Monday, September 17, 2018
အထည်ချုပ် နည်းပညာ ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
ဖက်ရှင်နည်းပညာနှင့် အထည်ချုပ်လုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးစင်တာတို့ ပူးပေါင်းဖွင့်လှစ်သည့် အထည်ချုပ် နည်းပညာ ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ အစိုးရ စက်မှုလက်မှုသိပ္ပံ(အင်းစိန်)ကျောင်းရှိ ဒက္ခိဏကျောင်းဆောင်ပထမထပ်၌ ကျင်းပသည်။ အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဘောင်ကို ချမှတ် ထားပြီး ပိုမို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဒုတိယသမ္မတဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးကော်မတီ ကို ဖွဲ့စည်းခဲ့ပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဘောင်တွင်ပါရှိသည့် မဏ္ဍိုင်(၅)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီ(၅)ရပ်ကို ထပ်မံဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါ လုပ်ငန်းကော်မတီ(၅)ရပ်ထဲတွင် အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်းကော်မတီအနေဖြင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် နှီးနှောဖလှယ်ပွဲတစ်ခုဆောင်ရွက်ခဲ့ ပြီး အဆိုပါ နှီးနှောဖလှယ်ပွဲတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များက အထည်ချုပ်နှင့်သက်ဆိုင်သည့် သင်တန်းအား ပထမဦးစားပေးအဖြစ် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကြသဖြင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးစင်တာတို့ ပူးပေါင်း၍ အခြေခံ မော်တာစက်ချုပ်သင်တန်းအား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက စတင်၍ ဖွင့်လှစ်ခဲ့ပြီး ယနေ့ထိဆိုရင် (၂၉)ကြိမ် အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား စုစုပေါင်း(၁၆၀၀)ဦးခန့်မွေးထုတ်ပေးနိုင်ခဲ့ ပါကြောင်း၊ အဆိုပါ စက်ချုပ် သင်တန်းသားများကို ၀န်ကြီးဌာန အနေဖြင့် စားသောက်စရိတ်၊ ခရီးစရိတ်နှင့် သင်ကြားရေး အထောက်အကူပြု စာရွက်စာတမ်းများ ထောက်ပံ့ပေးခဲ့သည့်အပြင် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးစင်တာအနေဖြင့် သင်တန်းသား သင်တန်းသူ ၉၅ ရာခိုင်နှုန်းကို အထည်ချုပ်စက်ရုံများနှင့်ချိတ် ဆက်၍ အလုပ်အကိုင်ရရှိစေရန် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်းဖြင့်ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယခုကျင်းပဖွင့်လှစ်သည့် သင်တန်းသည် အထည်ချုပ်ဆိုင်ရာ ဆရာဖြစ်သင်တန်းဖြစ်ပြီး ပညာရေးဝန်ကြီးဌာနမှ ချည်မျှင်နှင့်အထည် နည်းပြ(၁၅)ဦး၊ အထည်ချုပ်သင်တန်း ကျောင်းမှ ဆရာ(၆)ဦး၊ စုစုပေါင်း(၂၁)ဦးကို သီရိလင်္ကာနိုင်ငံမှ ပညာရှင်(၃)ဦးအား ဖိတ်ကြား၍ သင်ကြားပို့ချပြီး ဆရာဖြစ်သင်တန်းမှရရှိလာသည့် ပညာရပ်များကို တစ်ဆင့်ပြီးတစ်ဆင့် ပြန်လည်ဖြနေ့်ဝခြင်းဖြင့် အထည်ချုပ် ကဏ္ဍ၏ကျွမ်းကျင်နည်းပြ ဆရာ၊ ဆရာမလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဟုယုံကြည်ပါကြောင်း၊ ပညာ ရေးဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ သင်တန်းများအား ရှေ့ဆက်လက်ပြီး ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် တိုင်းနှင့်ပြည်နယ်အသီးသီးတွင်လည်း အလားတူ သင်တန်းများပံ့ပိုးပေးနိုင်ပါက နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးစင်တာသင်တန်း ကျောင်း ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်နွယ်က လေ့ကျင့်သင်ကြားရေးနှင့်အလုပ်အကိုင်ချိတ်ဆက်မှုများကို ရှင်းလင်းတင်ပြ ရာတွင် ၂၀ဝ၉ ခုနှစ် ဂျပန်အစိုးရ အထောက်အပံ့ဖြင့် မြန်မာ့အထည်ချုပ်ကဏ္ဍသည် အရည်အသွေး ပြည့်မီသော ချုပ်ထည်များကို ဂျပန်ဈေးကွက်သို့ အောင်မြင်စွာတင်ပို့နိုင်ခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ဥရောပ သမဂ္ဂ(EU)၏ GSP ခံစားခွင့်ပြုချိန်မှစ၍ ဥရောပသမဂ္ဂ(EU)နှင့် ဂျာမနီနိုင်ငံတို့မှ Technical Support များစွာ ရရှိခဲ့ပြီး၊ Compliance Training များစွာ ရရှိခြင်း၊ Market ချိတ်ဆက်နိုင်ခဲ့ခြင်းတို့ကြောင့် ဥရောပသမဂ္ဂ(EU)သို့ တင်ပို့နိုင်မှုသည် များစွာတိုးတက်လာခဲ့ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများသို့ မြန်မာအထည်အလိပ်တင်ပို့မှုသည် ဂျပန်၏ ထုတ်လုပ်မှုနှင့် အရည်အသွေးနှင့် နည်းပညာရရှိပြီး ၂၀၁၀ ခုနှစ်တွင် အမေရိကန် ဒေါ်လာသန်း(၂၀ဝ)ခန့်မှ ၂၀၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်း(၈၅၀)ခန့်အထိလည်းကောင်း၊ ဥရောပသမဂ္ဂ(EU)၏ Generalized System of Preference (အခွန်အခဆိုင်ရာ အခွင့်အရေး အထူးခံစားခွင့်)ရရှိပြီး၊ ၂၀၁၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာသန်း(၁၁၀ဝ)ခန့်မှ ၂၀၁၆ ခုနှစ်တွင် အမေရိကန် ဒေါ်လာသန်း(၂၁၀ဝ)ခန့်အထိလည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် အမေရိကန် ဒေါ်လာသန်း (၂၇၀ဝ)ခန့်အထိလည်းကောင်း တိုးတက်လာခဲ့ပါကြောင်း၊ လက်ရှိတွင် အထည်ချုပ်လုပ်ငန်း၌ လုပ်သားဦးရေ (၄)သိန်းဝန်းကျင် ရှိနေပြီး၊ ၂၀၂၄ ခုနှစ်တွင် လုပ်သားဦးရေ (၁၀)သိန်း ခန့်အထိ တိုးမြှင့်ခန့်ထားနိုင်ရန်နှင့် ပြည်ပပို့ကုန် အမေရိကန်ဒေါ်လာ (၁၀)ဘီလီယံ တင်ပို့နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းတင်ပြသည်။ အဆိုပါသင်တန်းတွင် သင်တန်းသား သင်တန်းသူ ၂၁ ဦးတက်ရောက်ကြပြီး ပညာရေးဝန်ကြီးဌာနမှ ချည်မျှင်နှင့်အထည် နည်းပြ(၁၅)ဦး၊ အထည်ချုပ်သင်တန်းကျောင်းမှ ဆရာ(၆)ဦး၊ စုစုပေါင်း(၂၁)ဦးနှင့် သီရိ လင်္ကာနိုင်ငံမှ ပညာရှင်(၃)ဦးက အထည်ချုပ်လုပ်မှု၊ အုပ်ချုပ်မှု၊ အလုပ်ခန့်ထားမှု၊ စက်ပိုင်းဆိုင်ရာထိန်းသိမ်းမှု၊ အလုပ်ခွင်ဆိုင်ရာ စီမံခန့်ခွဲမှု စသည့် အထည်ချုပ်ဆိုင်ရာပညာရပ်များကို စက်တင်ဘာ ၁၇ ရက်မှစ၍ တစ်လ ခွဲကြာ သင်ကြားပေးသွားမည်ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်များအဖွဲ့နှင့်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘာသာရပ်များ၊ လူမှုရေးသိပ္ပံဘာသာရပ်များမှ ဆရာ ဆရာမများနှင့်လည်းကောင်း တွေ့ဆုံ၍ ပညာရေးကဏ္ဍ အရည်အသွေးမြင့်မားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment