Sunday, September 9, 2018

၂၀၁၈ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ


 နေပြည်တော် ၂၀၁၈ စက်တင်ဘာ ၈

ပညာရေးဝန်ကြီးဌာန၊ ၂၀၁၈ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပညာရေးဝန်ကြီးဌာနရုံးအမှတ် (၂၁)၌ ကျင်းပပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌဌနှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီး ဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များအဖွဲ့၊ မြန်မာစာအဖွဲ့၊ အမျိုးသားသင်ရိုးညွှန်းတမ်း ပြုစုရေးဆွဲရေးကော်မတီ အဖွဲ့ဝင်များ၊ အမျိုးသားပညာရေးအဆင့်အတန်းနှင့်
အရည်အသွေးအာမခံမှုကော်မတီမှ ပညာရှင်ကြီးများ၊ နိုင်ငံတကာဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ အခမ်းအနားကို ပျဉ်းမနား၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက တို့အင်တို့အား သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။ အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောရာတွင် မြန်မာနိုင်ငံတွင် လူထုအခြေပြု စာတတ်မြောက်ရေး(အသုံးလုံး) လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြောင်း၊ စာတတ်မြောက်ရေးလုပ်ငန်းများ၏ အောင်မြင်မှုအပေါ် ယူနက်စကို အဖွဲ့ကြီးကချီးမြှင့်သည့်‌ မိုဟာမက် ရီဇာပါလာဗီဆု ကို ၁၉၇၁ခုနှစ်နှင့် နိုမာဆုကို ၁၉၈၃ခုနှစ်တွင် မြန်မာနိုင်ငံက လက်ခံရရှိခဲ့ပါကြောင်း၊ (Sustainable Development Goal-4) အရလူတိုင်း အကျုံးဝင်၍ မျှတသော အရည်အသွေး ပြည့်‌ဝသည့် ပညာရေးနှင့် အားလုံးအတွက် ဘဝတစ်သက်တာ သင်ယူမှု အခွင့်အလမ်းရရှိရေး ဆောင်ရွက်နိုင်ရန်အတွက် ၂၀၃၀ပြည့်နှစ်တွင် လူငယ်နှင့် အရွယ်ရောက်သူများ (အမျိုးသားနှင့် အမျိုးသမီးများအပါအဝင်)အရေး၊ အဖတ်နှင့် အတွက်အချက် တတ်မြောက်စေရန်စသည့် ရည်မှန်းချက်ကို ပြည့်မီအောင်လည်း ကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယူနက်စကို၏ ၂၀၁၈ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အတွက် ဆောင်ပုဒ်မှာ “Literacy and Skills Development” “နည်းပညာကျွမ်းကျင်မှုဖွံ့ဖြိုးဖို့၊ စာတတ်မြောက်ရေး ဆောင်ရွက်စို့” ဖြစ်ပါကြောင်း၊ ဆောင်ပုဒ်မှာပါရှိသည့် အကြောင်းအရာများသည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (National Education Strategic Plan-NESP)(၂၀၁၆-၂၀၁၇)၏ မူဝါဒနှင့် စီမံကိန်းလုပ်ငန်း အညွှန်းဘောင်မှာ ဖော်ပြထားသော ကျောင်းပြင်ပပညာရေးကို အကောင်အထည်ဖော်ရာမှာ နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေး အစီအစဉ်များနှင့် ချိတ်ဆက်၍ အကောင်အထည်ဖော်သွားရန်ဆိုသည့် အချက်နှင့်ကိုက်ညီနေသည်ကိုတွေ့ရပါကြောင်း၊ တကယ် လက်တွေ့ဖော်ဆောင်ရာမှာ သက်ဆိုင်ရာ ဦးစီးဌာနများ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက် သွားကြရမှာဖြစ်ပါကြောင်း။ ယနေ့ ကမ္ဘာပေါ်မှာ ကျောင်းမတက်ဖူးသော ကလေးများနှင့် အရွယ်မရောက်သေးသူ သန်းပေါင်း ၂၆၀(နှစ်ရာ့ခြောက်ဆယ်)ကျော် ရှိပြီး ကလေးများနှင့် အရွယ်မရောက်သေးသူ ၆၁၇ (ခြောက်ရာတစ်ဆယ့်ခုနစ်)သန်းခန့်တွင် ဆယ်ဦးလျှင် ခြောက်ဦးမှာ အခြေခံအရေးအဖတ်အတွက် တတ်မြောက်ခြင်း မရှိကြတာကို လေ့လာတွေ့ရှိရမှာ ဖြစ်ပါကြောင်း၊ လူငယ် လူကြီးသန်း ၇၅၀(ခုနစ်ရာ့ ငါးဆယ်)သည် ယနေ့ထက်တိုင် အရေး အဖတ် အတွက် မတတ်မြောက်သေးပါဘူး။ သုံးပုံနှစ်ပုံသည် အမျိုးသမီးများဖြစ်ပါကြောင်း၊ ဒီလိုစိုးရိမ်စရာကောင်းသော စိန်ခေါ်မှုတွေကြောင့် စာမတတ်မြောက် သူတွေကို အဆင့်အတန်းခွဲခြားခြင်း၊ ကျားမမညီမျှခြင်း စသသည်တို့ကို စဉ်ဆက်မပြတ် သံသရာလည်စေနေတာကိုလည်း လေ့လာတွေ့ရှိရမှာ ဖြစ်ပါကြောင်း၊ ဒါ့အပြင် အရှိန်အဟုန်မြင့်မားစွာ နည်းပညာ ဖွံ့ဖြိုးတိုးတက်နေတာဟာလည်း စာမတတ်သူများအတွက် ပိုမိုကြီးမားသော စိန်ခေါ်မှု အသစ်တစ်ရပ် ဖြစ်လာစေပါကြောင်း၊ လူ့အဖွဲ့အစည်း အသိုင်းအဝန်းအတွင်း နေထိုင်ရပ်တည်နိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းနှင့် လူမှုစီးပွားဝန်းကျင်ကောင်းများ ဖန်တီးရရှိနိုင်ရန် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် အခြေခံအရေးအဖတ် အတွက်အချက်စွမ်းရည်များ ရှိရုံဖြင့် မလုံလောက်ပါ။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာအစရှိသည့် နည်းပညာ အသစ်အဆန်းကို ကျွမ်းကျင်စွာအသုံးပြု၍ ဆန်းသစ်တီထွင်နိုင်သည့် စွမ်းရည်များရှိရန် မဖြစ်မနေ ရရှိလာအောင် ဆောင်ရွက်ရန် လိုအပ်လာပါကြောင်း။ ကမ္ဘာပေါ်မှာလိုပဲ မြန်မာနိုင်ငံမှာလည်း ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ လူဦးရေ၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည့် ၅သန်းဝန်းကျင်သည် ကျောင်းနေအရွယ်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေဘူးသူများ (သို့မဟုတ်) ကျောင်းထွက်ခဲ့ကြပြီး စာမတတ်သူများ ဖြစ်နေကြတာကိုလည်း တွေ့ရှိရမှာဖြစ်ပါကြောင်း၊ ဒီအခြေအနေများကြောင့် ပညာရေးဝန်ကြီးဌာနက ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနကို ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီးနောက် အသက် ၁၀နှစ်နှင့် ၁၄နှစ်ကြား ကျောင်းပညာမသင်ယူခဲ့ရသော ပြီးဆုံးအောင် သင်ယူခွင့်မရခဲ့ဘဲ ကျောင်းထွက် ခဲ့ရသည့် ကလေးများအတွက် ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်ဖြင့် ကျောင်းပြင်ပ အလယ်တန်း ပညာရေး အစီအစဉ်ကိုလည်းကောင်း၊ အသက်အုပ်စုအားဖြင့် (၁၅)နှစ်နှင့် အထက် အရွယ်များ အတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းအစီအစဉ်၊ ၄င်းမှတစ်ဆင့် စာဖတ်ရှိန် မြှင့်တင်ရေး အစီအစဉ်၊ ဝင်ငွေတိုးပွားရေး အစီအစဉ်နှင့် နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေး အစီအစဉ်များပါဝင်သော စဉ်ဆက်ပညာရေး လုပ်ငန်းအစီအစဉ်များကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ ပူးပေါင်းကူညီမှုဖြင့် တိုးချဲ့လုပ်ဆောင်နိုင်အောင် ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန သည် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ပူးပေါင်းမှုဖြင့် ၂၀၁၆ခုနှစ် နိုဝင်ဘာလက ကယားပြည်နယ် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းမှာ(၄၇၇၅)ဦး၊ ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလက ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းမှာ(၂၅၇၀၂)ဦး၊ ဇူလိုင်လမှာ ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်ဖြူနှင့် သံတွဲခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းမှာ (၃၁၄၅)ဦး၊ နိုဝင်ဘာလတွင် ကရင်ပြည်နယ် စာတတ်မြောက်ရေးလုပ်ငန်းမှာ(၁၀ဝ၆)ဦး၊ တနင်္သ࿿ာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းမှာ(၅၆၀)ဦး၊ ၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလက ရှမ်းပြည်နယ် (အရှေ့ပိုင်း)အခြေခံစာတတ်မြောက်ရေး လုပ်ငန်းမှာ (၂၂၉၈)ဦးနှင့် မေလအတွင်းက ဆောင်ရွက်ပြီးစီးခဲ့သော မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများမှာ တတ်မြောက်သူ (၄၆၉၀)ဦး အပါအဝင် စုစုပေါင်း (၄၂၁၇၆)ဦးတို့ကို အခြေခံအရေး၊ အဖတ်၊ အတွက် တတ်မြောက်သွားအောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ နည်းပညာလျှင်မြန်စွာ ပြောင်းလဲတိုးတက်မှု များကြောင့် မျိုးဆက်သစ်လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိရေးမှာ ယှဉ်ပြိုင်မှုများ ပိုမိုမြင့်မားလာပါကြောင်း၊ အလုပ်အကိုင်ကောင်းကောင်းရရှိရန် ကျွမ်းကျင်မှုရှိရန် လိုအပ်ပါကြောင်း၊ နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးဆိုင်ရာ သင်တန်းများဖြင့် ကျွမ်းကျင်မှုများရရှိရေးအတွက် အခြေခံဖြစ်သည့် အခြေခံစာဖတ်၊ စာရေး၊ တွက်ချက်နိုင်ရန် လိုအပ်ပါကြောင်း၊ အရည်အသွေးပြည့်ဝသော ပညာရေးဖြင့်သာ ပြောင်းလဲတိုးတက်နေသည့် နည်းပညာကို လိုက်လျောညီထွေ ကျွမ်းကျင်စွာ အသုံးပြု၍ ဆန်သစ်တီထွင် ဖန်တီးနိုင်ရန်လိုအပ်သည့် တစ်သက်တာသင်ယူမှု အခွင့်‌အလမ်းကောင်းများကို ဖြည့်‌ဆည်းပေးနိုင်စွမ်းရှိမှာ ဖြစ်ပါကြောင်း၊ ယခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနှစ် ဆောင်ပုဒ်ဖြစ်သည့် “Literacy and Skills Development” သည် စာတတ်မြောက်မှု မူဝါဒကို ပြန်လည်သတ်မှတ်ရန်နှင့် လက်တွေ့ကျသည့် ဆန်းသစ်တီထွင်နိုင်စွမ်းရှိသော ပညာရေးဖြစ်လာစေရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။ ဆက်လက်၍ ၂၀၁၈ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် Video Clip ကိုပြသည်။ ထို့နောက် ၂၀၁၈ခုနှစ် နိုင်ငံတကာစာတတ်မြောက်‌ရေးန့ အထိမ်းအမှတ် ယူနက်စကို ညွန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို မြန်မာနိုင်ငံယူနက်စကို အမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ်က ဖတ်ကြားသည်။ ဆက်လက်၍ ပျဉ်းမနား၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက အနာဂတ်မျှော်တွေးစဉ်ဆက်ပညာရေး သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ထိုနောက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဂီတအနုပညာဖြင့် ဖျော်ဖြေတင်ဆက်သည့် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ ယင်းနောက် ပျဉ်းမနား၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက စာတတ်မြောက်ရေးဝိုင်းကူပေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် နိုင်ငံတကာစာတတ်မြောက်ရေးအထိမ်းအမှတ် ခင်းကျင်းပြသထားသော ပြခန်းများကို လှည့်လည်ကြည့်‌ရှုကြကြောင်း သတင်းရရှိပါသည်။












No comments:

Post a Comment