Thursday, August 29, 2019

သင်ကြားသင်ယူမှု အထောက်အကူပြု Learning App များပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ၂၀၁၉ ဩဂုတ် ၂၅
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနသို့ 360 Ed မှ (Augmented Reality-AR) ခေါ် သုံးဖက်မြင် ရုပ်လုံးကြွနည်းပညာကိုသုံး၍ သင်ကြားသင်ယူမှုအထောက်အကူပြု Learning App များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ၂၀၁၆ ခုနှစ်မှစ၍ ပညာရေးပြုပြင်ပြောင်းလဲမှုများကို ပြုပြင်ပြောင်းလဲဆောင်ရွက်ခဲ့ပြီး အားလုံး၏ပါဝင်မှုဖြင့် ပြုပြင်ပြောင်းလဲသင့်သည်များကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် အခြေခံပညာသင်ရိုးညွှန်းတမ်းများကို အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းတွင် ဖော်ပြထားသည့်အတိုင်း ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ သင်ယူသူများကို ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားစေရန်နှင့် စွမ်းဆောင်ရည်ရှိလာစေရန် မူလတန်းသင်ရိုးညွှန်းတမ်း Grade-1, Grade-2, Grade-3 စာအုပ်များကို ဂျပန်နိုင်ငံ JICA Create ၏အကူအညီဖြင့် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ခဲ့ပါကြောင်း၊ အလယ်တန်း၊ အထက်တန်းသင်ရိုးကို ADB ၏ချေးငွေနှင့် EU ၏အကူအညီဖြင့် ပြုပြင်ပြောင်းလဲလျက်ရှိပြီး ယခုနှစ်တွင် Grade-6 စာအုပ်များကို အသုံးပြုနေပြီဖြစ်ပါကြောင်း၊ လာမည့်ပညာသင်နှစ်တွင် Grade-4, Grade-7 နှင့် Grade-10 သင်ရိုးညွှန်းတမ်း စာအုပ်အသစ်များကို အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ သင်ယူမှုအားကောင်းရန်နှင့် ကျောင်းသား ကျောင်းသူများ၏ စွမ်းဆောင်ရည်ကို အမြင့်ဆုံးနှင့် အကောင်းဆုံးဖြစ်စေရန် သင်ရိုးညွှန်းတမ်းများကို ပြောင်းလဲခြင်းဖြစ်ပါကြောင်း၊ ယနေ့ ၂၁ ရာစုနှစ်တွင် ဘာသာရပ်သင်ရိုးညွှန်းတမ်းများ၌ (Internet of Things-IOT), Big data, cyber-physical systems or robotics နည်းပညာတို့နှင့် ပေါင်းစပ်ဆောင်ရွက်ရန် အရေးကြီးသည့်အတွက် သင်ရိုးညွှန်းတမ်းများကို (Industry Revolution 4.0) နှင့် လိုက်လျောညီထွေရှိ‌စေရန် ပေါင်းစပ်ဘာသာရပ်နယ်ပယ်များအဖြစ် အသိပညာပေးနိုင်ရန် ဦးတည်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို လူသားကောင်းများဖြစ်လာစေရန်၊ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိပြီး အပြန်အလှန်လေးစား ကူညီတတ်သည့် စိတ်ဓာတ်ကောင်းများ၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရှိရန်နှင့် အကူအညီပေးသည့် ကျေးဇူးတန်ဖိုးကို သိရှိနားလည်တတ်သူများ ဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးရမည် ဖြစ်ပါကြောင်း၊ စည်းကမ်းကိုလေးစား လိုက်နာတတ်ပြီး ဒီမိုကရေစီစနစ်တွင် တာဝန်ယူတာဝန်ခံ၍ အကောင်းဆုံးပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းရှိသူများ၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိသော မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ တစ်သက်တာသင်ယူသူများ ဖြစ်လာစေရန် သင်ကြားသင်ယူ လေ့ကျင့်ပေးရမည် ဖြစ်ပါကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် လိုက်လျောညီထွေရှိသော တီထွင်ဖန်တီးနိုင်စွမ်းရှိသည့် လူငယ်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းသို့ဖန်တီးနိုင်စွမ်း ရှိလာစေရန်အတွက် ကျောင်းသား ကျောင်းသူများကို အခြေခံပညာဖြစ်သည့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းမှစ၍ သင်ယူပြီးရင်း သင်ယူမှုကို အားပေးမြှင့်တင်ပေးရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဒေသ၏ ကောင်းကျိုး၊ ကမ္ဘာကြီး၏ကောင်းကျိုးကို ဖန်တီးဆောင်ရွက်ပေးနိုင်သည့်အပြင် ကောင်းမွန်သော သဘောထားအမြင်နှင့် တန်ဖိုးထားလေးစားနိုင်စွမ်းရှိသည့် ကျောင်းသား ကျောင်းသူများ၊ သင်ယူသူလူငယ်များကို ပြုစုပျိုးထောင်ပေးနိုင်ပါက မိမိတို့နိုင်ငံ၏ပညာရေးကို တန်ဖိုးထားလေးစားလာမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများအတွက် သင်ယူတတ်မြောက်မှု ပိုမိုကောင်းမွန်စေရန် အင်္ဂလိပ်စာအရည်အသွေးနှင့် အိုင်စီတီအရည်အသွေး တိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ‌ထို့ပြင် နည်းပညာသည် ကျောင်းသား ကျောင်းသူများ၏အနာဂတ်တွင် မဖြစ်မနေလိုအပ်သည်ကိုလည်း သိရှိရန်လိုအပ်ပြီး ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း နည်းပညာကို အပျော်သဘောဖြင့် မဟုတ်ဘဲ လေးလေးနက်နက် လေ့လာသင်ယူကြစေလိုကြောင်း၊ ယခုကဲ့သို့နည်းပညာ ကူညီပံ့ပိုးပေးသည့် အလှူရှင်များ၏အခန်းကဏ္ဍသည်လည်း အရေးကြီးသကဲ့သို့ ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ပူးပေါင်းကူညီပံ့ပိုးမှုများကိုလည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် တန်ဖိုးထားလေးစားပါကြောင်း ပြောကြားသည်။ ထို့နောက် 360 Ed ၏ CEO နှင့် Founder ဖြစ်သူ ဒေါ်လှလှဝင်းက လှူဒါန်းရခြင်း၏ရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး 360 Ed ၏ Co-Founder ဦးရန်မင်းအောင်က Grade-1 အင်္ဂလိပ်စာ ဘာသာရပ်အတွက် 360 Ed ၏ သင်ထောက်ကူ Application ကို မိတ်ဆက်တင်ပြသည်။ ယင်းနောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ 360 Ed မှ ရေးဆွဲသည့် Grade-1 အင်္ဂလိပ်စာဘာသာရပ် သင်ရိုးအထောက်အကူပြု Application သည် သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို အသံထွက်မှန်ကန်စွာဖြင့် သင်ယူလေ့လာနိုင်ခြင်း၊ ကျောင်းသား ကျောင်းသူများအတွက် လှုပ်ရှားသက်ဝင်မှု ပိုမိုကောင်းမွန်သော လေ့လာမှုနှင့် ပတ်ဝန်းကျင်ကို ကျောင်းတွင်သာမက အိမ်တွင်ပါ သင်ယူလေ့လာနိုင်ခြင်း၊ မိဘများအနေဖြင့် မိမိတို့၏သားသမီးများ စာလေ့လာသည့်နေရာတွင် စောင့်ကြည့်လမ်းညွှန်နိုင်ခြင်း၊ ဆရာ ဆရာမများအနေဖြင့် စာသင်ခန်းများတွင် သင်ခန်းစာပို့ချရာ၌ ကိုးကား၍ သော်လည်းကောင်း၊ သင်ထောက်ကူအနေဖြင့်လည်းကောင်း အသုံးပြုနိုင်ကြောင်း သိရသည်။

No comments:

Post a Comment