Sunday, October 14, 2018
ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာသင်တန်းကျောင်း အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန် ၂၀၁၈ အောက်တိုဘာ ၁၄
ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာသင်တန်းကျောင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်း၊ အင်းစိန် မြို့နယ်၊ အောင်ဆန်းရပ်ကွက် ယခင်နည်းပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အသီးသီးမှ ဖိတ်ကြား ထားသောကိုယ်စားလှယ်များ၊ အောင်ဆန်းရပ်ကွက် အတွင်းရှိ ရပ်မိရပ်ဖ ပြည်သူများတို့ တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရှိ ယခင် နည်းပညာ အထက်တန်းကျောင်းနေရာတွင် နိုင်ငံတကာအဆင့်မီ သက်မွေး ပညာသင်တန်းများ ဖွင့်လှစ် နိုင်ရေး ဂျပန်နိုင်ငံ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်ရန်စီစဉ်လျက် ရှိပါကြောင်း၊၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစ၍ သင်တန်းများ စတင်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊
ဂျပန်-မြန်မာအောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်းအား သတ်မှတ်ထားသည့် အချိန်ဇယားအတိုင်း အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်းနှင့် လိုအပ်သော အကြံပြုချက်များ ပေးစေလိုပါကြောင်းဖြင့်ပြောကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖ ပြည်သူများမှ မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆိုင်ရာများ အကြံပြုဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးချက်များအရ နိုင်ငံအတွင်း သက်မွေးပညာ သင်တန်းများ တိုးချဲ့ဖွင့်လှစ် သွားရန် လိုအပ်နေသည်နှင့်အညီ ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာ သင်တန်းကျောင်း အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်နေမှုအား ရပ်ကွက်နေပြည်သူများက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း၊ လုပ်ငန်းများ အချိန်မီ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် မိမိတို့ကဏ္ဍအလိုက် ပူးပေါင်းကူညီဆောင်ရွက် သွားကြမည်ဖြစ်ပါကြောင်း ထောက်ခံ ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ညှိနှိုင်းအစည်းအဝေးကို နေ့လည် ၁၂ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment