Sunday, March 11, 2018
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပဲခူးမြို့ရှိ ကျောင်းများတွင် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု
ရန်ကုန် ၂၀၁၈ မတ် ၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်၊ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၁၈ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေကြသည့် စာစစ်ဌာနများသို့ရောက်ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့(သင်္ချာဘာသာရပ်)ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုသည်။
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျောင်းသားကျောင်းသူများ သင်္ချာဘာသာရပ် ဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုပြီး ကြီးကြပ် ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအား ကျောင်းသား ကျောင်းသူများ စာမေးပွဲကာလအတွင်း စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရေးနှင့် စာမေးပွဲစည်းမျဉ်းများအတိုင်း လိုက်နာဆောင်ရွက်ကြရန် မှာကြားသည်။ ပဲခူးတိုင်းဒေသကြီး၌ စာစစ်ဌာနပေါင်း(၁၄၂)ခုတွင် ကျောင်းသား ကျောင်းသူ (၇၄၃၁၄)ဦး စာရင်းပေးသွင်းကြပြီး(၆၉၂၉၇)ဦး ၀င်ရောက်ဖြေဆိုကြကာ ပျက်ကွက်သူဦးရေ(၅၀၁၇)ဦးရှိသဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၃ ဒသမ ၂၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment