Monday, February 26, 2018
အသိပညာရှင် အတတ်ပညာရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
ရန်ကုန်၂၀၁၈ ဖေဖော်ဝါရီ ၂၄
''လောကဥယျာဉ်မှူး" ဇာတ်ကား ဖန်တီးပုံဖော်ခဲ့ကြသည့် အသိပညာရှင် အတတ်ပညာရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ မျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ၂၀၁၄ ခုနှစ် မတ်လတွင် Education Channel စတင်ဖွဲ့စည်းရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးတို့ ဦးဆောင်ကာ နိုင်ငံပိုင်နှင့်ပုဂ္ဂလိက မီဒီယာ အဖွဲ့များ တွေ့ဆုံဆွေးနွေးမှု များပြုလုပ်ခဲ့ကြပြီး ၂၀၁၄ ခုနှစ် ဧပြီလမှ ဇူလိုင်လအတွင်း Forever Media Group နှင့်အသေးစိတ်ညှိနှိုင်းခြင်း၊ ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာသင်တန်း များကို ပံ့ပိုးပေးခြင်း စသည့်တို့ကို ကြည့်ခြင်း အားဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် Forever Group တို့၏ ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် ကူညီမှုများသည် ကျေနပ်ဖွယ်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူ့အစိုးရ တက်လာပြီးနောက် ၂၀၁၆ ခုနှစ် စက်တင်ဘာ(၁)ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံ ပညာရေးသုတေသနဦးစီးဌာနကို ကျောင်းပြင်ပနှင့် တစ်သက်တာပညာ ရေးဦးစီးဌာန အမည်ပြောင်းလဲပြီး ဦးစီးဌာနအနေဖြင့် အခြေခံစာတတ်မြောက်ရေးအစီအစဉ်၊ ကျောင်းပြင်ပ မူလတန်း ပညာရေးနှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေး အစီအစဉ်များအပြင် ပညာရေးဆိုင်ရာ သတင်းအချက် အလက်များနှင့်စပ်လျဉ်းပြီး ပြည်သူလူထု၊ မိဘ၊ ဆရာများနှင့် ကျောင်းသား ကျောင်းသူများ သိရှိစေရန် အတွက် ရေဒီယို၊ ရုပ်မြင်သံကြားတို့မှတစ်ဆင့် ပညာပေးဇာတ်လမ်းတိုများ၊ Talk Show များ၊ သင်ခန်းစာပို့ချနေ သည့် အစီအစဉ်ပုံစံများ ထုတ်လွှင့်ပေးခြင်း အပြင် နေ့စဉ်ထုတ်သတင်းစာများနှင့်ပညာရေး သတင်းလွှာများတွင် ပညာရေးဆိုင်ရာ လှုပ်ရှားမှု၊ သတင်းနှင့်ဆောင်းပါးများ၊ ပညာရေးဆိုင်ရာ ကြေညာချက်များကို အခါအားလျော်စွာ ရေးသားထုတ်ပြန်ခြင်းများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် ပညာရေး၊ ပညာပေး ဗီဒီယိုဇာတ်ကားများ၊ ဇာတ်လမ်းတိုများ၊ မြန်မာစာ မြန်မာစကား အစီအစဉ်များ၊ ပညာရေးဝန်ကြီးဌာနက တာဝန် ပေးအပ်သည့် ပညာရေး အစီအစဉ်များကို ရိုက်ကူးထုတ်လုပ် တည်းဖြတ်ကာ မြန်မာ့ အသံနှင့်ရုပ်မြင် သံကြားမှ တစ်ဆင့် ထုတ်လွှင့်ပြသခြင်း၊ ပညာရေးဝန်ကြီးဌာန Website မှ လွှင့်တင်ခြင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန Website နှင့် Educational Information Department Facebook မှ ဖော်ပြလျက်ရှိသည် ကို တွေ့ရှိရပါကြောင်းဖြင့် ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အရည်အသွေးမြင့်သော ပညာရေးစနစ်ကို ဖော်ဆောင်ရာတွင် စွမ်းဆောင်ရည်မြင့်မားသည့် ဆရာ၊ ဆရာမများ အထူးလိုအပ်သည့်အတွက် ဆရာ ဆရာမများအတွက် ဝေးလံ ဒေသရှိ ကျောင်းများမှ ဆရာနှင့် ကျောင်းသားများကို အထောက်အကူပြုနိုင် မည့် ဇာတ်လမ်းများရိုက်ကူးထုတ် လွှင့်ရမည်ဖြစ်ပါကြောင်း၊ School Calendar အရ ဆောင်ရွက်လျက်ရှိသည့် လှုပ်ရှားမှုများကို ရိုက်ကူးထုတ် လွှင့်သွားမည်ဖြစ်ပြီး ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန က ဆောင်ရွက်လျက်ရှိသည့် အခြေခံစာ တတ်မြောက်ရေးအစီအစဉ်၊ လုပ်ငန်းအကျိုးပြုစာတတ်မြောက်ရေးအစီအစဉ်၊ ကျောင်းပြင်ပ မူလတန်း ပညာ ရေးနှင့် ကျောင်းပြင်ပ အလယ်တန်းပညာရေးအစီအစဉ်များနှင့် ပတ်သက်ပြီး အများပြည်သူသိရှိအောင် ရိုက်ကူး ထုတ်လွှင့်ပေးမည်ဆိုပါက မြို့ကြီးပြကြီးများနှင့်ကျေးလက်တောရွာများပါမကျန် အကျိုးကျေးဇူးများစွာ ရရှိနိုင် မည်ဖြစ်ပါကြောင်း၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီး ဌာန အနေဖြင့်လည်း ပူးပေါင်းရိုက်ကူးခဲ့သည့် ဇာတ်လမ်းတိုများ၊ ပညာရေးအစီအစဉ်များမှ အတွေ့အကြုံကောင်းများကိုရယူပြီး ပညာရေးဝန်ကြီးဌာန၏ နယ်ပယ်အသီးသီးတွင်ရှိနေကြသည့် ပညာရေး ကဏ္ဍစုံမှ ဆရာ ဆရာမများ၏သဘောသဘာဝများ၊ အနစ်နာခံမှုများကို ဖော်ထုတ်ပြသပေးနိုင်ရေးကိုလည်း တိုက်တွန်းလိုပါကြောင်း၊ Forever Group အနေဖြင့် ပညာ ရေးဝန်ကြီးဌာန၏ Education Channel ကိုလည်း ဆက်လက်ပူးပေါင်းပေးပြီး ပညာရေးဆိုင်ရာ အသိပညာပေး ဇာတ်လမ်းများ၊ အစီအစဉ်များရိုက်ကူးခြင်း၊ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များအပေါ် ပံ့ပိုးပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ပေးကြစေ လိုကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဆရာ ဆရာမများအနေဖြင့် အနာဂတ်ကလေး ငယ်များကို အလှပဆုံး၊ အလန်းဆန်းဆုံးဖြစ်အောင် ဖန်တီးပုံဖော်ကြသည့် လောကဥယျာဉ်မှူးများဖြစ်အောင် နှလုံးသား မူဟန်ဖြင့် ပြုစုပျိုးထောင်ကြစေလိုကြောင်း ပြောကြားသည်။ ထို့နောက် ပညာရေး နည်းပညာနှင့်သတင်းဖြန့်ချိရေးဌာန ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ခက "လောကဥယျာဉ်မှူး"ဇာတ်ကားဖြစ်ပေါ်လာပုံနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက Forever Group မှတာဝန်ရှိသူများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။ ထို့နောက် လောကဥယျာဉ်မှူးဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထား သူများ၏ သက်ဝင်လှုပ်ရှားမှုများ ကို အကျဉ်းချုပ်ထုတ်နှုတ်တင်ပြပြီး လောကဥယျာဉ်မှူးဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်ဆောင် ၁၀ ဦးအား ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment