Saturday, February 17, 2018
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မန္တလေးတက္ကသိုလ်၊ မန္တလေးပညာရေးကောလိပ်နှင့် ရွှေဘိုတက္ကသိုလ်ရှိ ပညာရေးမိသားစုများနှင့်တွေ့ဆုံ
နေပြည်တော် ၂၀၁၈ ဖေဖော်ဝါရီ ၁၆
အရည်အသွေးရှိသော ပညာရေးစနစ်ကို အရည်အသွေးရှိသော ဆရာဆရာမများဖြင့် ညီညီညွတ်ညွတ် တာဝန်ယူတာဝန်ခံ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း တစ်ဦးချင်း တက္ကသိုလ် တစ်ခုချင်းသီးခြားမနေဘဲ အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍများ၊ ပြည်တွင်းပြည်ပ တက္ကသိုလ်များအချင်းချင်း ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဘာသာရပ်ဆိုင်ရာ ဆရာဆရာမများအနေဖြင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများအား အလွတ်ကျက်မှတ်မှုကို အားမပေးဘဲ စဉ်းစားတွေးခေါ်မှုကို အားပေးသည့် Deep Learning ဖြင့်သင်ကြားသင်ယူနိုင်ရန်အတွက် အင်္ဂလိပ်စာ ကျွမ်းကျင်မှုနှင့် ICT ကျွမ်းကျင်မှု မြှင့်တင်ခြင်းများ၊ စာများများဖတ်၍ အကျိုးရှိထိရောက်သော သုတေသနလုပ်ငန်းများပြုလုပ်ခြင်း သုတေသနစာတမ်းများ ရေးသားခြင်းကို ဆောင်ရွက်နေကြရမည် ဖြစ်ပါကြောင်း၊ ဒေသလိုအပ်ချက် လုပ်သားဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီရန်နှင့် အရည်အသွေးရှိပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များ ဖြစ်ပေါ်လာအောင် သင်ကြားလေ့ကျင့်ပေးကြရမည် ဖြစ်ပါကြောင်းနှင့် နေရာတိုင်း လုပ်ငန်းတိုင်းတွင် အခက်အခဲ၊ ပြဿနာ၊ မပြည့်စုံမှုနှင့် စိန်ခေါ်မှုများရှိနေသဖြင့် ညီညီညွတ်ညွတ် ပူးပေါင်းသည်းခံ၍ ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားကာ အောင်မြင်အောင် ဆောင်ရွက်ကြရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၁၆-၂-၂၀၁၈ ရက်နေ့တွင် မန္တလေးတက္ကသိုလ် အင်းဝခန်းမ၌ကျင်းပသော မန္တလေးတိုင်းဒေသကြီး ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများနှင့် ပညာရေးဌာန အရာထမ်း အမှုထမ်းများ၊ ဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ တွေ့ဆုံပွဲတွင် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုး မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းတို့က အမှာစကား ပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မန္တလေးတက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ အလားတူ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ၁၇-၂-၂၀၁၈ ရက်နေ့တွင် မန္တလေးပညာရေးကောလိပ်၊ ရွှေဘိုတက္ကသိုလ်များသို့ ရောက်ရှိကာ ပါမောက္ခချုပ် ကျောင်းအုပ်ကြီးများ ဆရာ ဆရာမ ကျောင်းသား ကျောင်းသူများ ပညာရေးမိသားစုများနှင့် တွေ့ဆုံ၍ အတွေ့အကြုံရင့်ကျက်မှုနှင့် အရည်အသွေးပြည့်ဝသော ဆရာ ဆရာမများဖြင့် အခြေခံပညာရေး၏ အရေးအကြီးဆုံး အတန်းဖြစ်သော မူလတန်းပညာရေးတွင် Grade-1, Grade-2, Grade-3 အတန်းများ၌ အခြေခံ အဖတ် အရေး အတွက်များ ကျွမ်းကျင်အောင် သင်ကြားပေးကြရန်၊ သင်ကြားရေး စီမံဘဏ္ဍာစသည့် ဌာနများအားလုံးတွင် အရည်အသွေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ကြရန် ၊ တီထွင်ဆန်းသစ်သော စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ပညာရပ်ဆိုင်ရာများကို အဆင့်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကိုဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ အကျိုးရှိထိရောက် ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ကြရန်နှင့် ကျောင်းသား ကျောင်းသူများအား လူသားကောင်းများဖြစ်အောင် အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်အောင် တာဝန်ယူတာဝန်ခံ ဆောင်ရွက်တတ်အောင် တီထွင်ကြံဆတတ်အောင် ပြုစုပျိုးထောင် သင်ကြားသင်ယူလေ့ကျင့် ပေးကြရန်တို့ကို မှာကြားသည်။ ထို့နောက် တက်ရောက်လာသော ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများက သိလိုသည်များကို ဆွေးနွေးမေးမြန်းရာ ပညာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment