Monday, October 15, 2018

ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနား(World Standard Day)ကျင်းပ
























ရန်ကုန် အောက်တိုဘာ ၁၄

အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းအဖွဲ့များဖြစ်သော (ISO, IEC, ITU) တို့၏ အဖွဲ့ဝင်နိုင်ငံ အသီးသီး သည် ကုန်ပစ္စည်းများ၊ ရောင်းဝယ်ဖောက်ကားခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းများတွင် လွယ်ကူ ချောမွေ့စေရေး၊ မြန်မာစံချိန်စံညွှန်းများ တိုးတက်ဖွံ့ဖြိုးပြီး လူမှုဝန်းကျင်ဘေးကင်းသာယာချမ်းမြေ့ရေး နည်း ပညာ၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနယ်ပယ်များတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ရည်ရွယ်၍ စံချိန်စံညွှန်း၏အကျိုးကျေးဇူးကို အများပြည်သူပိုမိုသိရှိစေရန် ကမ္ဘာ့စံချိန်စံညွှန်းနေ့ (World Standard Day)အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ၁၉၄၆ ခုနှစ်၊ အောက်တိုဘာလ(၁၄) ရက်နေ့ လန်ဒန်မြို့တွင် ကျင်းပခဲ့သော ပထမဆုံး အကြိမ်အစည်းအဝေးအား ကမ္ဘာ့စံချိန်စံညွှန်းနေ့အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြပါကြောင်း၊ စံချိန်စံညွှန်း လှုပ်ရှားမှုများကို အဖွဲ့ဝင် (၂၅) နိုင်ငံမှ ကိုယ်စားလှယ်များက အဆိုပါနေ့အား ရွေးချယ်ခဲ့ပြီး ယခုချိန်တွင် အဖွဲ့ ၀င်နိုင်ငံပေါင်း (၁၆၂) နိုင်ငံအထိ ပါဝင်ဆောင်ရွက်လျှက် ရှိပါကြောင်း၊ ကမ္ဘာ့စံချိန်စံညွှန်းနေ့၏ ရည်မှန်းချက်မှာ ကမ္ဘာ့စီးပွားရေးအသိုက်အဝန်းတွင် စံချိန်စံညွှန်းများ၏အရေးကြီးခြင်းကို ပိုမိုသိရှိနားလည်စေရန်နှင့်‌ စီးပွားရေး လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ အစိုးရနှင့်‌ စားသုံးသူများ၏လိုအပ်ချက်များကို စံချိန်စံညွှန်းကဏ္ဍဖြင့် အကူ အညီပေးခြင်းဖြင့် မြှင့်တင်ဆောင်ရွက်နိုင်ရန် ဖြစ်ပါကြောင်း၊ ကမ္ဘာ့စံချိန်စံညွှန်းနေ့ အခမ်းအနားကို ၁၉၇၀ ခုနှစ် မှ စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှ စတင်၍ ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားကို ကျင်းပခဲ့ရာ ယခုနှစ်တွင် (၇)ကြိမ်မြောက်အဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ထိုသို့ကျင်းပရာတွင် နှစ်စဉ် နှစ်တိုင်း ဆောင်ပုဒ်များချမှတ်၍ကျင်းပလျှက်ရှိရာ ယခုနှစ်ဆောင်ပုဒ်မှာ “အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ နှင့်‌ စတုတ္ထ စက်မှုအသွင်ကူးပြောင်းရေး” ကို ရွေးချယ်ထားခြင်းဖြစ်ပါကြောင်း၊ စတုတ္ထစက်မှုအသွင် ကူးပြောင်း ရေးဆိုသည်မှာ ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့်‌ ဆက်သွယ်မှုတွေမှာ တစ်ဦးနှင့်‌တစ်ဦး ဆက်သွယ်နိုင်ရန်နှင့် ရှေးရိုးအစဉ်အလာ အတားအဆီးများကို ကျော်လွှားရန်အတွက် ခေတ်မီနည်းပညာများထွက်ပေါ်လာစေရန် ဖြစ်ပါကြောင်း၊ စံချိန်စံညွှန်းသည် အသွင်ကူးပြောင်းရေးကာလတွင် အရေးကြီးသည့်ကဏ္ဍ၌ ပါဝင်နေပြီး စံချိန် စံညွှန်းများမရှိဘဲ ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့်တင်နိုင်မည် မဟုတ်ပါကြောင်း၊ တီထွင်သူများသည် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများဖြစ်သော ISO, IEC, ITU စသည့် စံချိန်စံညွှန်းများကို ကိုးကားပြီး ရေးဆွဲ နိုင်ခြင်းဖြင့် အဆိုပါ နည်းပညာအသစ်များသည် အသိဥာဏ်ပညာနှင့်‌ ကမ္ဘာလုံးဆိုင်ရာတီထွင်ဆန်းသစ်မှုကို ပြန့်နှံစေရန် ဆောင်ရွက်နိုင်သော အရာများ ဖြစ်ပါကြောင်းဖြင့်ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စတုတ္ထစက်မှုအသွင်ကူးပြောင်းရေးဆောင်ရွက်ရာတွင် စိန်ခေါ်မှု မြောက်မြားစွာရှိပြီး စက်ရုပ်နှင့်‌ဖန်တီးထားသောအသိပညာများသည် ပိုမိုကောင်းမွန်လာပြီး လူအများကဲ့သို့ ဆောင်ရွက်နိုင်ပြီး အရာအားလုံးကို ဒီဂျစ်တယ်နည်းပညာအားဖြင့် ဆက်သွယ်ထားပါကြောင်း၊ အခြားအမျိုးသား စံချိန်စံညွှန်းအဖွဲ့များကဲ့သို့ သုတေသနနှင့်‌တီထွင်ဆန်းသစ်မှု ဦးစီးဌာနသည် ကမ္ဘာ့စံချိန်စံညွှန်းနေ့ အခမ်းအနား ကိုကျင်းပခြင်းဖြင့် မြန်မာစံချိန်စံညွှန်းများဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန်နှင့်‌ ပါဝင်ဆောင်ရွက်မှုကို ဖော်ပြခြင်းဖြစ်ပါ ကြောင်း၊ မြန်မာစံချိန်စံညွှန်းများ ချမှတ်ရာတွင် အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ ဦးဆောင်မှုဖြင့် စံချိန်စံညွှန်း ရေးဆွဲရေးနည်းပညာကော်မတီ (၂၃) ခုမှ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပြီး ပထမအကြိမ်အဖြစ် မြန်မာစံချိန်စံညွှန်း (၅၀) ထွက်ရှိပြီး ဖြစ်ပါကြောင်း၊ ထပ်မံ၍ ISO/IEC CASCO စံချိန်စံညွှန်းများ၊ စီမံ ခန့်ခွဲမှုစနစ်ဆိုင်ရာ စံချိန်စံညွှန်းများ၊ စိုက်ပျိုးရေးအခြေခံထုတ်ကုန်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်‌ မြန်မာယူနီကုဒ် စံချိန်စံညွှန်း စုစုပေါင်း (၄၅) ခုအား Public Enquiry အဖြစ် ဆောင်ရွက်လျှက်ရှိပြီး ဒုတိယအကြိမ်အဖြစ် ထွက်ပေါ်လာမည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ မြန်မာစံချိန်စံညွှန်း မူကြမ်း(၁၇၂)ခုအား နည်းပညာကော်မတီ များမှ ဆွေးနွေးလျှက်ရှိပါကြောင်း၊ မြန်မာစံချိန်စံညွှန်းများ ချမှတ်နိုင်ခြင်းဖြင့် ဈေးကွက်စီးပွားရေးကို လွယ်ကူ ချောမွေ့စေရန် ထောက်ပံ့ပေးနိုင်ခြင်း၊ ထုတ်ကုန်များအရည်အသွေးကို မြှင့်‌တင်ပေးနိုင်ခြင်း၊ ပြည်သူလူထု၏ ကျန်းမာရေးနှင့်‌ ဘေးအန္တရာယ်ကင်းရှင်းသော ထုတ်ကုန်များကို အသုံးပြုနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ခြင်း စသည့်အခန်းကဏ္ဍများကို သိသာထင်ရှားစွာ အထောက်အပံ့ဖြစ်စေနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာစံချိန်စံညွှန်းများသည် မြန်မာနိုင်ငံ၏ထုတ်ကုန်များအတွက် ကြီးမားသောဈေးကွက်ကို ရရှိအောင် အထောက်အပံ့ပေးနိုင်ခြင်းနှင့်‌ ဒေသဆိုင်ရာနှင့်‌ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်‌ ကိုက်ညီစေရန် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် USAID မှ Chief of Party Mr. Steve Parker မှ အမှာစကားပြောကြားပြီး ISO ၏ Secretary General ဖြစ်သူ Mr. Sergo Mujica မှ ကမ္ဘာ့စံချိန်စံညွှန်းနေ့အခမ်းအနားသို့ ပြောကြားသော Message အားဖွင့်လှစ်ပြသည်။ ယင်းနောက် ကမ္ဘာ့စံချိန်စံညွှန်းနေ့ (World Standard Day)အခမ်းအနားကို အခမ်းအနား အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment