Friday, February 16, 2018

သိပ္ပံနှင့် နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုပြပွဲ၊ ပြိုင်ပွဲ (၂ဝ၁၈) ကျင်းပ











နေပြည်တော် ၂၀၁၈ ဖေဖော်ဝါရီ ၁၅

သိပ္ပံနှင့် နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုပြပွဲ၊ ပြိုင်ပွဲ(၂ဝ၁၈) ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သိပ္ပံနှင့်နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုပြပွဲ၊ ပြိုင်ပွဲကို ကျောင်းသား ကျောင်းသူ လူငယ်များအနေဖြင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ကဏ္ဍများအပေါ်တွင် စိတ်ပါဝင်စားမှု ပိုမိုမြှင့်တင်နိုင်ရေးနှင့် တီထွင်ဆန်းသစ်နိုင်စွမ်းတို့ကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူ လူငယ်များကို အသင်း အဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် တာဝန်ယူ၊ တာဝန်ခံတတ်သည့် လူငယ်မောင်မယ်များ ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ ပြုစုပျိုးထောင်ပေးလိုက်သည့် ကျောင်းသားလူငယ်များကို နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး တီထွင်ဆန်းသစ်နိုင်စွမ်းရှိသည့် လူငယ်မောင်မယ်များ ဖြစ်လာစေရန် သင်ကြားသင်ယူ လေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ ယနေ့ကမ္ဘာတွင် ပညာရေးကဏ္ဍကို အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံလျက် ရှိနေကြပါကြောင်း၊ ပညာရေးယှဉ်ပြိုင်မှု ပြင်းထန်သည့် ခေတ်ကာလတွင် လူငယ်များသည် အဆင့်မြင့်ကျွမ်းကျင်မှု ပညာရပ်များ တတ်မြောက်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လူငယ်မောင်မယ်များ ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည့် အခြေခံသုတေသနများ၊ လက်တွေ့အသုံးချနိုင်သည့် သုတေသနများနှင့် ဆန်းသစ်တီထွင်မှုများကိုလည်း အားပေးဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့် တက္ကသိုလ်များမှ သုတေသီများ၏ သုတေသနစာတမ်းများကို သက်ဆိုင်ရာနယ်ပယ်အလိုက် ဖတ်ကြားဆွေးနွေးကြမည် ဖြစ်သည့်အတွက် စိတ်ပါဝင်စားသည့် နယ်ပယ်များအလိုက် စူးစမ်းလေ့လာနိုင်မည် ဖြစ်ပါကြောင်း၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုပြပွဲ၊ ပြိုင်ပွဲ (၂ဝ၁၈)တွင် Biotechnology, Biology, Botany နယ်ပယ်များ၌ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များသာမက နည်းပညာ တက္ကသိုလ်များလည်း ပါဝင်နေသည့်အတွက် တူညီသည့်ဘာသာရပ် နယ်ပယ်များတွင် အတွေ့အကြုံ ဗဟုသုတများကို ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပညာရပ်အရည်အသွေး မြှင့်တင်ခြင်းများကိုလည်း ပေါင်းစပ်ဆောင်ရွက်နိုင်ကြမည် ဖြစ်ပါကြောင်း၊ သိပ္ပံပညာရပ်ဆိုင်ရာ ပညာရှင်များနှင့် စိတ်ပါဝင်စား သူများအနေဖြင့်လည်း တွေ့ဆုံညှိနှိုင်းဆွေးနွေး ဆောင်ရွက်နိုင်ကြမည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲသည် Science နှင့် Society အကျိုးပြုမှု မြှင့်တင်ပေးနိုင်ရေးအတွက် Contribution enhance ဆောင်ရွက်ပေးနိုင်ရေးကို အဓိကရည်ရွယ်သည့် ပြပွဲ၊ ပြိုင်ပွဲဖြစ်သည့်အတွက် ပြိုင်ပွဲဝင် လူငယ်၊ မောင်မယ်များအနေဖြင့် Science, Engi-neering ICT ကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် ဆန္ဒပြုတိုက်တွန်းအပ်ပါကြောင်း၊ နိုင်ငံ၏ပညာရေးကဏ္ဍ အရည်အသွေးမြင့်မား တိုးတက်လာစေရန်နှင့် တီထွင်ဆန်းသစ်နိုင်စွမ်း မြင့်မားလာစေရန် တက်ညီလက်ညီ ဝိုင်းဝန်းအားပေးကူညီ ပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး သိပ္ပံနှင့်နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုပြပွဲ၊ ပြိုင်ပွဲ (၂ဝ၁၈) အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။ ယင်းနောက် သိပ္ပံနှင့် နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှု ပြပွဲ၊ ပြိုင်ပွဲ (၂ဝ၁၈)တွင် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းမှ ကျွမ်းကျင်ပညာရှင်များဖြစ်ကြသည့် ဦးထက်စံလင်း၊ ဦးသော်တာထွန်းနှင့် ဦးထူးမြင့်နောင်တို့က နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်သူများ၏ စိန်ခေါ်မှုနှင့် အခွင့်အလမ်းဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးကြမည်ဖြစ်သည်။ ထို့အပြင် ပညာရှင်များ၏ သုတေသနစာတမ်းများနှင့် ပြိုင်ပွဲဝင် ဘွဲ့လွန်ကျောင်းသားများ၏ စာတမ်းများကိုလည်း ဖတ်ကြားကြမည်ဖြစ်ပြီး အဆိုပါပြပွဲ၊ ပြိုင်ပွဲ (၂ဝ၁၈)ကို ဖေဖော်ဝါရီ ၁၆ ရက်ထိ ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။ သိပ္ပံနှင့် နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုပြပွဲ၊ ပြိုင်ပွဲ (၂ဝ၁၈)သို့ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်မှ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင် များ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အင်ဂျင် နီယာကောင်စီဝင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဝင်များ၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်းဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment