Saturday, September 7, 2019

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်

နေပြည်တော် ၂၀၁၉ စက်တင်ဘာလ ၆ရက်
ပညာရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲကို ယနေ့နံနက် ၁၁နာရီတွင် ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း တက်ရောက်သည်။ သတင်းစာရှင်းလင်းပွဲတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက ယနေ့သတင်းစာ ရှင်းလင်းပွဲသည် သတင်းမီဒီယာများ အသိပေးလို၍ ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ မန္တလေးတက္ကသိုလ်တွင် သုတေသန စာတမ်းဖတ်ပွဲများနှင့် နိုင်ငံတကာညီလာခံများ ဆောင်ရွက်ရာတွင် တက်ရောက်သူများအတွက် ဧည့်ခံစားသောက်မှု အဆင်ပြေစေရန် Food Court ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေသည်ဟု သိရှိရပါကြောင်း၊ Food Court ဖွင့်လှစ်ရေး ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိခြင်းတို့ကြောင့် မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့မှ မျိုးဆက်သစ်လူရည်ချွန်များအဖွဲ့ (ဗဟို) အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးထံ နှုတ်ဖြင့်တင်ပြခဲ့ပါကြောင်း၊ ထိုတင်ပြချက်အရ ပညာရေးဝန်ကြီးဌာနအနေဖြင့် မန္တလေးတက္ကသိုလ်တွင် Foof Court စားသောက်ဆိုင် တည်ဆောက်ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ အချက်အလက်အထောက်အထားများဖြင့် ခွင့်ပြုချက်ရယူ ဆောင်ရွက်ခြင်းရှိ/ မရှိစိစစ်အကဲဖြတ်တင်ပြရန် စိစစ်အကဲဖြတ်ရေးအဖွဲ့ကို ပါမောက္ခချုပ် ဒေါက်တာဆင့်စိုး၊ မန္တလေး နည်းပညာတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာကျော်ကျော်ခေါင်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာအေးအေးထွန်း၊ ပဲခူးတက္ကသိုလ်နှင့် ပညာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မာမာချိုတို့ပါဝင်သော အဖွဲ့အားဖွဲ့စည်း၍ စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆန္ဒထုတ်ဖော်ကျောင်းသားများ(၇)ဦးကို တွေ့ဆုံ၍ ဆန္ဒထုတ်ဖော်ကျောင်းသားများ၏ တောင်းဆိုချက်(၅)ချက်ကို အဓိကဆွေးနွေးပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် အချက်အလက် အထောက်အထားများဖြင့် ခွင့်ပြုချက်ရယူ ဆောင်ရွက်ခြင်းရှိ/ မရှိစိစစ်အကဲဖြတ်တင်ပြရန် စိစစ်အကဲဖြတ်ရေးအဖွဲ့ကို တရားဝင်ဖွဲ့စည်းတာဝန် ပေးအပ်ထားပါကြောင်း၊ ဆန္ဒထုတ်ဖော်ကျောင်းသားများ တောင်းဆိုထားသည့် အချက်(၅)ချက်အား စိစစ်ဆောင်ရွက်ရာတွင် မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရေးဆောင်ရွက်လျက် ရှိပါကြောင်းနှင့် သတင်းမီဒီယာသမားများအနေဖြင့် ပွင့်ပွင်းလင်းလင်း မေးမြန်းနိုင်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။ ယင်းနောက် တက်ရောက်လာသော သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။ သတင်းစာရှင်းလင်းပွဲသို့ ပညာရေးဝန်ကြီးဌာန၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောမီဒီယာများ တက်ရောက်ကြကြောင်း သိရှိရသည်။



















No comments:

Post a Comment