Tuesday, March 6, 2018
ကျောင်းဆောင် သစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ
နေပြည်တော် ၂၀၁၈ မတ် ၎
နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် နိပွန် ဖောင်ဒေးရှင်း (စေတနာအဖွဲ့) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် ရှမ်းပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာသင်ကြားခြင်း စီမံကိန်းမှ ဆောင်ရွက် ပြီးစီးခဲ့သည့် စာသင်ကျောင်း (၃၀၀)ပြည့် အထိမ်းအမှတ် ကျောင်းဆောင် သစ်ဖွင့်ပွဲ အခမ်းအနားအား မတ်လ (၃)ရက် နံနက်ပိုင်းတွင် ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပရာ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဝင်းမင်းထွန်း၊ ဒုတိယ ဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr. Yohei SASAKAWA ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ စီးပွားရေးသံမှူးဖြစ်သူ Mr. Kazuyuki Takimi ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာအဖွဲ့ တာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူအင်အား (၁၀၀၀) ကျော် တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော် ဥက္ကဌမန်းဝင်းခိုင်သန်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ နိပွန်ဖောင် ဒေးရှင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ စီးပွားရေးသံမှူး တို့က ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အမှတ်တရသစ်ပင်များ စိုက်ပျိုးပေးခဲ့သည်။ ယင်းနောက် ကျောင်းဆောင်သစ်ကို လှည့်လည်ကြည်ရှု့ စစ်ဆေးခဲ့ပြီး အဆိုပါ ကျောင်းဝင်းအတွင်း ဆောက်လုပ် လှူဒါန်းထားသော ကလေးကစားကွင်းအား နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ ဒုတိယပိုင်း အစီအစဉ်ကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ယနေ့ အခမ်းအနားသည် နိပွန်ဖောင်ဒေးရှင်း (စေတနာ) အဖွဲ့က ရှမ်းပြည်နယ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့သော စာသင်ကျောင်းပေါင်း (၃၀၀) ပြည့် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ပညာရေးကဏ္ဍ မြင့်မားရေးအတွက် အားသစ်လောင်းသည့် နေ့လည်း ဖြစ်ကြောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် မူဝါဒ (၄)ရပ်၊ ရည်မှန်းချက် (၇)ရပ်၊ လုပ်ငန်းစဉ် (၁၈)ရပ် ချမှတ်ပြီး နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်လျက် ရှိရာတွင် နှစ်နိုင်ငံအစိုးရ အဖွဲ့များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့ အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိပွန်ဖောင်ဒေးရှင်း (စေတနာ) အဖွဲ့နှင့် ၂၀၀၂ခုနှစ်က စတင်ပူးပေါင်း ဆောင်ရွက်ခဲ့ရာ ယခုအခါ စာသင်ကျောင်းဆောင်သစ် (၃၀၀) ဆောက်လုပ်ပေးနိုင် သကဲ့သို့ အချို့ကျောင်းများကို ပြုပြင်ပေးနိုင် ခဲ့ပါကြောင်း ထိုသို့ဆောင်ရွက်ရာတွင် ရပ်ရွာ အခြေပြုလူထု ပူးပေါင်းပါဝင်မှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်၍ ပူးပေါင်းပါဝင်ခဲ့သော ဒေသခံလူထု၏ လုပ်အားခကို ကျောင်းရန်ပုံငွေအဖြစ် ထူထောင် ပေးနိုင်သည့်အပြင် ရေရှည် ထိန်းသိမ်းရေးအတွက် ကောင်းမွန်သည့် အကျိုးကျေးဇူးများ ရရှိစေခဲ့ကြောင်း ဆက်လက်ပြီး နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေပံ့ပိုးမှုနှင့် အတူလာမည့် စီမံကိန်း စတုတ္တအဆင့်အဖြစ် ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် (တောင်ပိုင်း) အပြင် ကယားပြည်နယ် ကိုပါ တိုးချဲ့ပြီးစာသင် ကျောင်းပေါင်း(၁၂၀)ဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီး ဌာနအနေဖြင့် အမျိုးသားပညာရေး မူဝါဒ (မဟာဗျူဟာစီမံကိန်း) မှာ ဖော်ပြထားသည့်အတိုင်း မည်သူတစ်ဦး တစ်ယောက်ကိုမျှ ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ် လူငယ်လူရွယ် အားလုံးကို လူသားကောင်းများ ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးနေကြောင်း ကျောင်းသား/သူ အားလုံးအသင်းအဖွဲ့ စိတ်ဓါတ်တည်ဆောက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ပူးပေါင်း ဆောင်ရွက်တတ်အောင် လေ့ကျင့်ပေးနေကြောင်း။ အရည်အသွေး မြင့်မားသည့် ဆရာကောင်းများ မွေးထုတ် နိုင်ရေးအတွက် ပညာရေး ကောလိပ်များကို (၄) နှစ်သင် ပညာရေး ဒီဂရီကောလိပ်များ ဖြစ်အောင် အဆင့်မြှင့် တင်ပေးနေပါကြောင်း ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ နိပွန်ဖောင်ဒေးရှင်းဥက္ကဌ Mr. Yohei SASAKAWA က ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးလုပ်ငန်းများအပေါ် ကူညီ ဆောင်ရွက်ပေးနေမှုများနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးဖော် ဆောင်နိုင်ရေးတို့အတွက် နိပွန်ဖောင်ဒေးရှင်းမှ ပူးပေါင်းပါဝင် ဆောင်ရွက်နေမှု အခြေအနေများ ကိုရှင်းလင်း ပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ စီးပွားရေးသံမှူး Mr. Kazuyuki Takimiက ဂျပန်အစိုးရ၏ ဖွံ့ဖြိုးမှု အကူအညီပေးရေး အစီအစဉ်သည် ဂျပန်နိုင်ငံပြည်သူများကို ကိုယ်စားပြုနေသောကြောင့် ယခုဆောက်လုပ်ပေးသော ကျောင်းဆောင်သစ်များကို ရေရှည်ထိန်းသိမ်းပြီး ကလေးငယ်များ၏ ပညာရည် မြင့်မားရေး ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းမှာ ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ဥက္ကဋ္ဌတို့က ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း ဘဏ္ဍာနှစ်အလိုက် စာသင်ကျောင်း များတိုးချဲ့ ဖွင့်လှစ်ပေးနိုင်မှု အခြေအနေများကို ရှင်းလင်းပြောကြား၍ ဒေသခံပြည်သူလူထု၏ လူမူစီးပွား ဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံမဏ္ဍိုင်ဖြစ်သော ပညာရေးကဏ္ဍ တိုးတက်အောင်မြင်ရန် ရန်ပုံငွေများ ကူညီပံ့ပိုးပေးသည့် နိပွန် ဖောင်ဒေးရှင်းနှင့် စီမံကိန်းလုပ်ငန်းများအား လက်တွေ့ အကောင်အထည် ဖော်ဆောင်ရွက်ပေးသည့် စေတနာ အဖွဲ့တို့အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး မဒေသခံတိုင်းရင်းသား ပြည်သူတစ်ဦးမှ လည်းယခုကဲ့သို့ စာသင်ကျောင်းသစ်ဆောက်လုပ် ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ဆက်လက်၍ နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့) က ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက် စာတမ်းများ၊ ကျောင်းရန်ပုံငွေ (၇၃)သိန်းနှင့် အားကစားပစ္စည်းများအား တာဝန်ရှိသူများထံ ပေးအပ်သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသော အမျိုးသားလွှတ်တော်ဉက္ကဌ မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များအား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြား ခြင်းစီမံကိန်းစာသင်ကျောင်း (၃၀၀)ပြည့် ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနား အထိမ်းအမှတ် တံဆိပ်နှင့် ဒေသထွက် လက်ဆောင် ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment