နေပြည်တော် ၂၀၁၈ စက်တင်ဘာ၁၂
ပညာရေးဝန်ကြီးဌာနကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျောင်းပြင်ပမူလတန်းပညာရေးအစီအစဉ် (NFPE)လုပ်ငန်းများတွင် ထိရောက်စွာလုပ်ငန်းကြီးကြပ်နိုင်ရေးနှင့်နည်းပြသင်တန်းများတွင် ပါဝင်ပို့ချနိုင်ရေးအတွက် ရည်ရွယ်၍
ကျောင်းပြင်ပမူလတန်းပညာရေး သင်ရိုးညွှန်းတမ်းနှင့် ကြီးကြပ်ဆန်းစစ်ခြင်း (NFPE Curriculum and Monitoring) နှင့်စပ်လျဉ်းသည့်စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို (၁၂၊၉၊ ၂၀၁၈)ရက်နေ့မွန်းလွဲ(၁)နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးအမှတ်(၅၂)ရှိ အစည်းအဝေး ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပညာရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ ၊မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာနမှ သင်တန်းနည်းပြ ဆရာကြီးဆရာမကြီးများနှင့် သင်တန်းသားသင်တန်းသူ၊ အရာထမ်း အမှုထမ်းများ တက်ရောက်ကြသည်။ ရှေးဦးစွာပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ခဲ့ကြရသူ၊ ကျောင်းမနေခဲ့ရသူများအား ကျောင်းပြင်ပပညာရေး၊ သက်ကြီး စာတတ်မြောက်ရေးလုပ်ငန်းစဉ်များဖြင့် ပညာသင်ယူမှုအခွင့်အလမ်းရရှိအောင်ဆောင်ရွက်ပေးနေပါကြောင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကျောင်းပြင်ပမူလတန်းပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေသလို အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကိုလည်း ရက်ပေါင်း(၄၀)အတွင်း တတ်မြောက်အောင် သင်ကြား ဆောင်ရွက်ပေးနေပါကြောင်း ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်း၏အားနည်းချက် အားသာချက်များကိုတွေ့ရှိရပါကြောင်း လုပ်ငန်းအားသာချက်များကို ပိုမိုအားကောင်းလာစေပြီး လုပ်ငန်းအားနည်းချက်များကို ပြန်လည်စီစစ်၍ အားကောင်းအောင်ဆောင်ရွက်နိုင်မည်ဟုယုံကြည်ပါကြောင်း စွမ်းရည်မြှင့်သင်တန်းကို လာရောက်ပို့ချပေးသော မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာနမှ ဆရာကြီး ဆရာမကြီးများကိုအထူးကျေးဇူးတင်ရှိပါကြောင်းနိုင်ငံသူနိုင်ငံသားတို့၏ ပညာအရည်အသွေးမြင့်မားရေးအတွက် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများတို့၏ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုများသည် အလွန်အရေးကြီးပါကြောင်းဆက်လက်၍အရာထမ်းအမှုထမ်းများအနေဖြင့် တာဝန်ယူတာဝန်ခံ ဆောင်ရွက်မှုများဖြင့် လုပ်ငန်းများအောင်မြင်အောင် ပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်းစသည်ဖြင့်အမှာစကားပြောကြားသည်။ သင်တန်းကို ၂၀၁၈ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့မှ (၁၆)ရက်နေ့အထိဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတွင် မြန်မာနိုင်ငံစာတတ်မြောက်ရေးအထောက်အကူပြုပင်ပမဌာနမှ ပညာရှင်ကြီးဆရာကြီးဆရာမကြီးများက သင်ကြားသင်ယူမှုဆိုင်ရာချဉ်းကပ်နည်းများ၊ စာသင်ခန်းတွင်းစီမံခန့်ခွဲမှုများ၊ ကြီးကြပ်အကဲဖြတ်ခြင်း၊ စစ်ဆေးအကဲဖြတ်ခြင်း၊ ရလဒ်မှတ်တမ်းများကို ထိန်းသိမ်းထားမှု ပုံစံများကိုဆွေးနွေးသင်ကြားပို့ချကြောင်းသတင်းရရှိသည်။
No comments:
Post a Comment