Thursday, March 7, 2019

ပည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ တနင်္သာရီ တိုင်းဒေသကြီးရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်၊ကောလိပ်၊ အစိုးရနည်းပညာ အထက်တန်းကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်၊ဆရာ/မများ၊ကျောင်းသား/သူများနှင့်တွေ့ဆုံ

နေပြည်တော် ၂၀၁၉ ဖေဖော်ဝါရီလ ၂၃


ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့်အဖွဲ့သည် မြိတ်တက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့်ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ၂၃၊ ၂၊ ၂၀၁၉ ရက်နေ့ နံနက် ၁၁ နာရီတွင် မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနီနီဦးက မြိတ်တက္ကသိုလ်၏ဖွဲ့စည်းပုံ၊ သင်ကြားသင်ယူနေမှုအခြေအနေများနှင့် ဆောင်ရွက်နေသည့်ပညာရေးလုပ်ငန်းများကို ရှင်းလင်း တင်ပြသည်။ ထို့နောက် နည်းပညာ၊သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်၊ ပါမောက္ခချုပ်များကော်မတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာကြည်စိုးတို့က  ပညာရေး ပြုပြင်ပြောင်းလဲဆောင်ရွက် နေမှုများ၊ ကမ္ဘာ့တက္ကသိုလ်အဆင့် သတ်မှတ်ချက်များ၊ တက္ကသိုလ်ပဋိဥာဏ်ရေးဆွဲဆောင်ရွက်မှုများ၊ အရည်အသွေးအာမခံမှု၊ သုတေသန၊ နိုင်ငံတကာတက္ကသိုလ်များနှင့်ပူးပေါင်းဆောင်ရွက်မှုများ၊ ပါမောက္ခချုပ်များကော်မတီ၏ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့်ပညာရေးဝန်ကြီးဦးဟိုပင်က ဆရာနှင့်ကျောင်းသား နွေးထွေးစွာ ပူးပေါင်းလက်တွဲ၍ အရည်အသွေးရှိသောပညာရေးစနစ်ဖော် ဆောင်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆလုံတိုင်းရင်းသား ကျောင်းသားကျောင်းသူများ တက္ကသိုလ် ပညာသင်ယူခွင့်ရရှိနိုင်ရေးအတွက် ၀ိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြော ကြားသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင်  ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲဆောင်ရွက်ရာတွင် အမျိုး သားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)အရ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပညာရေးစနစ်ကြီးတစ်ခုလုံး၏ အခြေခံဖောင်ဒေးရှင်းသည် အခြေခံပညာရေး ဖြစ်ပါကြောင်း၊ အခြေခံပညာရေးတွင် KG+12 ပညာရေးစနစ်ကို ဖော်ဆောင်လျက်ရှိပြီး ကျောင်းသုံးဖတ်စာအုပ်များ အသစ်ပြုစုခြင်း၊ ဆရာဆရာမများအား သင်ကြားသင်ယူမှုနည်းစနစ်များ ပို့ချခြင်း၊ အရည်အသွေးမြှင့်သင်တန်းများဖွင့်လှစ်ခြင်း၊ ကျောင်းများ၏လိုအပ်ချက်များ အခက်အခဲများ ဖြည့်ဆည်းဖြေရှင်းပေးခြင်းစသည်ဖြင့် ပြုပြင်ပြောင်းလဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍတွင် တက္ကသိုလ်များအရည်အသွေးမြင့်မားရေးအတွက် ဆရာ ဆရာမများ၏အရည်အသွေးမြင့်မားအောင် အမြဲမပြတ်ကြိုးစားဆောင်ရွက်ကြရန် လိုပါကြောင်း၊ မိမိတို့၏ အင်္ဂလိပ်စာ၊အိုင်စီတီ ကျွမ်းကျင်မှုနှင့်သင်ကြားသင်ယူမှု အရည်အသွေး မြင့်မားရေးတို့ကို မြှင့်တင်ဆောင်ရွက်ပြီး