နေပြည်တော် ၂၀၁၉ ဖေဖော်ဝါရီလ ၁၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်အဖွဲ့ ရတနာပုံတက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ၁၆၊ ၂၊ ၂၀၁၉ ရက်နေ့ နံနက် ၈ နာရီတွင် ရတနာပုံတက္ကသိုလ်၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဝင်းမော်ထွန်းနှင့် ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးတို့က အဆင့်မြင့်ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေမှုများ၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ပိုမိုကောင်းမွန်သော ပညာရေးစနစ်သို့ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာ၌ ကောင်းမွန်သောမူဝါဒ၊ လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်ဝသော လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးရာတွင် အဆင့်မြင့်ပညာကဏ္ဍရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များသည် လူမှုဝန်းကျင်တွင် လိုအပ်သော အသိပညာရှင်၊ အတတ်ပညာရှင် ဘွဲ့ရလူငယ်မောင်မယ်များကို ပြုစုပျိုးထောင် ပေးကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့၏တက္ကသိုလ် အရည်အသွေး ပိုမိုမြင့်မားရေးအတွက် အားလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဌာနတွင်းစီမံခန့်ခွဲမှုများဖြစ်သည့် အတန်းခွဲဝေမှု၊ သင်ကြားသင်ယူမှု၊ စာမေးပွဲဆိုင်ရာများ၊ ကျမ်းကြီးကြပ်မှုနှင့် ငွေကြေးဆိုင်ရာကိစ္စရပ် စသည်များတို့ကို ဘက်လိုက်မှုမရှိဘဲနှင့် ဆရာမွေးတပည့်မွေးမလုပ်ဘဲ ကောင်းမွန်သန့်ရှင်းသော စိတ်စေတနာအပြည့်ဖြင့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစဉ်းကမ်းများနှင့်အညီ အကျိုးရှိထိရောက်စွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မဂ္ဂဇင်းကြေး၊ ပြက္ခဒိန်ကြေး၊ စားသောက်ဆိုင်ခန်းခများ၊ ဘွဲ့နှင်းသဘင်ကြေး၊ ဓာတ်ပုံတင်ဒါကြေး၊ ကျောင်းသုံးရည်ညွှန်း စာအုပ်စာတမ်းကြေးများ၊ လက်တွေ့/နည်းပြ စာအုပ်ကြေး စသည့်ငွေကြေးများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ စာရင်းစစ်စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပါမောက္ခ/ ဌာနမှူးများက ဌာနရှိ ဆရာ ဆရာမများ၊ ၀န်ထမ်းများ၊ ကျောင်းသား ကျောင်းသူများကို အပတ်စဉ်တွေ့ဆုံ၍ အခက်အခဲများ၊ စိန်ခေါ်မှုများကို ညှိနှိုင်းဖြေရှင်းရန်နှင့် မဖြေရှင်းနိုင်သည့်ကိစ္စရပ်များကို ပါမောက္ခချုပ်ထံတင်ပြပြီး ပါမောက္ခချုပ်က အခက်အခဲရှိသော ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို အပတ်စဉ်တွေ့ဆုံ ညှိနှိုင်းဖြေရှင်းရန်၊ ဆက်လက်ပြီး ပါမောက္ခချုပ်ကလည်း မဖြေရှင်းနိုင်သည့်အခက်အခဲ၊ စိန်ခေါ်မှုများကို ပါမောက္ခ ချုပ်များကော်မတီနှင့် ပညာရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြရန် လိုအပ်ပါကြောင်း၊ အခက်အခဲ၊ မပြည့်စုံမှု၊ ပြဿနာစသည့် စိန်ခေါ်မှုများသည် လူတိုင်း၊ နေရာတိုင်းတွင်ရှိပြီး ထိုပြဿနာစိန်ခေါ်မှုများကို အကောင်းဆုံးဖြေရှင်းနိုင်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့၏ အင်္ဂလိပ်စာ၊ အိုင်စီတီ ကျွမ်းကျင်မှုနှင့် သင်ကြားသင်ယူမှု အရည်အသွေးမြင့်မားရေးတို့ကိုလည်း အမြဲမြှင့်တင်ဆောင်ရွက်နေကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအား မတူကွဲပြားမှုများကို အပြန်အလှန် နားလည်ရေး၊ လေးစားတန်းဖိုးထား၍ ကူညီဖြည့်ဆည်းဆောင်ရွက်တတ်ရေး၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်ရေး၊ စာကြည့်တိုက် အသုံးပြု၍ စာများများဖတ်ကာ သင်ယူတတ်ရေး၊ အားကစား၊ ဂီတ၊ အနုပညာ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်တတ်ရေး၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်တတ်ရေးအတွက် သင်ကြားသင်ယူ၊ လေ့ကျင့်ပေးရန်လိုပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချသုတေသန လုပ်ငန်းများဆောင်ရွက်ကြရန်နှင့် ရရှိလာသည့်သုတေသနရလဒ်များကို ပြည်တွင်း ပြည်ပသုတေသန ဂျာနယ်များတွင် ရေးသားဆောင်ရွက်ကြစေလိုပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတိုင်းတွင် အတော်ဆုံး ကျောင်းသား ကျောင်းသူများကို ဆရာ ဆရာမအဖြစ် ရွေးချယ်ဆောင်ရွက်နေကြပါကြောင်း၊ အတော်ဆုံးဆရာ၊ ဆရာမများ၊ အရည်အသွေးရှိသော ဆရာ ဆရာမများကသာ ထူးချွန်သော ကျောင်းသား ကျောင်းသူများကို မွေးထုတ်ပေးနိုင်မည်ဖြစ်၍ ဆရာ ဆရာမအဖြစ် အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို အားပေးပါကြောင်း၊ တက္ကသိုလ်များ အရည်အသွေးပိုမိုမြင့်မားလာရေး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များ ပြုစုမွေးထုတ်ပေးနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း စသည်ဖြင့်ပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားသည်။ ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျှက် မန္တလာဒီဂရီကောလိပ်၊ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များသို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံကာ ပညာရေးပြုပြင်ပြောင်းလဲ ဆောင်ရွက်နေမှု အခြေအနေများ၊ အားနည်းချက် အားသာချက်များ၊ ဖြေရှင်းဆောင်ရွက်ရမည့် အခက်အခဲ၊ စိန်ခေါ်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် ပညာရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။ အလားတူ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဝင်းမော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ၁၇၊၂၊၂၀၁၉ ရက်နေ့တွင် မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မန္တလေး)၊ မန္တလေးကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်များသို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ၀န်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံကာ ပညာရေးလုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment