Monday, September 30, 2019

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အခြေခံပညာအဆင့် အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်း မူဝါဒစာအုပ်များ စတင်ဖြန့်ဝေခြင်း အခမ်းအနားသို့ တက်ရောက်

နေပြည်တော် ၂၀၁၉ စက်တင်ဘာ ၂၇
ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ကျင်းပသောအခြေခံပညာအဆင့် အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒ စတင်ဖြန့်ဝေခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီခွဲတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီအဖွဲ့ဝင်၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီ၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီ၊ ပါမောက္ခချုပ်များကော်မတီတို့မှ အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပညာရေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပညာရေးကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ ဥရောပသမဂ္ဂနှင့် ယူနက်စကိုတို့မှ ဌာနေကိုယ်စားလှယ်များအပါအဝင် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ လူထုအခြေပြုလူမှုအဖွဲ့ အစည်းများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆရာများအဖွဲ့ချုပ်၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၆ခုနှစ်မှစ၍ သူငယ်တန်း+၁၂ (KG+12) အခြေခံပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော်ခဲ့ရာ သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းနှင့် ဆဋ္ဌမတန်းတို့ကို သင်ရိုးသစ်များဖြင့် ပြဋ္ဌာန်းသင်ကြားနိုင်ခဲ့ပြီး ရလဒ်ကောင်းများ ရရှိနေပြီဖြစ်ပါကြောင်း၊ အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒတစ်ခု ပြုစုချမှတ်နိုင်ရေးအတွက် အမျိုးသားပညာရေး မူဝါဒကော်မရှင်က အခြေခံပညာမူလတန်းအဆင့် ကျောင်းသားများ၏ တတ်မြောက်မှုစစ်ဆေး အကဲဖြတ်ခြင်းဆိုင်ရာ အညွှန်းဘောင်ကိုရေးဆွဲပြီး ၂၀၁၇ခုနှစ်၊ ဩဂုတ်လ (၁၂)ရက်နေ့တွင် အတည်ပြုချမှတ်ကာ မူလတန်းသင်ရိုးသစ်များအတွက် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဒါ့အပြင် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (NESP) အခန်း(၈) မဟာဗျူဟာ(၁) လုပ်ငန်းစဉ်(၁)တွင် အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒတစ်ရပ် ရေးဆွဲပြဋ္ဌာန်းရန် လမ်းညွှန်ထားပါကြောင်း၊ အမျိုးသားပညာရေးဥပဒေ (၂၀၁၄)ပါ ပညာရေးရည်မှန်းချက် အပိုဒ်(က)မှာ တွေးတောကြံဆဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်ပြည်‌့စုံသည့် နိုင်ငံသားကောင်းများ ဖြစ်ထွန်းရေးကို ဦးတည်လေ့ကျင့်ပေးရန်ဟု ဖော်ပြထားပါကြောင်း၊ နိုင်ငံတကာတွင်လည်း ကျောင်းသားများကို အသိပညာ (Knowledge) သာမက ကိုယ်ရည်ကိုယ်သွေး ကျွမ်းကျင်မှုများ (Soft Skills) သို့မဟုတ် ၂၁ ရာစု ကျွမ်းကျင်မှုများ (21st Century Skills) သင်ကြားလေ့ကျင့်ပေးရန်အတွက် ဆောင်ရွက်နေသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ဥရောပသမဂ္ဂ၏ ဘဏ္ဍာရေးထောက်ပံ့မှုအရ ဆောင်ရွက်ရမည့် အညွှန်းကိန်းများထဲမှာ အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒ အတည်ပြုနိုင်မှုကို ထည်‌့သွင်းထားပါကြောင်း၊ ယခုအခမ်းအနားသည် အညွှန်းကိန်းအမှတ်(၄)ကို ဖြည့်ဆည်းပေးနိုင်သည့်အတွက် သတ်မှတ်ထားသည်‌့ အထောက်အပံများ ဆက်လက်ရရှိ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါကြောင်း၊ ယခုဖြန့်ဝေမည့် အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒစာအုပ်များကို အခြေခံကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် သင်ကြားရေးနှင့်သက်ဆိုင်သော ပညာရေးဝန်ထမ်းများအားလုံးကို ဖြန့်ဝေပေးရန်အတွက် သက်ဆိုင်ရာခရိုင်ရုံးများအရောက် ပေးပို့ထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ပညာရေးတက္ကသိုလ်များ၊ ပညာရေးကောလိပ်များမှ ဆရာဆရာမများ၊ ဆရာ၊ ဆရာမသင်တန်းသားများအားလုံးကို ဖြန့်ဝေပေးရန်အတွက်လည်း ပေးပို့ထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ www.myanmarexam.org Website တွင်လည်း လွှင့်တင်ပေးမှာဖြစ်ပြီး ကွန်ပျူတာ၊ တက်ဘလက်၊ ဖုန်းများနှင့် ကူးယူထည့်သွင်းကြည့်ရှုနိုင်မည် ဖြစ်ပါကြောင်း၊ ယခုအမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒပြီးလျှင် အမျိုးသာပညာရည် စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒ အကောင်အထည်ဖော်ရေး လမ်းညွှန်ချက်များ (Assessment Guidelines) ကို ပြုစုပြီး ယခုလိုဖြန့်ဝေပေးနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒနှင့်အညီ ပညာရည်စစ်ဆေးအကဲဖြတ်မှုများကို ဆောင်ရွက်နိုင်ခြင်းဖြင့် ကျောင်းသားများ ပညာပြည်‌့ဝနှလုံးလှသော နိုင်ငံ့အကျိုးပြုမျိုးဆက်သစ်များ ပြုစုပျိုးထောင်ပေးနိုင်ကြပါစေကြောင်း စသည်ဖြင့် ပြောကြားသည်။ ဆက်လက်၍ အမျိုးသားပညာရေးမူဝါဒကော်မရှင် အဖွဲ့ဝင် ဆရာကြီးဒေါက်တာဝင်းအောင်က မူဝါဒစာအုပ်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဥရောပသမဂ္ဂမှ ကိုယ်စားလှယ် Elodie Maria-Subeနှင့် ADB မှ Christopher A. Spohrတို့က ဝမ်းမြောက်စကား ပြောကြသည်။ ယင်းနောက် အခြေခံပညာအဆင့် ပညာရည်စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒကို Website တွင် စတင်လွှင့်တင်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်း၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် တာဝန်ရှိသူများက အခြေခံပညာအဆင့် ပညာရည်စစ်ဆေး အကဲဖြတ်ခြင်းမူဝါဒစာအုပ်ကို သက်ဆိုင်ရာကိုယ်စားလှယ်များအား စတင်ဖြန့်ဝေပေးကြပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြပြီး အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။




Monday, September 23, 2019

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အခြေခံပညာကျောင်းများမှ ထူးချွန်စွာအောင်မြင်ခဲ့သော ပြည်ထောင်စုအဆင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်ကျောင်းများအား ဆုချီးမြှင့်သည့် အခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၂ဝ ၂၀၁၉ ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အခြေခံပညာကျောင်းများမှ ပြည်ထောင်စုအဆင့် ထူးချွန်စွာအောင်မြင်ခဲ့သော သိပ္ပံဘာသာတွဲ၊ သိပ္ပံနှင့်ဝိဇ္ဇာ ပေါင်းစည်းဘာသာတွဲနှင့် ဝိဇ္ဇာဘာသာတွဲမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်ကျောင်းများအား ဆုချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ တက်ရောက်၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဦးမင်းသူ၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးသာဦး၊ ဦးဝင်းမော်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါ်နော်မြစေး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ် များ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ပညာရေးမှူးများ၊ ထူးချွန်ဆုရရှိသော ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ထူးချွန်ဆုရရှိသောကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။အခမ်းအနားကို ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း မှ ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ် ကြသည်။ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းပြောကြားရာတွင် "ယခု ခန်းမအတွင်းမှာ ပညာကိုတန်ဖိုးထားသူများနဲ့အတူ ရောက်ရှိနေရတဲ့အတွက် အင်မတန် ဝမ်းသာဂုဏ်ယူမိပါတယ်။ ပညာကို တန်ဖိုးထားတယ်ဆိုတာ၊ လူသားတွေရဲ့ ဆင်ခြင်တုံ တရား၊ လူသားတွေရဲ့ မိမိတို့ဘဝ ပတ်ဝန်းကျင်ရဲ့ အခက်အခဲ စိန်ခေါ်မှုတွေ၊ မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအားနည်းမှု၊ ချွတ်ယွင်းချက်တွေကို ရင်ဆိုင်ကျော်လွှားနိုင် တဲ့ စွမ်းအားကို ယုံကြည်လေးစားတာပဲဖြစ်ပါတယ်။ ယနေ့ တက္ကသိုလ်ဝင်စာမေးပွဲများက ထွက်ပေါ်လာတဲ့ ထူးချွန်ကျောင်းသူကျောင်းသားများနဲ့ ထူးချွန်ကျောင်းများကို နိုင်ငံတော် က ဆုများချီးမြှင့်တာဟာ ဒီစွမ်းအားကို ဂုဏ်ပြုတာပဲဖြစ်ပါတယ်။"ကျွန်မတို့အစိုးရဟာ ပြည်သူတွေရဲ့စွမ်းအားကို ယုံကြည်အားကိုးပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းဖို့၊ ဖွံ့ဖြိုးတိုးတက်သာယာဖို့ ကြိုးပမ်းနေပါတယ်။ အနာဂတ်အတွက် အထိရောက်ဆုံး အာမခံဖြစ်တဲ့ ပညာရေးကို အထူးအလေးထားရာမှာ အောင်ချက်၊ အောင်မှတ်တွေကိုသာ အာရုံစိုက်ဖို့ ကျဉ်းမြောင်းတဲ့ အမြင်နဲ့ မဟုတ်ဘဲ၊ နိုင်ငံအတွက် ရေရှည်မျှော်မှန်းချက်တွေကို အကောင်အထည်ဖော် တဲ့နေရာမှာ တကယ့်ကို အထောက်အကူဖြစ်စေမယ့် အရည်အချင်းတွေ မွေးထုတ်ပေး ဖို့ ဦးတည်ပါတယ်။ ဒီလိုဆို ဒီကနေ့ ဘာကြောင့် ထူးချွန်ကျောင်းသူ၊ ကျောင်းသားများ၊ ထူးချွန်ကျောင်းများကို ဆုတွေချီးမြှင့်ပြီး ဂုဏ်ပြုကြတာလဲလို့ မေးနိုင်ပါတယ်။"ပညာရေးတိုးတက်မှုကို သုံးသပ်တဲ့အခါမှာ အောင်ချက်တွေ၊ အောင်မှတ်တွေ ဟာ ထင်ရှားတဲ့ အတိုင်းအထွာတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံပညာရေး ထွန်းတောက်ဖို့အတွက် ကျောင်းတွေရဲ့ အားထုတ်မှု၊ ကျောင်းသူ ကျောင်းသားတွေရဲ့ စိတ်ပါဝင် စားတက်ကြွမှု အရေးပါခြင်းကို အသိအမှတ်ပြုခြင်းပဲဖြစ်ပါတယ်။ ကျောင်းများ နဲ့ ကျောင်းသူ၊ ကျောင်းသားများ အရည်အချင်းမြင့်လာခြင်းဟာ နိုင်ငံရဲ့တိုးတက် ဖွံ့ဖြိုးမှုကိုလည်း ရောင်ပြန်ဟပ်တဲ့ သဘောလည်း ရှိပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေး တိုးတက်မှု ညွှန်းကိန်းတစ်ရပ် ဖြစ်ပါတယ်။"တက္ကသိုလ်ဝင်စာမေးပွဲများမှာ ဝင်ဖြေခဲ့ကြတဲ့ ကျောင်းသူ၊ ကျောင်းသား အရေအတွက်၊ အောင်ချက်၊ အောင်နှုန်း၊ ဂုဏ်ထူးအဆင့်နဲ့ အောင်မြင်ခဲ့ကြတဲ့ အတိုင်းအတာ၊ ဒါတွေအားလုံးကို လေ့လာပြီး ကျွန်မတို့နိုင်ငံ လျှောက်လှမ်းနေတဲ့ ပညာလမ်း အခြေ အနေကို သုံးသပ်ကြပါတယ်။ ဒါသာမက ဘယ်ဘာသာရပ်တွေမှာ ကျွန်မတို့လူငယ်တွေ ဘယ်ဘက်မှာ အားသန်သလဲ၊ ဘယ်ဘက်မှာ အားနည်းသလဲ။ အမျိုးသားလေးတွေနဲ့ အမျိုးသမီးလေးတွေ၊ ဘယ်သူတွေ အောင်နှုန်း၊ ဂုဏ်ထူးရနှုန်းတွေ ပိုများသလဲ။ ထူးချွန် ကျောင်းသူ ကျောင်းသားတွေက ဘယ်လိုကျောင်းတွေကလဲ စတဲ့ အချက်အလက်တွေ ကို လေ့လာပြီး ကျွန်မတို့နိုင်ငံရဲ့ လူမှုရေးအခြေအနေတွေကို မှန်းဆလို့ရပါတယ်။ ကျွန်မ မကြာခဏပြောပါတယ်။ ယောင်္ကျားလေးများဟာ မိန်းကလေးများလောက် ကျောင်းမှာ မထူးချွန်ခဲ့တာဟာ နည်းနည်းကြာလာပါပြီ။ ဒါဟာ ကျွန်မတို့အတွက် စိုးရိမ်စရာတစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ လူ့အသိုင်းအဝိုင်းမှာဆိုရင် အမျိုးသား တွေရော၊ အမျိုးသမီးတွေရော အားလုံးတန်းတူညီတူ တိုးတက်စေချင်တယ်။ ဖွံ့ဖြိုးစေ ချင်ပါတယ်။ ဒါကြောင့် ကျွန်မတို့က ကျောင်းသူ ကျောင်းသားတွေထဲမှာ ဘယ်သူတွေက ပိုပြီး ထူးထူးချွန်ချွန်ရှိသလဲ၊ ဘယ်သူတွေက ပညာရေးမှာ စိတ်ပါဝင်စားမှုရှိသလဲ ဆိုတာ ကိုလည်း အထူးအလေးထားပြီးလေ့လာတာ ဖြစ်ပါတယ်။"တက္ကသိုလ်ဝင် စာမေးပွဲတွေရဲ့ အရေးပါမှုဟာ လူမှုရေးသာမက၊ စီးပွားရေး၊ နိုင်ငံရေးတို့နဲ့လည်း ဆက်နွယ်နေပါတယ်။ ကလေးများ အသက်(၅) နှစ်မှစပြီး ကျောင်း တက်ပညာရှာကြရတဲ့ အကြောင်းရင်းကတော့ နောင်အနာဂတ် လူကြီးဖြစ်လာတဲ့အခါ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘဝကိုရပ်တည်နိုင်ဖို့ပါပဲ။ တစ်နည်းပြောရရင် ကိုယ့်ဝမ်းစာ ကိုယ်ရှာနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျောင်းများက သင်ပေးလိုက်တဲ့ ပညာတွေဟာ နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး အနေအထား လိုအပ်ချက်တွေနဲ့ ကိုက်ညီဖို့ အရေးကြီး ပါတယ်။ ဒီအနေအထား၊ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် ကျွန်မတို့ အမျိုးသားရေး ပညာမဟာဗျူဟာစီမံကိန်းကို ရေးဆွဲထားတာဖြစ်ပါတယ်။ စီမံကိန်း အကောင်အထည် ဖော်မှု ဘယ်အတိုင်းအတာအထိ အောင်မြင်လဲဆိုတာ သုံးသပ်တဲ့အခါ တက္ကသိုလ်ဝင် စာမေးပွဲများ ရလဒ်တွေကို ထည့်သွင်းစဉ်းစားရပါတယ်။"ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရလဒ်တွေကို လေ့လာရာမှာ အချက်အချို့ကို သတိပြုမိပါတယ်။ စာမေးပွဲဖြေဆိုသူများလာပေမဲ့ အောင်နှုန်း မတက်သေးတာ၊ တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေအကြား အောင်နှုန်းကွာခြားမှုတွေရှိနေတာ၊ ကျောင်းသူ၊ ကျောင်းသားများ သိပ္ပံ၊ သင်္ချာဘာသာရပ်များမှာ အားကောင်းလာတာ၊ အမျိုးသား များသိပ္ပံ၊ သင်္ချာဘာသာရပ်များမှာ ယခင်နှစ်များနဲ့ နှိုင်းယှဉ်လိုက်ရင် သိသာစွာ ထူးချွန်လာတာ၊ ထူးချွန်ကျောင်းသူ၊ ကျောင်းသားအများက ပုဂ္ဂလိကကျောင်းများက ဖြစ်နေတာ စသဖြင့် ကျေနပ်စရာလေးများ ရှိသလို၊ ပြုပြင်စရာတွေလည်း အတော်များနေသေးတာကို တွေ့ရပါတယ်။"ကြိုးစားအားထုတ်လို့ ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားတွေ၊ ဘယ်ကျောင်းကပဲဖြစ်ဖြစ် ဆုချီးမြှင့်ဂုဏ်ပြုရတာ နိုင်ငံအတွက် ပီတိဖြစ်စရာပါပဲ။ ဒါပေမယ့်လည်း အစိုးရကျောင်းများက ထူးချွန် ကျောင်းသူကျောင်းသားများ ပိုမို မွေးထုတ်တာကို မြင်ချင်ပါတယ်။ ဒီလိုပြောရခြင်းဟာ ပုဂ္ဂလိကကျောင်းတွေကို မလို လားလို့ မဟုတ်ပါဘူး။ ကျွန်မကိုယ်တိုင် ပုဂ္ဂလိကကျောင်းတွေမှာ ပညာသင်ခဲ့တာပါ။ ပုဂ္ဂလိကကျောင်းတွေရဲ့ကဏ္ဍကို အသိအမှတ်ပြု တန်ဖိုးထားပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ အနာဂတ်၊ လူမှုရေး၊ နိုင်ငံရေး ကောင်းမွန်တည်ငြိမ်ဖို့အတွက် လိုအပ်ချက်အနေနဲ့ အများ တက်ကြတဲ့ အစိုးရကျောင်းများ အရည်အသွေးမြင့်မားပြီး ထူးချွန်ကျောင်းသူ၊ ကျောင်းသားများ မွေးထုတ်နိုင်စွမ်းအား ကောင်းတာကို မြင်ချင်တာဖြစ်ပါတယ်။ အကောင်းဆုံး ပညာသင်ကြားရေးကို အများရရှိနိုင်တဲ့ စနစ်ရှိခြင်းဟာ နိုင်ငံရဲ့ တိုးတက်မှုနဲ့ အေးချမ်းတည်ငြိမ်မှုကို အားပေးပါတယ်။ မိသားစုရဲ့ ဓနအင်အားများသည် နည်းသည်ဖြစ်စေ၊ ထက်မြက်တဲ့ကလေးများ ထူးချွန်နိုင်ဖို့အတွက် အခွင့်အရေး အပြည့်အဝ ပေးခြင်းဖြင့် နိုင်ငံရဲ့ငုပ်နေတဲ့စွမ်းအားတွေ ဖူးပွင့်ဝေဆာလာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ထူးချွန်ကျောင်းသူ ကျောင်းသားများကို ဂုဏ်ပြုခြင်းနဲ့အတူ ထူးချွန်နိုင်ငံတော် ကျောင်းများကိုလည်း ဂုဏ်ပြုတာဖြစ်ပါတယ်။"ကျောင်းများထူးချွန်ဖို့ရာ အစိုးရတစ်ခုတည်းက ဆောင်ရွက်ရုံနဲ့ မလုံလောက် ပါဘူး။ ဆရာမိဘများ၊ ပညာရေးကိုအားပေးဖို့ စိတ်အားထက်သန်တဲ့ ပြည်သူ ပြည် သားများ၊ နိုင်ငံ့မိတ်ဆွေများအားလုံးရဲ့ အကူအညီလိုအပ်ပါတယ်။ ဖွံ့ဖြိုးစနိုင်ငံ တစ်နိုင်ငံ ရဲ့ အခက်အခဲ အကန့်အသတ်တွေကြားက ကျောင်းများ အရည်အချင်းမြှင့်တင်ဖို့ ကြိုးစားရာမှာ ပထမဦးဆုံး ဆရာ၊ ဆရာမများရဲ့ စေတနာနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အင်မတန် အရေးကြီးပါတယ်။ မချမ်းသာတဲ့ တောက ကျောင်းလေးတွေမှာ တောင်မှ ဆရာ၊ ဆရာမများရဲ့ စိတ်စေတနာက ပေါက်ဖွားလာတဲ့ ကြံစည်တီထွင်မှု၊ ဝီရိယ စိုက်ထုတ်မှု များကြောင့် ကျောင်းသူ၊ကျောင်းသားလေးများ ပျော်ရွှင်စွာ ပညာသင်ယူပြီး ထူးချွန်ပြောင်မြောက်လာတာတွေကို တွေ့ရှိရပါတယ်။"ကျွန်မတို့ခေတ်မှာ မိဘတွေအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ကျူရှင်စနစ် ပပျောက်ရေးကို အစိုးရက ကြိုးပမ်းနေပါတယ်။ ဒါကိုဝင်ငွေပေါက် ပိတ်တယ်ဆိုပြီး မနှစ်မြို့တဲ့ ဆရာ၊ဆရာမများ ရှိနေတယ်ဆိုတာ ကြားရ၊ သိရတဲ့အခါ နိုင်ငံအတွက် အင်မတန်မှ စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီလိုစိတ်ထားတွေကို ပယ်ဖျက်ပြီး၊ တစ်နိုင်ငံလုံး လင်းထိန်လာစေမယ့် ပညာရောင်ကို ထုတ်ဝေပေးချင်တဲ့ စိတ်ဓာတ်နဲ့ တာဝန်ကျေ သည်ထက် လွန်အောင် ဆောင်ရွက်ပေးကြပါလို့ ဆရာ၊ဆရာမ အားလုံးကို မေတ္တာရပ်ခံ ချင်ပါတယ်။ ဒီလို ဆရာ၊ဆရာမများရဲ့ ကြိုးပမ်းမှုတွေကို ဝိုင်းဝန်းကူညီပေးကြဖို့လည်း ကျောင်းသားမိဘ၊ ရပ်မိရပ်ဘများကိုလည်း မေတ္တာရပ်ခံချင်ပါတယ်။"ကျောင်းသားတွေလို့ ပြောတဲ့နေရာမှာ စောစောကပြောသလိုပဲ ထူးချွန် ကျောင်းသား ကျောင်းသူများ မွေးထုတ်လိုက်ရုံတင် မဟုတ်ပါဘူး။ တကယ့် ကျောင်းကောင်း တစ်ကျောင်းဆိုတာဟာ ကျောင်းသူ ကျောင်းသားများ ပညာသင်ချင်တဲ့ စိတ်ဖြစ်အောင် လုပ်ပေးတဲ့ကျောင်းပဲ ဖြစ်ပါတယ်။ ပညာသင်ယူယုံနဲ့ မလုံလောက် ပါဘူး။ ပညာရှာချင်တဲ့စိတ်တွေ အင်မတန်မှ စွမ်းအားတက်လာ ဖို့ဟာလည်း အရေးကြီး ပါတယ်။ ဒါကြောင့် ကျွန်မတို့ကျောင်းတွေမှာ အစုအဖွဲ့နဲ့လုပ်ခြင်း ဆိုတာကို ကျွန်မတို့ အားပေးပါတယ်။ အစုအဖွဲ့နဲ့ အတူတူလုပ်ခြင်း၊ နေခြင်းဟာ ဘာကိုသင်ပေးသလဲ ဆိုတော့ တစ်ယောက်နဲ့တစ်ယောက်စာနာဖို့၊ စေတနာထားဖို့တင်မက ရှုံးတဲ့အခါမှာ အိန္ဒြေ ရရရှုံးတတ်ဖို့၊ နိုင်တဲ့အခါမှာ သိက္ခာရှိရှိနဲ့ နိုင်တတ်ဖို့ မျှေဝရမယ့် အခါမှာ သတ္တိရှိရှိ စေတနာရှိရှိနဲ့ မျှေဝနိုင်ဖို့၊ ဒီဟာတွေကို ကျွန်မတို့ သင်ပေးဖို့ ကြိုးစားရပါတယ်။"ကျွန်မတို့ကျောင်းသူ ကျောင်းသားလေးများဟာ နောင်ကျရင် ကျွန်မတို့ နိုင်ငံ အတွက်သာမဟုတ် တစ်ကမ္ဘာလုံးအတွက် တန်ဖိုးရှိတဲ့ လူကြီးများဖြစ်လာ စေချင်ပါ တယ်။ ဒါကြောင့် ကျောင်းကောင်းတွေထူထောင်ဖို့ ကျောင်းသူ ကျောင်းသား များတင် မက ဆရာ ဆရာမများ၊ မိဘများအားလုံးကို ဝိုင်းဝန်းပြီးတော့ ကူညီစေချင်ပါ တယ်။ ဆရာ ဆရာမများကို ကျွန်မထပ်ပြီးတော့ မေတ္တာရပ်ခံချင်ပါတယ်။ စေတနာနဲ့ သင်ပေး ပါ။ နိုင်ငံ့အတွက် သင်ပေးပါ။ ကိုယ်တစ်ယောက်တည်းအတွက် မလုပ်ပါနဲ့ ကျောင်းသူ ကျောင်းသားများအတွက်လုပ်ပါ။ ကျွန်မတို့ လူသားများအတွက်လုပ်ပါ။ ဒီလိုစိတ်တွေ ထားမှ ကျွန်မတို့နိုင်ငံတိုးတက်ပြီးတော့ ကျွန်မတို့ကမ္ဘာကြီးဟာလည်း ငြိမ်းချမ်းသာယာ နိုင်မှာ ဖြစ်ပါတယ်။နိဂုံးချုပ်အနေနဲ့ ထူးချွန်ကျောင်းများ၊ ထူးချွန်ကျောင်းသားများနဲ့အတူ ထူးချွန်စာရင်းမှာ မပါဝင်ခဲ့တဲ့ ကျောင်းသားအများစု၊ ကျောင်းအများစုအတွက် စကားပါးချင်ပါတယ်။ ထူးချွန်ခြင်းရဲ့ အနှစ်သာရဟာ အများအကျိုးသယ်ပိုးနိုင်တဲ့ အင်အားသတ္တိဖြစ်ပါတယ်။ ထူးချွန်မှုကို မှန်ကန်စွာသုံးမှသာ တန်ဖိုးရှိမှာပါ။ ကိုယ်ရဲ့အရည်အချင်း၊ စွမ်းအား တွေကို အများအကျိုး၊ ကိုယ့်အကျိုး အခြားအကျိုး နှစ်မျိုးလုံးအတွက် မှန်ကန်စွာ သုံးနိုင်ခြင်းဟာ အမှန်တကယ် ထူးချွန်ခြင်းဖြစ်ပါတယ်။ ကျွန်မတို့ တစ်ဦးချင်း၊ တစ်ဦးချင်း၊ ထူးချွန်ပြည်သူပြည်သားများ၊ ထူးချွန်ကမ္ဘာသူ ကမ္ဘာသားများဖြစ်နိုင်တဲ့ သန္ဓေရှိကြ ပါတယ်။ ထူးချွန်အောင် နေကြပါစို့လို့ ကျွန်မအနေနဲ့တိုက်တွန်း ချင်ပါတယ်”ဟု ပြောကြား သည်။ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးကဏ္ဍဆိုင်ရာ အချက်အလက်များ၊ ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အခြေခံပညာကျောင်းများမှ ပြည်ထောင်စုအဆင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်း သား၊ ကျောင်းသူများနှင့် ထူးချွန်ကျောင်းများအား ဆုချီးမြှင့်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အခြေခံပညာကျောင်းများမှ ပြည်ထောင်စုအဆင့် အောင်ချက်အကောင်း ဆုံး ပထမဆု ရရှိသည့် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း (ကမာရွတ်) နှင့် အောင်ချက်အကောင်းဆုံး ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့အား ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ခံကျောင်းအုပ်ကြီးတို့က လက်ခံရယူ ကြသည်။ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က အခြေခံ ပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ကျောင်းများမှ ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ (သိပ္ပံဘာသာတွဲ)တွင် ရမှတ် အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းမှ မောင်ကျော်လင်းသန်း၊ (သိပ္ပံနှင့်ဝိဇ္ဇာ ပေါင်းစည်းဘာသာတွဲ)တွင် ရမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(ဟိုပင်)မှ မောင်မျိုးမင်းအောင်၊ (ဝိဇ္ဇာဘာသာတွဲ)တွင် ရမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (တောက်တဲ့ရိုး)မှ မသဇင်ဝင်း တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်သည်။ထို့နောက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌများသည် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံးဆုရ ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ယင်းနောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌများက ထူးချွန်ဆုရရှိကျောင်းများ နှင့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆု များပေးအပ်ချီးမြှင့်ကြသည်။ယနေ့ဆုချီးမြှင့်သည့် အခမ်းအနားတွင် ပြည်ထောင်စုအဆင့် အောင်ချက် အကောင်းဆုံး ထူးချွန်ဆုရကျောင်း ၆၁ ကျောင်းနှင့် ပြည်ထောင်စုအဆင့် ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူ ၁၄၂ ဦးတို့ကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။



UNICEF Representative to Myanmar အဖွဲ့နှင့် တွေ့ဆုံ

နေပြည်တော် ၂၀၁၉ စက်တင်ဘာ ၁၉
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၁၉-၉-၂၀၁၉ ရက်နေ့ မွန်းလွဲ ၁၂ ၃၀ နာရီတွင် UNICEF Representative to Myanmar အဖွဲ့နှင့် တွေ့ဆုံသည်။


Parami Institute and US Embassy အဖွဲ့နှင့် တွေ့ဆုံ

နေပြည်တော် ၂၀၁၉ စက်တင်ဘာ ၉
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်အဖွဲ့သည် ၂၀-၉-၂၀၁၉ ရက်နေ့ ၁၃ ၃၀ နာရီတွင် Parami Institute and US Embassy အဖွဲ့နှင့် တွေ့ဆုံသည်။



အခြေခံပညာကျောင်းအုပ်ကြီးများနှင့် ပညာရေးအရာရှိများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက်အညွှန်းဘောင် မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ





နေပြည်တော် စက်တင်ဘာ ၁၉ ၂၀၁၉

အခြေခံပညာကျောင်းအုပ်ကြီးများနှင့် ပညာရေးအရာရှိများအတွက်တတ်ကျွမ်းမှုစံသတ်မှတ်ချက်အညွှန်းဘောင်မိတ်ဆက်ခြင်းအခမ်းအနားကိုယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိရွိုင်ရယ်နေပြည်တော်ဟိုတယ်၌ကျင်းပသည်။ ရှေးဦးစွာပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးကအဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ဘဝတစ်သက်တာသင်ယူမှုအခွင့်အလမ်းများရရှိစေရန်နှင့် အရည်အသွေးရှိသောပညာရေးကိုတန်းတူညီမျှရရှိစေရန် နိုင်ငံတကာစံနှုန်းများနှင့်အညီဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းများ၏ဘက်စုံအရည်အသွေးဖွံ့ဖြိုးတိုးတက်ရေးသည် ကျောင်းအုပ်ကြီးများ၏ စွမ်းဆောင်ရည်အပေါ်တွင် မူတည်လျက်ရှိပါကြောင်း၊ ပိုမိုကောင်းမွန်သောစီမံခန့်ခွဲမှုနှင့်ထိရောက်သောဦးဆောင်မှုများသည် ကျောင်းများအရည်အသွေးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားသည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းတွင် ကျောင်းစီမံခန့်ခွဲမှုနှင့်ဦးဆောင်မှုစွမ်းရည်မြှင့်တင်ရေးကိုလုပ်ငန်းအစီအစဉ်တစ်ရပ်အနေဖြင့် သတ်မှတ်အကောင်အထည်ဖော်ခြင်းဖြစ်ပါကြောင်း၊
၂၀၁၅ ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများ၏ပညာရေးဝန်ကြီးများအဖွဲ့၊ ပညာရေးဆန်းသစ်တီထွင်မှုနှင့်နည်းပညာအတွက် ဒေသဆိုင်ရာဗဟိုဌာန(SEAMEO-INNOTECH)က အရှေ့တောင်အာရှရှိကျောင်းအုပ်ကြီးများအတွက် တတ်ကျွမ်းမှုအညွှန်းဘောင်တစ်ရပ်ကိုအတည်ပြုခဲ့ပါကြောင်း၊ အာဆီယံဒေသအတွင်းရှိစွမ်းဆောင်ရည်မြင့်မားသောကျောင်းအုပ်ကြီးများတွင် ရှိသင့်ရှိထိုက်သည့်ကျွမ်းကျင်မှုများနှင့် ပင်ကိုယ်အရည်အသွေးများကိုဖော်ထုတ်သတ်မှတ်ထားခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကျောင်းအုပ်ကြီးများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက်များမရှိသေးသည့်အတွက် အာဆီယံနှုန်းများနှင့်ချိန်ထိုးကြည့်လျှင် ကွာဟချက်တစ်ခုလည်းဖြစ်နေပြီး ဖြည့်ဆည်းရန်လိုအပ်ချက်ရှိနေပါကြောင်း၊
အညွှန်းဘောင်များရေးဆွဲပြုစုခြင်းသည် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ထမ်းများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက်များထားရှိဆောင်ရွက်ရန် ပထမဦးဆုံးခြေလှမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ အညွှန်းဘောင်များကိုအဓိကအားဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်များရေးဆွဲရန်အတွက် အသုံးပြုမည်ဖြစ်ပါကြောင်း၊ အနာဂတ်တွင်သင့်လျော်သည့် တာဝန်ခံမှုဆိုင်ရာနည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများရှိလာသောအခါ ပညာရေးဝန်ထမ်းများ၏ စွမ်းဆောင်မှုကိုလေ့လာကြီးကြပ်စစ်ဆေးအကဲဖြတ်ရန်အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ အညွှန်းဘောင်သည် အခြေခံပညာကျောင်းအုပ်ကြီးများနှင့်ပညာရေးအရာရှိများအတွက် လိုအပ်သောတတ်ကျွမ်းမှုစံနှုန်းများနှင့်အညီစွမ်းဆောင်ရည်ပြည့်ဝစေရေးအတွက် သင့်လျော်သောအစီအစဉ်များချမှတ်ဖော်ဆောင်နိုင်ရေးအတွက် အသုံးပြုနိုင်မည့်မူဘောင်တစ်ခုလည်းဖြစ်ပါကြောင်း၊
အညွှန်းဘောင်သည် ကျောင်းအုပ်ကြီးများနှင့်ပညာရေးအရာရှိများ၏ အတတ်ပညာပိုင်းဆိုင်ရာအရည်အသွေးထက်မြက်မှု၊ဖွံ့ဖြိုးမှုနှင့် သင်ယူမှုအခွင့်အလမ်းများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက်များကိုမိမိတို့ကိုယ်ကိုမိမိတို့ စစ်ဆေးအကဲဖြတ်ရေးအခြေခံအဖြစ်ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ ကောင်းမွန်သောအုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုတို့၏သွင်ပြင်လက္ခဏာကိုဖော်ပြသည့် အသိပညာ၊ ကျွမ်းကျင်မှုနှင့်စိတ်နေသဘောထားများကိုတိကျစွာဖော်ပြထားခြင်းဖြင့် ပညာရေးစီမံခန့်ခွဲသူများအတွက် စွမ်းဆောင်ရည်တိုးတက်ကောင်းမွန်ရေးအထောက်အကူဖြစ်စေပါကြောင်း၊ ပညာရေးစီမံခန့်ခွဲသူများအနေဖြင့် မိမိတို့၏အတတ်ပညာဆိုင်ရာအလေ့အထများကိုတိုးတက်ကောင်းမွန်စေရန် အားထုတ်လုပ်ဆောင်ရာတွင် ပံ့ပိုးပေမည့်စာတမ်းတစ်ဆောင် ဖြည့်ဆည်းပေးခြင်းဖြင့် ပညာရေးစီမံခန့်ခွဲမှုအရည်အသွေးမြှင့်တင်ပေးရန်စသောရည်ရွယ်ချက်များဖြင့် ပြုစုထားပါကြောင်း၊
ဦးဆောင်မှု(Leadership)၊ စီမံခန့်ခွဲမှု(Management) ၊သင်ကြားသင်ယူမှု(Teaching and Lerning) ၊ ပူးပေါင်းဆောင်ရွက်မှု(Colllaboration)နှင့် ပင်ကိုယ်အရည်အသွေးထက်မြက်မှု(Personal effectiveness) ဟူ၍ ကျွမ်းကျင်မှုနယ်ပယ်အားဖြင့် နယ်ပယ်(၅)ရပ် သတ်မှတ်ထားပါကြောင်း၊ အဆိုပါနယ်ပယ်(၅)ခုတွင် ကျောင်းအုပ်ကြီးများနှင့်ပညာရေးအရာရှိများ၏ စွမ်းဆောင်မှုအရည် အသွေးများဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် အစီအစဉ်များချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းစသည်ဖြင့်ပြောကြားသည်။
ထို့နောက် UNICEF ဌာနေကိုယ်စားလှယ် Ms.JuneKunugiက နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။
ယင်းနောက် အညွှန်းဘောင်စာအုပ်များကိုUNICEF ဌာနေကိုယ်စားလှယ် Ms.JuneKunugiကပေးအပ်ရာပြည်ထောင်စုဝန်ကြီးကလက်ခံရယူသည်။
ဆက်လက်၍ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အခြေခံပညာကျောင်းအုပ်ကြီးများနှင့်ပညာရေးအရာရှိများအတွက် တတ်ကျွမ်းမှုစံသတ် မှတ်ချက် အညွှန်းဘောင်ဆိုင်ရာနောက်ခံအခြေအနေများကိုရှင်းလင်းတင်ပြသည်။
ထို့နောက် အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးတိုးဝင်းက အညွှန်းဘောင်နှင့်ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအားရှင်းလင်းဆွေးနွေးသည်။
ယနေ့အခမ်းအနားသို့ အမျိုးသားပညာရေးမူဝါဒကော်မရှင်နှင့် အမျိုးသားပညာရေးအဆင့်အတန်း အကဲဖြတ်ရေးကော်မတီမှတာဝန်ရှိသူများ၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ပြည်နယ်၊မြိုနယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ အညွှန်းဘောင်ရေးဆွဲပြုစုရေးအဖွဲ့ဝင်များ၊ ဆရာသမဂ္ဂကိုယ်စားလှယ်များ၊ ကိုယ်ပိုင်ကျောင်းများမှကိုယ်စားလှယ်များတက်ရောက်ကြသည်။

Thursday, September 19, 2019

European Union Delegation Myanmar (EU) မှ Head of Cooperation (Counselor) နှင့်အဖွဲ့အား တွေ့ဆုံ

နေပြည်တော် ၂၀၁၉ စက်တင်ဘာ ၁၈
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်အဖွဲ့သည် ၁၈-၉-၂၀၁၉ ရက်နေ့ ၁၄ ၀၀ နာရီတွင် European Union Delegation Myanmar (EU) မှ Head of Cooperation (Counselor) ဖြစ်သူ Dr.Johann Hesse နှင့်အဖွဲ့အား တွေ့ဆုံသည်။

မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးနှင့်အဖွဲ့အား တွေ့ဆုံ


နေပြည်တော် ၂၀၁၉ စက်တင်ဘာ ၁၇
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၁၇-၉-၂၀၁၉ ရက်နေ့ ၁၄ ၀၀ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး  H.E. Mr. Lee Sang-hwa  နှင့်အဖွဲ့အား တွေ့ဆုံသည်။

Wednesday, September 11, 2019

၂၀၁၉ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနား ကျင်းပ


နေပြည်တော် ၂၀၁၉ စက်တင်ဘာ ၈
၂၀၁၉ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီဌာန ရုံးအမှတ် ( ၂၁)၌ ကျင်းပသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာမျိုးသိမ်းကြီးနှင့် ဒေါက်တာဝင်းမြတ်အေး၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ မြန်မာနိုင်ငံယူနက်စကို အမျိုးသားကော်မရှင်၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံနည်းပညာရှင်အဖွဲ့၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုကော်မတီ၊ အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီနှင့် ပါမောက္ခချုပ်များ ကော်မတီတို့မှ ဥက္ကဋ္ဌများ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ နေပြည်တော် ပျဉ်းမနားမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ အနာဂါတ်မျှော်တွေး စဉ်ဆက်ပညာရေးသီချင်း” ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ အခမ်းအနားတွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ နာယက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့သည် ကုလသမဂ္ဂအဖွဲ့ကြီးကကြီးမှူး၍ အီရန်နိုင်ငံတီဟီရန်မြို့တွင် ၁၉၆၅ခုနှစ်ကကျင်းပခဲ့သည့် စာမတတ်မှုတိုက်ဖျက်ရေး ပညာရေးဝန်ကြီးများ၏ ကမ္ဘာလုံးဆိုင်ရာ ကွန်ဖရင့် (World Conference of Ministers on the Eradication of Illiteracy)က စတင်သတ်မှတ်ပေးခဲ့သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် စက်တင်ဘာလ(၈)ရက်နေ့ ရောက်တိုင်းပြုလုပ်လျှက်ရှိတဲ့ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင်လည်း နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံမှာ စာတတ်မြောက်ရေး (အသုံးလုံး)လှုပ်ရှားမှုများကို ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ကြသည့် စာတတ်မြောက်ရေးလုပ်ငန်းများ၏ အောင်မြင်မှုအပေါ် ယူနက်စကိုအဖွဲ့ချုပ်က မိုဟာမက်ရီဇာပါလာဗီဆုနှင့် နိုမာဆုတို့ကိုချီးမြှင့်ခဲ့ရာ မြန်မာနိုင်ငံအနေဖြင့် ၁၉၇၁ခုနှစ်နှင့် ၁၉၈၃ခုနှစ်တို့တွင် ဆုများလက်ခံရရှိ ခဲ့ပါကြောင်း၊ ၁၉၉၀ပြည့်နှစ်ထိုင်းနိုင်ငံ ဂျွန်တီယံမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ပညာရေးဝန်ကြီးများ ညီလာခံကချမှတ်ခဲ့သည့် လူတိုင်းအတွက်ပညာရေး (Education For All- EFA) အစီအစဉ် နှင့် ၂၀၀၀ပြည့်နှစ် ဆီနီဂေါနိုင်ငံ ဒါကာမြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ပညာရေးဝန်ကြီးများ ညီလာခံကချမှတ်ခဲ့သည့် “လူတိုင်းအတွက်ပညာရေး ဒါကာလုပ်ငန်းအညွှန်းဘောင်
”(Education For All – EFADarkerFramework) တို့ကိုအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ၂၀၁၅ခုနှစ် ကိုးရီးယားသမ္မတနိုင်ငံ အင်ချွန်းမြိတွင် ကျင်းပပြုလုပ်ခဲ့သည့် ညီလာခံမှချမှတ်ထားသော ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များထဲမှ ပညာရေးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင် အမှတ်စဉ်၄ (Sustainable Development Goal- SDG4)၏မျှော်မှန်းချက် (၇)ချက်တွင် တစ်ချက်ဖြစ်သော "၂၀၃၀ပြည့်နှစ်အရောက်တွင် လူငယ်များအားလုံးနှင့် အရွယ်ရောက်သူများ ကျောင်းပညာရေးဖြင့် အဓိကထား၍ (အမျိုးသားနဲ့ အမျိုးသမီးများပါ) အရေး၊ အဖတ်နှင့် အတွက်အချက် တတ်မြောက်စေရန်" ဆိုသည့် စာတတ်မြောက်ရေးမျှော်မှန်းချက်ကို ဖြည့်ဆည်းနိုင်ရန် ပညာရေးဝန်ကြီးဌာနက အဓိကအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ ၂၀၁၄ခုနှစ်တွင် ကောက်ခံခဲ့သော သန်းခေါင်စာရင်းနှင့် နောက်ဆက်တွဲပါ အစီရင်ခံစာအရအသက် ၁၅ နှစ်နှင့်အထက် ကျောင်းလုံးဝ မနေခဲ့ဘူးသဖြင့် စာမတတ်သူပေါင်း ၃ ဒသမ၅သန်းခန့် ရှိနေခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှုအညွှန်းကိန်း တိုးတက်နိုင်ရေးအတွက် စာတတ်မြောက်ရေးလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးရေးတွင် အခန်းကဏ္ဍတစ်ရပ်အနေဖြင့် အရေးကြီးပါကြောင်း၊ ယခုနှစ် ၂၀၁၉ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အတွက် ဉီးတည်ချက်ဆောင်ပုဒ်သည် "Literacy and Multilingualism " ဖြစ်ပါကြောင်း၊ ကမ္ဘာ့အဆင့်နှင့်ကြည့်လျှင် စာတတ်မြောက်မှု ဖွံ့ဖြိုးကျယ်ပြန့်လာရန် နိုင်ငံအသီးသီးတွင်ရှိသည့် တိုင်းရင်းသားဘာသာစကားများ အရေးကြီးသောကြောင့် "စာတတ်မြောက်ရေးဖွံ့ဖြိုးဖို့ တိုင်းရင်းသားဘာသာစာပေ မြှင့်တင်စို့" ဟူသော ဆောင်ပုဒ်သည် နိုင်ငံ၏ပကတိ အခြေအနေနှင့်ရော၊ အချိန်အခါနဲ့ပါ ကိုက်ညီလျက်ရှိပြီး ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်ကိုလည်း အထောက်အပံ့ပြုမည်ဟု ယုံကြည်မျှော်လင့် ပါကြောင်း၊ ယင်းအပြင် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၁တွင် တိုင်းရင်းသားဘာသာစကား သင်ကြားရေး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ထည့်သွင်းဖော်ပြ ထားပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် အခြေခံပညာကဏ္ဍတွင် ယခုပညာသင်နှစ်မှာ တိုင်းရင်းသားဘာသာစကား သင်ကြားရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးတွင်ရှိသည့် ကျောင်းပေါင်း ၁၂၄၈၈ကျောင်းတွင် ကျောင်းသား ကျောင်းသူပေါင်း ၇၆၆၇၃၁ဦးကို တိုင်းရင်းသားဘာသာစကားသင် ဆရာ ဆရာမပေါင်း ၂၀၁၉၉ ဉီး၊ သင်ကြားမှုအထောက်အကူပြု Teaching Assistant ၁၁၇၁၈ဉီးတို့က တိုင်းရင်းသားဘာသာစကား တတ်မြောက်ရေး သင်ကြားနိုင်အောင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းစီစဉ် ဆောင်ရွက်ပေးထားပါကြောင်း၊ နိုင်ငံအနေဖြင့် မတူကွဲပြားသော ဘာသာစကားများ သင်ယူတတ်မြောက်နိုင်ရန် အခြေခံကျပြီး အရေးကြီးသည့် စာတတ်မြောက်ရေး မြှင့်တင်ဆောင်ရွက်နိုင်ရေး ထိရောက်သောမူဝါဒများ၊ နည်းစနစ်များနှင့် လက်တွေ့ကျသော လိုအပ်ချက်များကို ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းပြီး မိမိနိုင်ငံဒေသနှင့် ကိုက်ညီမည့် လက်တွေ့ကျင့်သုံးမှုများဖြင့် ထိထိရောက်ရောက် ဆောင်ရွက်သွားရန် ယူနက်စကိုက တိုက်တွန်းထားပါကြောင်း၊ သို့မှသာ စာတတ်မြောက်ရေးနှင့် တိုင်းရင်းသားဘာသာစာပေ မြှင့်တင်သင်ကြားရေးတို့တွင် ဟန်ချက်ညီစွာ အကောင်အထည်ဖော် သွားနိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့မျက်မှောက်ကာလတွင် ပညာသင်ယူနိုင်သည့် အခြေခံအခွင့်အလမ်းဖြစ်တဲ့ စာတတ်မြောက်ရေးနဲ့ တိုင်းရင်းသားဘာသာစာပေ အသီးသီး၏ကဏ္ဍကို တစ်ပေါင်းတစ်စည်းတည်း မြှင့်တင်ဆောင်ရွက်ရန် ယူနက်စကိုအဖွဲ့ကြီးက တိုက်တွန်းထားခြင်း ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာ ပြောင်းလဲတိုးတက်မှုများကြောင့် လူတိုင်းအတွက် မျှတသည့်အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရန်၊ စာတတ်မြောက်ရေးနှင့်အတူ လူမျိုး၊ ဘာသာ၊ အသားရောင်မခွဲခြားဘဲ အကျိုးကျေးဇူးများ ညီတူညီမျှရရှိနိုင်ရန် အမျိုးမျိုးသော တိုင်းရင်းသားဘာသာစကားများကို လူမျိုးအလိုက် တတ်မြောက်အောင် သင်ကြားပေးကြရန် ယခုနှစ်နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ဦးတည်ချက်ဆောင်ပုဒ် Themeအဖြစ် ထုတ်ပြန်ထားပါကြောင်း၊ ယခုနှစ် စာတတ်မြောက်ရေးနေ့ရဲ့ Theme ဖြစ်တဲ့ “Literacy and Multilingualism”“စာတတ်မြောက်ရေးဖွံ့ဖြိုးဖို့ တိုင်းရင်းသားဘာသာစာပေ မြှင့်တင်စို့" ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးဒေသများတို့တွင် စာတတ်မြောက်ရေးနှင့် တိုင်းရင်းသားစာပေ သင်ကြားရေးတို့အတွက် ယခုထက်ပိုမိုပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် ပူးပေါင်းပြီး တိုးချဲ့ပညာပေး ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း၊ သို့မှသာ ဒေသကြီးများနှင့် နယ်စပ်ဒေသများအတွင်းတွင် အခြေခံစာတတ်မြောက်ခြင်းနှင့် တိုင်းရင်းသားစာပေ တတ်မြောက်ခြင်းတို့မှတစ်ဆင့် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ အသက်မွေးဝမ်းကျောင်းပညာနှင့် ကျောင်းပြင်ပပညာရေးတို့ကို ဆက်လက်လေ့လာ သင်ယူနိုင်ပြီး လူနေမှုဘဝမြှင့်တင်နိုင်ကြမှာ ဖြစ်ပါကြောင်း၊ ယခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အတွက် ချမှတ်ထားတဲ့ “Literacy and Multilingualism” “စာတတ်မြောက်ရေးဖွံ့ဖြိုးဖို့ တိုင်းရင်းသားဘာသာစာပေ မြှင့်တင်စို့” ဆောင်ပုဒ်အတိုင်း အားလုံးကပူးပေါင်းပါဝင် ဆောင်ရွက်ပေးခြင်းဖြင့် ကျန်းမာပြီး အသိပညာမြင့်မားလာသည့် လူသားအရင်းအမြစ်များ ပေါ်ထွန်းလာရေးကို ယခုထက်ပိုမိုမြှင့်တင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ထို့နောက် ၂၀၁၉ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုဗီဒီယိုမှတ်တမ်းကို ပြသသည်။ ယင်းနောက် မြန်မာနိုင်ငံ ယူနက်စကို အမျိုသားကော်မရှင် အထွေထွေအတွင်းရေးမှူး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင် က ၂၀၁၉ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။ ထို့နောက် ၂၀၁၉ ခုနှစ် နိုင်ငံကာ စာတတ်မြောက်ရေးနေ့ဆိုင်ရာ Concept Note ကောက်နှုတ်ချက်ကို တိုင်းရင်းသားဘာသာစကားများဖြင့် ဖတ်ကြားကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသားလွှတ်တော် အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့စည်းများဆိုင်ရာ ဥက္ကဋ္ဌဦးမင်းဦး၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးအေးချို၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးဇယ်ခေါင်၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေး၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ရွှေ၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ငွေ၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ဦးဝမ်းလှ၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံး၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်နှင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းတို့က ကျောင်းပြင်ပညာရေး အစီအစဉ်တွင် တက်ရောက်အောင်မြင်ပြီးနောက် အခြေခံပညာကျောင်းများသို့ ပြန်လည်တက်ရောက်ပြီး၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ(၃၂) ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် နေပြည်တော် ပျဉ်းမနားမြို့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက“ တို့အင် တို့အား “ သီချင်းဖြင့် တေးသရုပ်ဖော် သီဆိုဂုဏ်ပြု ဖျော်ဖြေကြသည်။ ယင်းနောက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ နာယက ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ၂၀၁၉ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားတွင် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးများ နှင့် အခမ်းအနာသို့ တက်ရောက်လာကြသူများသည် ၂၀၁၉ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။











Tuesday, September 10, 2019

ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့် ရာပြည့်သဘင်အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီ(၁၇)ဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉)ကျင်းပ

ရန်ကုန် ၂၀၁၉ စက်တင်ဘာ ၆
ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့် ရာပြည့်သဘင်အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီ(၁၇)ဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉)ကို ယနေ့နံနက် ၉နာရီခွဲတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့် ဦးစီးကော်မတီ အတွင်းရေးမှူး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနား ကျင်းပရေး ဦးစီးကော်မတီအစည်းအဝေးကို နေပြည်တော် ပညာရေးဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင် အခမ်းအနားကျင်းပရန် ဦးစီးကော်မတီတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် ဦးစီးဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းအဖွဲ့(၁၇)ဖွဲ့နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အစည်းအဝေးများကျင်းပပြီး ယင်းအစည်းအဝေးများမှ ရလဒ်များ၊ ဆုံးဖြတ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်သည် သမိုင်းကြောင်းအရ လက်ဆင့်ကမ်းယူရမည့် သင်ခန်းစာယူစရာများလည်း ရှိပါကြောင်း၊ ရန်ကုန်တက္ကသိုလ် ရာပြည့် သဘင်အခမ်းအနား ကျင်းပရန် ဦးတည်ချက်ဖြစ်သည့် မြန်မာနိုင်ငံ၏ ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် ထိန်းသိမ်းမြှင့်တင်ရေး၊ ထာဝရငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အထောက်အကူပြုစေရေး၊ နိုင်ငံတော်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များနှင့် လိုက်လျောညီထွေဖြစ်သည့် အရည်အသွေးရှိသော တက္ကသိုလ်ပညာရေးကို ဖော်ဆောင်ရေး၊ ပညာအခြေပြု လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် စွမ်းဆောင်ရည်ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရေး၊ နိုင်ငံ့ကောင်းကျိုး၊ ကမ္ဘာ့ကောင်းကျိုးကို ဖြည့်ဆည်းပေးနိုင်မည့် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်အဖြစ် ဦးတည်အကောင်အထည်ဖော်ရေး စသည့် ဦးတည်ချက်များနှင့်အညီ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်သည် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော၊ လူ့အဖွဲ့အစည်းနှင့် ကမ္ဘာကြီးကို အကျိုးပြုနိုင်သော စွမ်းဆောင်ရည်ပြည့်ဝသည့် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များဖြစ်ရန် ဦးတည်ချက်များကို ဦးစီးကော်မတီတွင် အတည်ပြုပြီး ဦးတည်ချက်များနှင့်အညီ ရန်ကုန်တက္ကသိုလ်ရာပြည့်သဘင် အခမ်းအနားများကို ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်၏ Master Plan ဖြစ်သည့် Software နှင့် Hardware များကိုလည်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး Master Plan အရ နယ်ပယ်(၄)ခုဖြစ်သည့် တက္ကသိုလ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တိုးမြှင့်ရေး၊ အရည်အသွေးနှင့်ကျွမ်းကျင်မှု တိုးမြှင့်စေရေးအတွက် တက္ကသိုလ်တွင်း မူဘောင်တစ်ရပ် ပြုစုဖော်ဆောင်ရေး၊ လူမှုအဖွဲ့အစည်းဖွံ့ဖြိုးတိုး တက်ရေးအထောက်အကူပြုမည့် သင်ကြားသင်ယူမှု၊ သုတေသနနှင့် ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ခေတ်မီမဟာဗျူဟာများ၊ ချဉ်းကပ်မှုနည်းလမ်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ တက္ကသိုလ်ပြုပြင်မွမ်းမံရန်၊ အဆင့်မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုများ ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် တက္ကသိုလ်ပရဝုဏ်များ၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသနှင့်နိုင်ငံတော်ကို အထောက်အကူပြုသည့် အသုံးချသုတေသနများဖြစ်ရန် အရေးကြီးပါကြောင်း၊ တက္ကသိုလ်၏ Campus ကို ကျန်းမာရေးနှင့်ညီညွတ်ပြီး လုံခြုံမှုရှိရန်ဆောင်ရွက်လျက်ရှိပြီး အိုင်စီတီ အသုံးချမှုမြှင့်တင်ရေး၊ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး၊ စာသင်ခန်းများနှင့် လက်တွေ့ခန်းများ အဆင့်မြှင့်တင်ရေး၊ သင်ထောက်ကူပစ္စည်းများ အဆင့်မြှင့်တင် ဖြည့်ဆည်းရေးများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဦးစားပေးလုပ်ငန်းများကို ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရန်နှင့် တက္ကသိုလ်၏ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် နည်းလမ်းများကို အားလုံးကဝိုင်းဝန်းပူးပေါင်းအကြံပြု ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။ ယင်းနောက် ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ)ပြည့် ဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားပြီး ရန်ကုန်တက္ကသိုလ် နှစ်(၁၀ဝ) ပြည့် ရာပြည့်သဘင် အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ကိုယ်စား ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ကော်မတီ၏ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။ ထို့နောက် လုပ်ငန်းကော်မတီ(၁၇)ဖွဲ့မှ ဥက္ကဋ္ဌများက လုပ်ငန်းကော်မတီများ၏ လုပ်ငန်းတာဝန် ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးကြသည်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ်ရှိ သစ်ပုတ်ပင်ကြီးတွင် ရန်ကုန်မြို့၏ ၃၂ ခုမြောက် မြို့ပြအမွေအနှစ် အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ပွဲအခမ်းအနားနှင့် အင်းလျားဆောင်၌ ကျင်းပသည့် ရန်ကုန်တက္ကသိုလ် ရာပြည့်အကြိုအထိမ်းအမှတ် အင်းလျားဆောင် ဓာတ်ပုံပြပွဲ အခမ်းအနားများသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။










Saturday, September 7, 2019

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်

နေပြည်တော် ၂၀၁၉ စက်တင်ဘာလ ၆ရက်
ပညာရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၁၁နာရီတွင် ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း တက်ရောက်သည်။ သတင်းစာရှင်းလင်းပွဲတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက ယနေ့သတင်းစာ ရှင်းလင်းပွဲသည် သတင်းမီဒီယာများ အသိပေးလို၍ ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ မန္တလေးတက္ကသိုလ်တွင် သုတေသန စာတမ်းဖတ်ပွဲများနှင့် နိုင်ငံတကာညီလာခံများ ဆောင်ရွက်ရာတွင် တက်ရောက်သူများအတွက် ဧည့်ခံစားသောက်မှု အဆင်ပြေစေရန် Food Court ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု သိရှိရပါကြောင်း၊ Food Court ဖွင့်လှစ်ရေး ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိခြင်းတို့ကြောင့် မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့မှ မျိုးဆက်သစ်လူရည်ချွန်များအဖွဲ့ (ဗဟို) အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးထံ နှုတ်ဖြင့်တင်ပြခဲ့ပါကြောင်း၊ ထိုတင်ပြချက်အရ ပညာရေးဝန်ကြီးဌာနအနေဖြင့် မန္တလေးတက္ကသိုလ်တွင် Foof Court စားသောက်ဆိုင် တည်ဆောက်ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ အချက်အလက်အထောက်အထားများဖြင့် ခွင့်ပြုချက်ရယူ ဆောင်ရွက်ခြင်းရှိ/ မရှိစိစစ်အကဲဖြတ်တင်ပြရန် စိစစ်အကဲဖြတ်ရေးအဖွဲ့ကို ပါမောက္ခချုပ် ဒေါက်တာဆင့်စိုး၊ မန္တလေး နည်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာကျော်ကျော်ခေါင်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာအေးအေးထွန်း၊ ပဲခူးတက္ကသိုလ်နှင့် ပညာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မာမာချိုတို့ပါဝင်သော အဖွဲ့အားဖွဲ့စည်း၍ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆန္ဒထုတ်ဖော်ကျောင်းသားများ(၇)ဦးကို တွေ့ဆုံ၍ ဆန္ဒထုတ်ဖော်ကျောင်းသားများ၏ တောင်းဆိုချက်(၅)ချက်ကို အဓိကဆွေးနွေးပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် အချက်အလက် အထောက်အထားများဖြင့် ခွင့်ပြုချက်ရယူ ဆောင်ရွက်ခြင်းရှိ/ မရှိစိစစ်အကဲဖြတ်တင်ပြရန် စိစစ်အကဲဖြတ်ရေးအဖွဲ့ကို တရားဝင်ဖွဲ့စည်းတာဝန် ပေးအပ်ထားပါကြောင်း၊ ဆန္ဒထုတ်ဖော်ကျောင်းသားများ တောင်းဆိုထားသည့် အချက်(၅)ချက်အား စိစစ်ဆောင်ရွက်ရာတွင် မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရေးဆောင်ရွက်လျက် ရှိပါကြောင်းနှင့် သတင်းမီဒီယာသမားများအနေဖြင့် ပွင့်ပွင်းလင်းလင်း မေးမြန်းနိုင်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။ ယင်းနောက် တက်ရောက်လာသော သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။ သတင်းစာရှင်းလင်းပွဲသို့ ပညာရေးဝန်ကြီးဌာန၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောမီဒီယာများ တက်ရောက်ကြကြောင်း သိရှိရသည်။