Friday, October 26, 2018
ပညာရေးဝန်ကြီးဌာနနှင့် ILBC တို့ ကြီးမှူးကျင်းပသော ဒုတိယအကြိမ်မြောက် ဆရာဆရာမများသင်ကြားသင်ယူမှု အထောက်အကူပြု စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
နေပြည်တော် ၂၀၁၈ အောက်တိုဘာ၂၆
ပညာရေးဝန်ကြီးဌာနနှင့် ILBC တို့ကြီးမှူးကျင်းပသောဒုတိယအကြိမ်မြောက် ဆရာဆရာမများသင်ကြားသင်ယူမှု အထောက်အကူပြု စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၆၊၁၀၊၂၀၁၈ ရက်နေ့ နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြို့ ပုဏ္ဏ၀တီခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးအောင်ကြည်ညွန့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(တာဝန်) ဦးကိုလေးဝင်းနှင့်တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးပညာရေးမှူးနှင့် ခရိုင်မြို့နယ်ပညာရေးမှူးများ၊ ILBCမှ ဆရာဆရာမများနှင့် တာဝန်ရှိသူများ၊သင်တန်းတက်ရောက်သူ ဆရာဆရာမများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။
ရှေးဦးစွာတောင်တွင်းကြီးမြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်(တာဝန်) ဦးကိုလေးဝင်းတို့က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဆရာဦးငွေတိုးနှင့် ဒေါက်တာအောင်မြင့်ဦးတို့က ဆရာကြီးဦးထွန်းအောင် ရေးသားခဲ့သော “သူငယ်နှင့် သူ၏ပညာသင်ကြားခြင်း” စာအုပ်ကိုပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဆရာဦးသောင်းထွဋ်က လက်ခံရယူသည်။ ယင်းနောက် မကွေးတိုင်းဒေသကြီးပညာရေးမှူး ဦးအောင်မြင့်က သင်တန်းဖွင့်လှစ်ဆောင်ရွက်နိုင်မှုအတွက် ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သင်ကြားသင်ယူမှု အထောက်အကူပြု စွမ်းရည်မြှင့် သင်တန်းတက်ရောက် လာကြသည့် ဆရာဆရာမများအား ပညာရေးပြုပြင်ပျောင်းလဲမှု ဆောင်ရွက်ရာတွင် သင်ယူမှုသည် အလွန်အရေးကြီးပါကြောင်းတစ်သက် တာသင်ယူသူအဖြစ် ခံယူကျင့်သုံးဆောင်ရွက်နေကြရမည် ဖြစ်ပါကြောင်း( learn to test) စာမေးပွဲစစ်ဆေးရန်အတွက် သင်ယူခြင်းမှ(learn to learn) သင်ယူမှုအတွက် သင်ယူခြင်းသို့ (Surface Learning to Deep learning) အပေါ်ယံလေ့လာသင်ယူမှုမှ လေးနက်စွာလေ့လာသင်ယူမှုသို့ ပြောင်းလဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပညာရေးအရည်အသွေးမြှင့်မားရေး ဆောင်ရွက်ရာတွင် ကျောင်းသား ကျောင်းသူများ ဆရာ ဆရာမများ အုပ်ထိန်းသူမိဘပြည်သူများ လွှတ်တော်ကိုယ်စားလှယ်များ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ ပုဂ္ဂလိကပညာရေးအဖွဲ့ အစည်းများဘုန်းတော်ကြီးသင် ပညာရေးကျောင်းများစသည့် ပညာရေးမိသားစုများအားလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန် အလွန်အရေးကြီးပါကြောင်း၊ ဘ၀တစ်သက်တာ သင်ယူနိုင်မှု အခြေခံသည် အသက်ရှစ်နှစ် ၀န်းကျင်းအရွယ် ကလေးငယ်ဘ၀တွင် အခြေခံအဖတ် အရေးအတွက်ကျွမ်းကျင်တတ်မြောက်ရေး ဖြစ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် (Grade-3) တတိယတန်းအရွယ်မှာအဖတ်၊ အရေး၊ အတွက်ကျွမ်းကျင်နေအောင် သင်ကြားသင်ယူပေးကြရမည် ဖြစ်ပါကြောင်း ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ယူမှုအခွင့်အလမ်း မြင့်မားရေးအတွက် နှစ်စဉ် ကျောင်းအဆင့်တိုးများကို တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကျောင်းထွက်နှုန်းလျော့နည်းရေး ကျောင်းနေနှုန်းမြင့်မားရေးများ ဆောင်ရွက်ခဲ့ရာယခုအခါ ကျောင်းသားအရေအတွက် သိသိသာသာတိုးမြှင့်လာသည်ကို မြင်တွေ့နေရပြီဖြစ်ပါကြောင်း အရည်အသွေးရှိသော ပညာရေးစနစ်ကို အရည်အသွေးရှိသောဆရာ ဆရာမများနှင့် ပညာရေးမိသားစုများကသာ ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဆရာ ဆရာမများ အရည်အသွေးမြင့်မားရေး၊ သင်ရိုးညွှန်းတမ်းမြှင့်တင်ရေး၊ သင်ကြားသင်ယူမှုကောင်းမွန်ရေး၊ စာသင်ခန်းအထောက်အကူပြုပစ္စည်း၊ စာကြည့်တိုက်၊ အားကစား၊ အနုပညာနှင့် ကျောင်းဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များဖြည့်ဆည်းရေး၊ project-based learning အတွက် သင်တန်းပေး ဆောင်ရွက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အားသာချက် အားနည်းချက်များရှိပါကြောင်း အားနည်းချက်များကို ပြန်လည်ဆန်းစစ်၍ အားကောင်းလာအောင် ဆောင်ရွက်ကြရန်နှင့် အားသာချက်များကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းစသည်ဖြင့် ပြည်တွင်း ပြည်ပပညာရေးပြုပြင်ပြောင်းလဲ ဆောင်ရွက်မှု အခြေအနေများကို “Leapfrog to Implement Education Reform in Myanmar” ခေါင်းစဉ်ဖြင့် ဟောပြောပို့ချသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြား၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ သင်တန်းသို့ တောင်တွင်းကြီးမြို့နယ်ရှိ အခြေခံပညာဆရာဆရာမ (၃၆၉)ဦးတက်ရောက်ကြပြီး သင်တန်းကာလကို၂၆၊ ၁၀၊ ၂၀၁၈ ရက်မှ ၃၁၊ ၁၀၊ ၂၀၁၈ ရက်အထိ (၆)ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment