Friday, February 15, 2019

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာအတွင်း ပညာရေးပြုပြင်ပြောင်းလဲတိုးတက်မှု အခြေအနေများအစီရင်ခံစာနှင့် နှစ်အလိုက်စွမ်းဆောင်ရည် ပြန်လည်သုံးသပ်မှုအစီရင်ခံစာ (၂၀၁၇-၂၀၁၈)တို့အား မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ


























နေပြည်တော် ၂၀၁၉ ဖေဖော်ဝါရီလ ၁၄

နိုင်ငံတော်အစိုးရ၏ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာအတွင်း ပညာရေးပြုပြင်ပြောင်းလဲ တိုးတက်မှုအခြေအနေများအစီရင်ခံစာနှင့် နှစ်အလိုက်စွမ်းဆောင်ရည်ပြန်လည်သုံးသပ်မှု အစီရင်ခံစာ (၂၀၁၇-၂၀၁၈)တို့အားမိတ်ဆက်ခြင်းအခမ်းအနားကို ၁၄၊ ၂၊ ၂၀၁၉ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း၊ တိုင်းဒေသကြီး၊ ပြည်နယ် လူမှုရေးဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ရေးကော်မတီ၊ ပါမောက္ခချုပ်များကော်မတီတို့မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အခြေခံပညာကျောင်းအုပ်ကြီးများ ဆရာ၊ ဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး၊ ကျောင်းနေမြဲရေး၊ ကျောင်းမထွက်ရေး၊ သင်ယူတတ်မြောက်မှု အရည်အသွေးမြင့်မားရေးတို့အတွက် မည်သည့်ခွဲခြားမှုမျှမရှိဘဲ၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲအခက်အခဲရှိသော နေရာဒေသများရှိကျောင်းများ ဦးစားပေးဖြည့်ဆည်းပေးနိုင်ရေး၊ ကျောင်းသား ကျောင်းသူများအားလုံး စိတ်ဓာတ် စည်းကမ်းပြည့်ဝသော လူသားကောင်းများ ဖြစ်လာစေရေး၊ ပူးပေါင်းဆောင်ရွက်တတ်သော အသင်းအဖွဲ့စိတ်ဓာတ် ပိုမိုမြင့်မားလာစေရေး၊ တာဝန်ယူတာဝန်ခံ၍ တာဝန်ကျေပွန်စွာ ထမ်းဆောင်လာစေရေး၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိလာစေရေး စသည့်မျှော်မှန်းရလဒ်များကို ဦးတည်ပြီး ပြည်သူများနှင့် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းဖွင့်အမီ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းစုစုပေါင်း ၅၁၀၀ ကို ကျောင်းအဆင့်တိုး မြှင့်ပေးနိုင်ခဲ့ပါကြောင်း၊ ထိုကျောင်းများအနက် ကျောင်းပေါင်း(၁၁၁၀)သည် ပင်မကျောင်းနှင့် (၁၀)မိုင်အထက် ဝေးကွာသည့်အတွက် ကျောင်းအဆင့်တိုးမြှင့်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ လိုအပ်သောနေရာဒေသများရှိ ကျောင်းများကို ကျောင်းအဆင့်တိုးမြှင့်ပေးနိုင်ခဲ့သဖြင့် အခြေခံပညာအထက်တန်း ကျောင်းသားဦးရေတစ်သန်းကျော်အထိ ပထမဆုံးအကြိမ် တိုးလာပါကြောင်း၊ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းစုစုပေါင်း (၄၆၄၆၈)ကျောင်းတွင် ဆရာဆရာမစုစုပေါင်း (၃၉၇၃၈၇)ဦးနှင့် ကျောင်းသား ကျောင်းသူစုစုပေါင်း (၉၁၇၆၄၅၄)ဦးအထိ ရှိလာပါကြောင်း၊ ကျောင်းအပ်နှံရေး သီတင်းပတ်တွင်လည်း စနစ်သစ်အခြေခံပညာရေးစနစ်အရ ၅နှစ်ပြည့်ပြီးကလေးများကို သူငယ်တန်း(Kindergarten-KG)တွင် ကျောင်းအပ်လက်ခံခြင်း၊ ၆နှစ်ပြည့်ပြီးကလေးများကို ပထမတန်း(Grade-1)တွင် ကျောင်းအပ်လက်ခံခြင်းတို့ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပထမတန်း(Grade-1) ကျောင်းသုံး ဖတ်စာအုပ်အသစ်များ၊ ဆရာလမ်းညွှန်စာအုပ်များဖြင့် မူလတန်းပြဆရာ ဆရာမတစ်သိန်းနီးပါးကို နွေရာသီကာလ၌ သင်တန်းပေးခဲ့ပါကြောင်း၊ ပထမတန်း(Grade-1) ကျောင်းသုံးဖတ်စာအုပ်အသစ် များကို အခမဲ့ဖြန့်ဝေခဲ့ပြီး ကျောင်းသား ကျောင်းသူများ သင်ကြားသင်ယူရာတွင် ပိုမိုစိတ်ပါဝင်စား၍ သင်ယူတတ်မြောက်မှုလည်း ပိုမိုကောင်းမွန်လာသည်ကို လေ့လာဆန်းစစ်ချက်အရ တွေ့ရှိရပါကြောင်း၊ ဝေးလံဒေသရှိ ကျောင်းသား ကျောင်းသူများနှင့် မသန်းစွမ်းကျောင်းသား ကျောင်းသူများကို ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ဒေသခံတိုင်းရင်းသားများမှ အနည်းဆုံးပညာ အရည်အချင်း န၀မတန်း(Grade-10) အောင်မြင်သူ စုစုပေါင်း(၅၁၆၁)ဦးကို တိုင်းရင်းသား ဘာသာစကားနှင့် မူလတန်းပညာသင်ကြားရန်တွက် နေ့စားလပေး(Teaching Assistant) တာဝန်ပေးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ စာသင်ခန်း၊ စာရေးခုံ၊ သင်ထောက်ကူပစ္စည်း၊ စာကြည့်တိုက်၊ သိပ္ပံခန်း၊ ကွန်ပျူတာ၊ သန့်စင်ခန်း၊ အားကစား၊ ဂီတပစ္စည်းများကိုလည်း လိုအပ်ချက်ဖြည့်ဆည်း နိုင်ရေးဆောင်ရွက်ခဲ့ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ သင်ယူတတ်မြောက်မှုအရည်အသွေး မြင့်မားရေးအတွက် ကျောင်းအုပ်၊ ဆရာ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများကို ကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်ပိုမိုမြင့်မားလာရေး မွမ်းမံသင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ကျောင်းပြင်ပမူလတန်း ပညာရေးကို မြို့နယ်ပေါင်း(၈၁)မြို့နယ်တွင် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုများကိုလည်း နွေရာသီတွင်သာမဟုတ်ဘဲ တစ်နှစ်ပတ်လုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍတွင် နည်းပညာ အထက်တန်းကျောင်းများ၊ စက်မှုလက်မှုသိပ္ပံများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ ပုဂ္ဂလိကနှင့်ပူးပေါင်း၍ ဒေသလိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့် သင်တန်းများ ဖွင့်လှစ်ခြင်း၊ ကာလတိုသင်တန်းများ ဖွင့်လှစ်ခြင်း၊ ဂျီတီအိုင်(အင်းစိန်) ပြန်လည်ဖွင့်လှစ်ခြင်းတို့ကြောင့် သင်တန်းသားဦးရေ တိုးတက်များပြားလာပြီး သင်တန်းဆရာများကို ထပ်မံဖြည့်ဆည်း ခန့်ထားပေးခဲ့ပါကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ပညာရေးဝန်ကြီးဌာန Website:www.moe.gov.mm မှ အသိပေးထုတ်ပြန် ဆောင်ရွက်ပါကြောင်း၊ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များရှိ သတ်မှတ်ထားသော တက္ကသိုလ်များတွင် ထုတ်ယူရန်၊ ပြန်လည်လျှောက်ထားရန် စီစဉ်ဆောင်ရွက်ခြင်း၊ ပထမနှစ် ကျောင်းသား ကျောင်းသူများအား နိုဝင်ဘာလလယ်မှစ၍ ကျောင်းအပ်လက်ခံခြင်းနှင့် စာသင်ဆောင်၊ ကျောင်းသား ကျောင်းသူအိပ်ဆောင်၊ စာကြည့်တိုက်နှင့် ဆရာ ဆရာမ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ပြင်ဆင် ဖြည့်ဆည်းဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတကာပူးပေါင်းဆက်သွယ်ရေးရုံးများ ဖွင့်လှစ်ခြင်း၊ ပြည်တွင်း ပြည်ပသုတေသန ဂျာနယ်များတွင် သုတေသနစာတမ်းများ ရေးသားခြင်းနှင့် (၂)နှစ်သင်ပညာရေးကောလိပ်များကို (၄)နှစ်သင်ပညာရေးဒီဂရီကောလိပ်များအဖြစ်သို့ အဆင့်မြှင့်တင်ရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ DTEd/PPTT ပညာရေးကောလိပ်ဝင်ခွင့်အတွက် မြို့နယ်အလိုက် လျှောက်ထားသူ၏ရမှတ် ကြီးငယ်စဉ် တန်းစီဇယားပြုစု၍ ရွှေးချယ်ဆောင်ရွက်ပါကြောင်း၊ နိုင်ငံတကာတက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတကာပြိုင်ပွဲများတွင် ယှဉ်ပြိုင်နိုင်မှုအခွင့်အလမ်း မြင့်မားလာ၍ ဆုရရှိလာပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှုကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မိဘ၊ ဆရာ၊ ကျောင်းသား ကျောင်းသူ၊ ပြည်သူများနှင့် ပူးပေါင်းပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အစီရင်ခံစာ စာအုပ်များကို ပေးအပ်ရာသက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြပြီး ခင်းကျင်းပြသထားသော အစီရင်ခံစာပါ အချက်အလက်မှတ်တမ်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

No comments:

Post a Comment