Friday, September 29, 2017
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဝန်ထမ်းများစွမ်းရည်မြှင့်သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်
နေပြည်တော် ၂၀၁၇ စက်တင်ဘာလ ၂၉
ရုံးလုပ်ငန်းသုံးကွန်ပျူတာအခြေခံကျွမ်းကျင်သင်တန်း အမှတ်စဉ်(၁/၂၀၁၇)နှင့် ရုံးလုပ်ငန်းစွမ်းရည်မြှင့် သင်တန်းအမှတ်စဉ်(၁/၂၀၁၇)နှင့် (၂/၂၀၁၇)သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နေ့လည် ၃နာရီ ၁၅မိနစ်တွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း၊ ပညာရှင် ဆရာကြီး ဆရာမကြီးများ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူဝန်ထမ်းများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် သင်တန်းများဖွင့်လှစ်နိုင်ရေးနှင့် စေတနာအပြည့်ဖြင့် လာရောက်သင်ကြားပို့ချပေးကြသော ပညာရှင်ဆရာကြီး ဆရာမကြီးများအား မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ သင်တန်းကို စိတ်ပါလက်ပါဖြင့် အလုပ်တာဝန်များသော်လည်း သင်တန်းပြီးဆုံးအောင် တက်ကြသော သင်တန်းသား သင်တန်းသူများအား ကျေးဇူးတင်ရှိပါကြောင်း၊ ရုံးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန် လျင်မြန်သွက်လက်မှုနှင့် ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားမှုသည်လည်း အရေးကြီးပါကြောင်း၊ လက်ရှိအခြေအနေတွင် မိမိတို့နိုင်ငံ ကဏ္ဍဍအသီးသီး၌ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာလုပ်ငန်းများနှင့် ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားရေးအတွက် အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ပညာရေးဝန်ကြီးဌာန အနေဖြင့်လည်း Capacity Development Center ဖွင့်လှစ်၍ ဝန်ထမ်းများ အရည်အသွေးမြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနေပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တစ်ဦးချင်းစီအလိုက် မိမိတို့အရည်အသွေးများ တိုးတက်စေရေး စဉ်ဆက်မပြတ် လေ့လာမှတ်သား၍ မိမိတို့၏ ရုံးလုပ်ငန်းဆိုင်ရာများအား သက်ဆိုင်ရာ တာဝန်အလိုက် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ သတ်မှတ်ထားသော အချိန်အတွင်း တိကျမှန်ကန်စွာနှင့် တာဝန်ကျေပွန်စွာ လုပ်ဆောင်နိုင်ရန် အရေးကြီးပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းဆိုင်ရာ လုပ်ငန်းများ သိရှိနားလည်စေရန် သာမက လုပ်ငန်းများ မြန်ဆန်စွာဆောင်ရွက်နိုင်ရန် ယနေ့ခေတ်တွင် ကွန်ပျူတာ ကျွမ်းကျင်မှုရှိစေရန်နှင့် အင်္ဂ္လိပ်စာအခြေခံ ကောင်းမွန်စေရေးအတွက်လည်း လွန်စွာအရေးပါလာပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကွန်ပျူတာသင်တန်း၊ မြန်မာစာနှင့် ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်သင်တန်း၊ အင်္ဂ္လိပ်စာကျွမ်းကျင်မှု သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ပညာရေးအရည်အသွေးမြင့်မားရေးအတွက် ဦးတည်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားလုံးက မိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ ယခုသင်တန်းဆင်းလက်မှတ် သည်လည်း မိမိ၏ လုပ်ငန်းစွမ်းဆောင်နိုင်မှု အရည်အချင်းကို ပြသနိုင်မည့် အထောက်အကူ လက်မှတ်ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြသည်။ ကွန်ပျူတာအခြေခံကျွမ်းကျင်သင်တန်းတွင် သင်တန်းသား သင်တန်းသူ(၄၃) ဦး နှင့် ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်သင်တန်းတွင် သင်တန်းသား သင်တန်းသူ (၇၅)ဦး၊ စုစုပေါင်း (၁၁၈)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment