်က အခက်အခဲရှိသော ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို အပတ်စဉ်တွေ့ဆုံညှိနှိုင်း ဖြေရှင်းရန်၊ ဆက်လက်ပြီး ပါမောက္ခချုပ်ကလည်း မဖြေရှင်းနိုင်သည့်အခက်အခဲ၊စိန်ခေါ်မှုများကို ပါမောက္ခချုပ်များကော်မတီနှင့် ပညာရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြရန် လိုအပ်ပါကြောင်း၊ အခက်အခဲ၊မပြည့်စုံမှု၊ ပြဿနာ စသည့် စိန်ခေါ်မှုများသည် လူတိုင်း၊နေရာတိုင်းတွင်ရှိပြီး ထိုပြဿနာ စိန်ခေါ်မှုများကို အကောင်းဆုံးဖြေရှင်းနိုင်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ ကျောင်းသား ကျောင်းသူများအား မတူကွဲပြားမှုများကို အပြန်အလှန်နားလည်ရေး၊ လေးစားတန်းဖိုးထား၍ ကူညီဖြည့်ဆည်းဆောင်ရွက် တတ်ရေး၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်ရေး၊ စာကြည့်တိုက် အသုံးပြု၍စာများများဖတ်ကာ သင်ယူတတ်ရေး၊ အားကစား၊ ဂီတ၊ အနုပညာစွမ်းရည်များ ဖွံ့ဖြိုး တိုးတက်စေရေး၊ တာဝန်ယူ၊တာဝန်ခံ ဆောင်ရွက်တတ်ရေး၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်း ရှိရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်တတ်ရေးအတွက် သင်ကြား သင်ယူ၊ လေ့ကျင့်ပေးရန်လိုပါကြောင်း၊ တက္ကသိုလ်များ အရည်အသွေးပိုမိုမြင့်မားလာရေး နိုင်ငံတကာ နှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘွဲ့ရ လူငယ်မောင်မယ်များ ပြုစုမွေးထုတ်ပေးနိုင်ရေးအတွက် အားလုံးဝိုင်း ၀န်းပူးပေါင်း ဆောင်ရွက်ပေးကြ စေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့်ဆရာဆရာမ၊ကျောင်းသားကျောင်းသူများက သိရှိလိုသည် များကို ဆွေးနွေးမေးမြန်း၍ ကျောင်းဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးစေလိုသည့် စာသင်ဆောင်၊ Lab ပစ္စည်းများ၊ စာကြည့်တိုက်၊အားကစားရုံ၊ အားကစားကွင်း၊ ထမင်းစားဆောင်၊၀န်ထမ်းအိမ်ရာများ၊ ဆိုင်ကယ်ရပ်နားရန်နေရာ၊ကျောင်းကြို/ပို့ယာဉ်များ ဖြည့်ဆည်းပေးနိုင်ရေးတင်ပြကြရာ ပြည် ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း၍ ပြန်လည် ဆွေးနွေးဖြေကြားသည်။ ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျှက် နည်းပညာတက္ကသိုလ် (မြိတ်)၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မြိတ်)နှင့် ကွန်ပျူတာတက္ကသိုလ်(မြိတ်)သို့ သွား ရောက်၍ ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်၊ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံကာ လက်ရှိဆောင်ရွက်နေသည့် သင်ကြားသင်ယူမှုအခြေအနေများ၊ ပြုပြင် ပြောင်းလဲဆောင်ရွက် နေမှုအခြေအနေများ၊ ဖြေရှင်းဆောင်ရွက်ရမည့် ကျူးကျော်မြေယာပြဿနာများ၊ လျှပ်စစ်မီးလိုအပ်ချက်၊အခက်အခဲ၊စိန်ခေါ်မှုများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ပညာရေး လုပ်ငန်းစဉ်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ အလားတူ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ၂၁၊၂၊၂၀၁၉ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)၊ ထားဝယ်ပညာရေးကောလိပ်၊ အစိုးရနည်းပညာအထက်တန်း ကျောင်း(ထားဝယ်)နှင့် ထားဝယ်တက္ကသိုလ်များသို့လည်းကောင်း၊ ၂၂၊၂၊၂၀၁၉ ရက်နေ့တွင် နည်းပညာတက္ကသိုလ်(ထားဝယ်)၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ကော့သောင်း)နှင့် ကော့သောင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းများသို့လည်းကောင်း သွား ရောက်၍ ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်၊ဆရာဆရာမများ၊၀န်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအား တွေ့ဆုံကာ ပညာရေးလုပ်ငန်းစဉ်များ၊ အခက်အခဲ၊ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်လုပ်ငန်းများကို ပေါင်းစပ်ညှိနိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ မန္တလေးမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ
နေပြည်တော် ၂၀၁၉ ဖေဖော်ဝါရီလ ၁၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်အဖွဲ့ ရတနာပုံတက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ၁၆၊ ၂၊ ၂၀၁၉ ရက်နေ့ နံနက် ၈ နာရီတွင် ရတနာပုံတက္ကသိုလ်၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဝင်းမော်ထွန်းနှင့် ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးတို့က အဆင့်မြင့်ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေမှုများ၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ပိုမိုကောင်းမွန်သော ပညာရေးစနစ်သို့ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာ၌ ကောင်းမွန်သောမူဝါဒ၊ လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်ဝသော လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးရာတွင် အဆင့်မြင့်ပညာကဏ္ဍရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များသည် လူမှုဝန်းကျင်တွင် လိုအပ်သော အသိပညာရှင်၊ အတတ်ပညာရှင် ဘွဲ့ရလူငယ်မောင်မယ်များကို ပြုစုပျိုးထောင် ပေးကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့၏တက္ကသိုလ် အရည်အသွေး ပိုမိုမြင့်မားရေးအတွက် အားလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဌာနတွင်းစီမံခန့်ခွဲမှုများဖြစ်သည့် အတန်းခွဲဝေမှု၊ သင်ကြားသင်ယူမှု၊ စာမေးပွဲဆိုင်ရာများ၊ ကျမ်းကြီးကြပ်မှုနှင့် ငွေကြေးဆိုင်ရာကိစ္စရပ် စသည်များတို့ကို ဘက်လိုက်မှုမရှိဘဲနှင့် ဆရာမွေးတပည့်မွေးမလုပ်ဘဲ ကောင်းမွန်သန့်ရှင်းသော စိတ်စေတနာအပြည့်ဖြင့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစဉ်းကမ်းများနှင့်အညီ အကျိုးရှိထိရောက်စွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မဂ္ဂဇင်းကြေး၊ ပြက္ခဒိန်ကြေး၊ စားသောက်ဆိုင်ခန်းခများ၊ ဘွဲ့နှင်းသဘင်ကြေး၊ ဓာတ်ပုံတင်ဒါကြေး၊ ကျောင်းသုံးရည်ညွှန်း စာအုပ်စာတမ်းကြေးများ၊ လက်တွေ့/နည်းပြ စာအုပ်ကြေး စသည့်ငွေကြေးများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ စာရင်းစစ်စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပါမောက္ခ/ ဌာနမှူးများက ဌာနရှိ ဆရာ ဆရာမများ၊ ၀န်ထမ်းများ၊ ကျောင်းသား ကျောင်းသူများကို အပတ်စဉ်တွေ့ဆုံ၍ အခက်အခဲများ၊ စိန်ခေါ်မှုများကို ညှိနှိုင်းဖြေရှင်းရန်နှင့် မဖြေရှင်းနိုင်သည့်ကိစ္စရပ်များကို ပါမောက္ခချုပ်ထံတင်ပြပြီး ပါမောက္ခချုပ်က အခက်အခဲရှိသော ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို အပတ်စဉ်တွေ့ဆုံ ညှိနှိုင်းဖြေရှင်းရန်၊ ဆက်လက်ပြီး ပါမောက္ခချုပ်ကလည်း မဖြေရှင်းနိုင်သည့်အခက်အခဲ၊ စိန်ခေါ်မှုများကို ပါမောက္ခ ချုပ်များကော်မတီနှင့် ပညာရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြရန် လိုအပ်ပါကြောင်း၊ အခက်အခဲ၊ မပြည့်စုံမှု၊ ပြဿနာစသည့် စိန်ခေါ်မှုများသည် လူတိုင်း၊ နေရာတိုင်းတွင်ရှိပြီး ထိုပြဿနာစိန်ခေါ်မှုများကို အကောင်းဆုံးဖြေရှင်းနိုင်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့၏ အင်္ဂလိပ်စာ၊ အိုင်စီတီ ကျွမ်းကျင်မှုနှင့် သင်ကြားသင်ယူမှု အရည်အသွေးမြင့်မားရေးတို့ကိုလည်း အမြဲမြှင့်တင်ဆောင်ရွက်နေကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအား မတူကွဲပြားမှုများကို အပြန်အလှန် နားလည်ရေး၊ လေးစားတန်းဖိုးထား၍ ကူညီဖြည့်ဆည်းဆောင်ရွက်တတ်ရေး၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်ရေး၊ စာကြည့်တိုက် အသုံးပြု၍ စာများများဖတ်ကာ သင်ယူတတ်ရေး၊ အားကစား၊ ဂီတ၊ အနုပညာ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်တတ်ရေး၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်တတ်ရေးအတွက် သင်ကြားသင်ယူ၊ လေ့ကျင့်ပေးရန်လိုပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချသုတေသန လုပ်ငန်းများဆောင်ရွက်ကြရန်နှင့် ရရှိလာသည့်သုတေသနရလဒ်များကို ပြည်တွင်း ပြည်ပသုတေသန ဂျာနယ်များတွင် ရေးသားဆောင်ရွက်ကြစေလိုပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတိုင်းတွင် အတော်ဆုံး ကျောင်းသား ကျောင်းသူများကို ဆရာ ဆရာမအဖြစ် ရွေးချယ်ဆောင်ရွက်နေကြပါကြောင်း၊ အတော်ဆုံးဆရာ၊ ဆရာမများ၊ အရည်အသွေးရှိသော ဆရာ ဆရာမများကသာ ထူးချွန်သော ကျောင်းသား ကျောင်းသူများကို မွေးထုတ်ပေးနိုင်မည်ဖြစ်၍ ဆရာ ဆရာမအဖြစ် အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို အားပေးပါကြောင်း၊ တက္ကသိုလ်များ အရည်အသွေးပိုမိုမြင့်မားလာရေး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များ ပြုစုမွေးထုတ်ပေးနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း စသည်ဖြင့်ပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားသည်။ ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျှက် မန္တလာဒီဂရီကောလိပ်၊ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များသို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံကာ ပညာရေးပြုပြင်ပြောင်းလဲ ဆောင်ရွက်နေမှု အခြေအနေများ၊ အားနည်းချက် အားသာချက်များ၊ ဖြေရှင်းဆောင်ရွက်ရမည့် အခက်အခဲ၊ စိန်ခေါ်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် ပညာရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။ အလားတူ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဝင်းမော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ၁၇၊၂၊၂၀၁၉ ရက်နေ့တွင် မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)၊ မန္တလေးကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်များသို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ၀န်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံကာ ပညာရေးလုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

Subscribe to:
Posts (Atom)