ဒေသအတွက် အကြိုးရှိထိရောက်သော အသုံးချသုတေသန လုပ်ငန်းများကို ဆောင်ရွက်စေလိုပါကြောင်း၊အထူးသဖြင့် ဒေသတွင်းလိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးမွေးမြူရေး၊ ရေလုပ် ငန်း၊ ခရီးသွား၊သတ္ထုတွင်း၊ဈေးကွက်စီးပွားရေး၊ဘဏ်လုပ်ငန်း၊ရာဘာ၊ အိုင်တီနည်းပညာ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဒီရေတော အစရှိသည့်လုပ်ငန်းများအတွက် အကျိုးရှိစေမည့် အသုံးချ သုတေသနလုပ်ငန်းများကို ပိုမိုဆောင်ရွက်စေလိုပါကြောင်း၊ ဆရာဆရာမများ အရည်အသွေး မြင့်မားမှသာလျှင်  အရည်အသွေးပြည့်ဝသော လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးနိုင် မည်ဖြစ်ပါကြောင်း၊ မြိတ်တက္ကသိုလ်အနေဖြင့် ကမ္ဘာအဆင့်တက္ကသိုလ်များသတ်မှတ်ချက်တွင် ယခင်ကထက်ပိုမိုမြင့်မားလာသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဆက်လက်၍ မိမိတို့၏ တက္ကသိုလ်အရည်အသွေး ပိုမိုမြင့်မားရေးအတွက် အားလုံးညီညီ ညွှတ်ညွတ် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဌာနတွင်း စီမံခန့်ခွဲမှုများဖြစ်သည့် အတန်းခွေဲဝမှု၊ သင်ကြား သင်ယူမှု၊ စာမေးပွဲဆိုင်ရာများ၊ ကျမ်းကြီးကြပ်မှုနှင့်ငွေကြေးဆိုင်ရာကိစ္စရပ်စသည်များတို့ကို ဘက်လိုက်မှု မရှိဘဲနှင့် ဆရာမွေး တပည့်မွေး မလုပ်ဘဲ ကောင်းမွန်သန့်ရှင်းသော စိတ်စေတနာ အပြည့်ဖြင့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစဉ်းကမ်းများနှင့်အညီ အကျိုးရှိထိရောက်စွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မဂ္ဂဇင်းကြေး၊ပြက္ခဒိန်ကြေး၊ စာသောက်ဆိုင်ခန်းခများ၊ ဘွဲ့နှင်း သဘင်ကြေး၊ ဓာတ်ပုံတင်ဒါကြေး၊ ကျောင်းသုံးရည်ညွှန်း စာအုပ် စာတမ်းကြေးများ၊လက်တွေ့/နည်းပြ စာအုပ်ကြေး စသည့်ငွေကြေး များကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်း၊ စာရင်းစစ်စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆောင်ရွက်ကြ ရန်လိုအပ်ကြောင်း၊ ပါမောက္ခ/ ဌာနမှူးများက ဌာနရှိ ဆရာဆရာမများ၊ ၀န်ထမ်းများ၊ကျောင်းသား ကျောင်းသူများကို အပတ်စဉ် တွေ့ဆုံ၍ အခက်အခဲများ၊စိန်ခေါ်မှုများကို ညှိနှိုင်းဖြေရှင်းရန်နှင့် မဖြေ ရှင်းနိုင်သည့်ကိစ္စရပ်များကို ပါမောက္ခချုပ်ထံတင်ပြပြီး ပါမောက္ခချုပ်က အခက်အခဲရှိသော ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို အပတ်စဉ်တွေ့ဆုံညှိနှိုင်း ဖြေရှင်းရန်၊ ဆက်လက်ပြီး ပါမောက္ခချုပ်ကလည်း မဖြေရှင်းနိုင်သည့်အခက်အခဲ၊စိန်ခေါ်မှုများကို ပါမောက္ခချုပ်များကော်မတီနှင့် ပညာရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြရန် လိုအပ်ပါကြောင်း၊ အခက်အခဲ၊မပြည့်စုံမှု၊ ပြဿနာ စသည့် စိန်ခေါ်မှုများသည် လူတိုင်း၊နေရာတိုင်းတွင်ရှိပြီး ထိုပြဿနာ စိန်ခေါ်မှုများကို အကောင်းဆုံးဖြေရှင်းနိုင်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ ကျောင်းသား ကျောင်းသူများအား မတူကွဲပြားမှုများကို အပြန်အလှန်နားလည်ရေး၊ လေးစားတန်းဖိုးထား၍ ကူညီဖြည့်ဆည်းဆောင်ရွက် တတ်ရေး၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်ရေး၊ စာကြည့်တိုက် အသုံးပြု၍စာများများဖတ်ကာ သင်ယူတတ်ရေး၊ အားကစား၊ ဂီတ၊ အနုပညာစွမ်းရည်များ ဖွံ့ဖြိုး တိုးတက်စေရေး၊ တာဝန်ယူ၊တာဝန်ခံ ဆောင်ရွက်တတ်ရေး၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်း ရှိရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်တတ်ရေးအတွက် သင်ကြား သင်ယူ၊ လေ့ကျင့်ပေးရန်လိုပါကြောင်း၊ တက္ကသိုလ်များ အရည်အသွေးပိုမိုမြင့်မားလာရေး နိုင်ငံတကာ နှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘွဲ့ရ လူငယ်မောင်မယ်များ ပြုစုမွေးထုတ်ပေးနိုင်ရေးအတွက် အားလုံးဝိုင်း ၀န်းပူးပေါင်း ဆောင်ရွက်ပေးကြ စေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့်ဆရာဆရာမ၊ကျောင်းသားကျောင်းသူများက သိရှိလိုသည် များကို ဆွေးနွေးမေးမြန်း၍ ကျောင်းဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးစေလိုသည့် စာသင်ဆောင်၊ Lab ပစ္စည်းများ၊ စာကြည့်တိုက်၊အားကစားရုံ၊ အားကစားကွင်း၊ ထမင်းစားဆောင်၊၀န်ထမ်းအိမ်ရာများ၊ ဆိုင်ကယ်ရပ်နားရန်နေရာ၊ကျောင်းကြို/ပို့ယာဉ်များ ဖြည့်ဆည်းပေးနိုင်ရေးတင်ပြကြရာ  ပြည် ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း၍ ပြန်လည် ဆွေးနွေးဖြေကြားသည်။ ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျှက် နည်းပညာတက္ကသိုလ် (မြိတ်)၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မြိတ်)နှင့် ကွန်ပျူတာတက္ကသိုလ်(မြိတ်)သို့ သွား  ရောက်၍ ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်၊ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံကာ လက်ရှိဆောင်ရွက်နေသည့် သင်ကြားသင်ယူမှုအခြေအနေများ၊ ပြုပြင် ပြောင်းလဲဆောင်ရွက် နေမှုအခြေအနေများ၊  ဖြေရှင်းဆောင်ရွက်ရမည့် ကျူးကျော်မြေယာပြဿနာများ၊ လျှပ်စစ်မီးလိုအပ်ချက်၊အခက်အခဲ၊စိန်ခေါ်မှုများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ပညာရေး လုပ်ငန်းစဉ်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ အလားတူ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ၂၁၊၂၊၂၀၁၉ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)၊ ထားဝယ်ပညာရေးကောလိပ်၊ အစိုးရနည်းပညာအထက်တန်း ကျောင်း(ထားဝယ်)နှင့် ထားဝယ်တက္ကသိုလ်များသို့လည်းကောင်း၊ ၂၂၊၂၊၂၀၁၉ ရက်နေ့တွင် နည်းပညာတက္ကသိုလ်(ထားဝယ်)၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ကော့သောင်း)နှင့် ကော့သောင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းများသို့လည်းကောင်း သွား ရောက်၍ ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ်များ၊  ကျောင်းအုပ်၊ဆရာဆရာမများ၊၀န်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအား တွေ့ဆုံကာ ပညာရေးလုပ်ငန်းစဉ်များ၊ အခက်အခဲ၊ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်လုပ်ငန်းများကို ပေါင်းစပ်ညှိနိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment