နေပြည်တော် ၂၀၁၉ စက်တင်ဘာ ၂၇
ပညာရေးဝန်ကြီးဌာန
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ကျင်းပသောအခြေခံပညာအဆင့် အမျိုးသားပညာရည်
စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒ စတင်ဖြန့်ဝေခြင်းအခမ်းအနားကို ယနေ့ နံနက်
၁၀နာရီခွဲတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။ အခမ်းအနားသို့
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပြည်သူ့လွှတ်တော်
ပညာရေးမြှင့်တင်မှု ကော်မတီအဖွဲ့ဝင်၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်၊
အမျိုးသားသင်ရိုးညွှန်းတမ်း ကော်မတီ၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့်
အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီ၊ ပါမောက္ခချုပ်များကော်မတီတို့မှ
အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့်
တာဝန်ရှိသူများ၊ ပညာရေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊
ပညာရေးကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ ဥရောပသမဂ္ဂနှင့် ယူနက်စကိုတို့မှ
ဌာနေကိုယ်စားလှယ်များအပါအဝင် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊
လူထုအခြေပြုလူမှုအဖွဲ့ အစည်းများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်
ပညာရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆရာများအဖွဲ့ချုပ်၊
ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ
ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက
ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၆ခုနှစ်မှစ၍ သူငယ်တန်း+၁၂ (KG+12)
အခြေခံပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော်ခဲ့ရာ သူငယ်တန်း၊
ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းနှင့် ဆဋ္ဌမတန်းတို့ကို သင်ရိုးသစ်များဖြင့်
ပြဋ္ဌာန်းသင်ကြားနိုင်ခဲ့ပြီး ရလဒ်ကောင်းများ ရရှိနေပြီဖြစ်ပါကြောင်း၊
အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒတစ်ခု ပြုစုချမှတ်နိုင်ရေးအတွက်
အမျိုးသားပညာရေး မူဝါဒကော်မရှင်က အခြေခံပညာမူလတန်းအဆင့် ကျောင်းသားများ၏
တတ်မြောက်မှုစစ်ဆေး အကဲဖြတ်ခြင်းဆိုင်ရာ အညွှန်းဘောင်ကိုရေးဆွဲပြီး
၂၀၁၇ခုနှစ်၊ ဩဂုတ်လ (၁၂)ရက်နေ့တွင် အတည်ပြုချမှတ်ကာ
မူလတန်းသင်ရိုးသစ်များအတွက် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဒါ့အပြင်
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (NESP) အခန်း(၈) မဟာဗျူဟာ(၁)
လုပ်ငန်းစဉ်(၁)တွင် အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒတစ်ရပ်
ရေးဆွဲပြဋ္ဌာန်းရန် လမ်းညွှန်ထားပါကြောင်း၊ အမျိုးသားပညာရေးဥပဒေ (၂၀၁၄)ပါ
ပညာရေးရည်မှန်းချက် အပိုဒ်(က)မှာ တွေးတောကြံဆဝေဖန်ပိုင်းခြားနိုင်သော
အသိဉာဏ်ရှိ၍ ဗလငါးတန်ပြည့်စုံသည့် နိုင်ငံသားကောင်းများ ဖြစ်ထွန်းရေးကို
ဦးတည်လေ့ကျင့်ပေးရန်ဟု ဖော်ပြထားပါကြောင်း၊ နိုင်ငံတကာတွင်လည်း
ကျောင်းသားများကို အသိပညာ (Knowledge) သာမက ကိုယ်ရည်ကိုယ်သွေး
ကျွမ်းကျင်မှုများ (Soft Skills) သို့မဟုတ် ၂၁ ရာစု ကျွမ်းကျင်မှုများ
(21st Century Skills) သင်ကြားလေ့ကျင့်ပေးရန်အတွက် ဆောင်ရွက်နေသည်ကို
တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ဥရောပသမဂ္ဂ၏ ဘဏ္ဍာရေးထောက်ပံ့မှုအရ
ဆောင်ရွက်ရမည့် အညွှန်းကိန်းများထဲမှာ အမျိုးသားပညာရည်
စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒ အတည်ပြုနိုင်မှုကို ထည့်သွင်းထားပါကြောင်း၊
ယခုအခမ်းအနားသည် အညွှန်းကိန်းအမှတ်(၄)ကို ဖြည့်ဆည်းပေးနိုင်သည့်အတွက်
သတ်မှတ်ထားသည့် အထောက်အပံများ ဆက်လက်ရရှိ အကောင်အထည်ဖော်နိုင်မှာ
ဖြစ်ပါကြောင်း၊ ယခုဖြန့်ဝေမည့် အမျိုးသားပညာရည်
စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒစာအုပ်များကို အခြေခံကျောင်းများ၊
ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ဆရာ၊
ဆရာမများနှင့် သင်ကြားရေးနှင့်သက်ဆိုင်သော ပညာရေးဝန်ထမ်းများအားလုံးကို
ဖြန့်ဝေပေးရန်အတွက် သက်ဆိုင်ရာခရိုင်ရုံးများအရောက်
ပေးပို့ထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ပညာရေးတက္ကသိုလ်များ၊
ပညာရေးကောလိပ်များမှ ဆရာဆရာမများ၊ ဆရာ၊ ဆရာမသင်တန်းသားများအားလုံးကို
ဖြန့်ဝေပေးရန်အတွက်လည်း ပေးပို့ထားပြီးဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ www.myanmarexam.org
Website တွင်လည်း လွှင့်တင်ပေးမှာဖြစ်ပြီး ကွန်ပျူတာ၊ တက်ဘလက်၊
ဖုန်းများနှင့် ကူးယူထည့်သွင်းကြည့်ရှုနိုင်မည် ဖြစ်ပါကြောင်း၊
ယခုအမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒပြီးလျှင် အမျိုးသာပညာရည်
စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒ အကောင်အထည်ဖော်ရေး လမ်းညွှန်ချက်များ (Assessment
Guidelines) ကို ပြုစုပြီး ယခုလိုဖြန့်ဝေပေးနိုင်ရန်အတွက်
ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားပညာရည်
စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒနှင့်အညီ ပညာရည်စစ်ဆေးအကဲဖြတ်မှုများကို
ဆောင်ရွက်နိုင်ခြင်းဖြင့် ကျောင်းသားများ ပညာပြည့်ဝနှလုံးလှသော
နိုင်ငံ့အကျိုးပြုမျိုးဆက်သစ်များ ပြုစုပျိုးထောင်ပေးနိုင်ကြပါစေကြောင်း
စသည်ဖြင့် ပြောကြားသည်။ ဆက်လက်၍ အမျိုးသားပညာရေးမူဝါဒကော်မရှင် အဖွဲ့ဝင်
ဆရာကြီးဒေါက်တာဝင်းအောင်က မူဝါဒစာအုပ်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဥရောပသမဂ္ဂမှ ကိုယ်စားလှယ် Elodie Maria-Subeနှင့် ADB မှ
Christopher A. Spohrတို့က ဝမ်းမြောက်စကား ပြောကြသည်။ ယင်းနောက်
အခြေခံပညာအဆင့် ပညာရည်စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒကို Website တွင်
စတင်လွှင့်တင်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်း၊
ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် တာဝန်ရှိသူများက အခြေခံပညာအဆင့်
ပညာရည်စစ်ဆေး အကဲဖြတ်ခြင်းမူဝါဒစာအုပ်ကို သက်ဆိုင်ရာကိုယ်စားလှယ်များအား
စတင်ဖြန့်ဝေပေးကြပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြပြီး
အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment