နေပြည်တော် ၂၀၁၈ စက်တင်ဘာ ၉
နေပြည်တော်ရှိဝန်ကြီးဌာနများမှ အရာထမ်းအမှုထမ်းများအတွက် ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်သော အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း (English Language Proficiency Upgrading Course) ကြိုဆိုပွဲအခမ်းအနားကို ၉၊ ၉၊ ၂၀၁၈ ရက်နေ့ မွန်းလွဲ ၁၂:၃၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပါမောက္ခများ၊ သင်တန်းနည်းပြ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ ယနေ့သည် ပညာရေးဝန်ကြီးဌာနအတွက် အရေးပါသော နေ့တစ်နေ့ဖြစ်ပါကြောင်း နေပြည်တော်ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဖွဲ့အစည်း (၂၅)ခုမှ အရာထမ်း(၅၂)ဦးနှင့် အမှုထမ်း(၁၀၄)ဦးတို့၏ အင်္ဂ္လိပ်ဘာသာစကားကျွမ်းကျင်မှုအတွက် သီတင်း(၁၂)ပတ်ကြာ သင်တန်းကိုဖွင့်လှစ်ကာ ကြိုဆိုပွဲအခမ်းအနားကို ကျင်းပနိုင်သောကြောင့် ဖြစ်ပါကြောင်း သင်တန်းသို့ အရာထမ်း (၃၆၂)ဦးနှင့် အမှုထမ်း(၇၀၂)ဦး၊ စုစုပေါင်း(၁၀၆၄)ဦး လျှောက်ထားခဲ့ရာ ယခုသင်တန်းသည် ပထမ အသုတ်အဖြစ် တက်ရောက်ခွင့်ရရှိသော သင်တန်းသား(၁၅၆)ဦးကို လှိုက်လှဲစွာကြိုဆိုနှုတ်ခွန်းဆက်ပါကြောင်း သင်တန်းအား တက္ကသိုလ်များမှ အင်္ဂ္လိပ်စာပါမောက္ခများနှင့် ဆရာ ဆရာမများက သင်ကြားလေ့ကျင့် ပေးကြမည်ဖြစ်ပါကြောင်း ယနေ့အချိန်အခါသည် နိုင်ငံတော်အနေဖြင့် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်လာစေရန် ပြည်သူနှင့်အတူ လက်တွဲကြိုးပမ်းနေချိန်ဖြစ်ပါကြောင်း တန်းတူညီမျှသော လူတိုင်းအကျုံးဝင်သော အရည် အသွေးမြင့်ပညာရေးနှင့် လူတိုင်းအတွက် တစ်သက်တာအခွင့်အလမ်းများ အားကောင်းလာအောင် ဆောင်ရွက်လျက်ရှိပါကြောင်း ပိုမိုကောင်းမွန်သော အနာဂါတ်အတွက် ဒီမိုကရေစီလူ့အဖွဲ့အစည်းနှင့် ထုတ်လုပ်မှုစွမ်းအားမြင့်မားသော စီးပွားရေးတည်ဆောက်ရန်အတွက် တာဝန်ယူရမည့် လူငယ်လူရွယ်များကို စွမ်းအားမြှင့်တင်ပေးရမည် ဖြစ်ပါကြောင်း ဝန်ကြီးဌာန၊ ဦးစီးဌာနများနှင့် တက္ကသိုလ်များကို ဆန်းသစ်ပြီး တီထွင်အားကောင်းလာစေရေးအတွက် အားပေးသွားမည်ဖြစ်ပါကြောင်း ဘဝတစ်သက်တာ သင်ယူလေ့လာလိုသူများ၊ အလုပ်အကိုင်တွင် တိုးတက်လိုသူများအနေဖြင့် အင်္ဂ္လိပ်ဘာသာစကား သင်ယူလိုမှုများသည် အလွန်အမင်းမြင့်တက်လျက် ရှိနေပါကြောင်း တိုင်းပြည်၏ အင်္ဂ္လိပ်ဘာသာစကားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများအတွက် အင်္ဂ္လိပ်ဘာသာစကား သင်တန်းကို လူစွမ်းအားအရင်းအမြစ် မြှင့်တင်ရေးအစီအစဉ်တစ်ခုအဖြစ် ဖွင့်လှစ်လျက်ရှိပါကြောင်း ဆက်လက်၍ အင်္ဂ္လိပ်ဘာသာစကားသင်တန်းများကို ပိုမိုဖွင့်လှစ်ပေးသွားမည်ဖြစ်သကဲ့သို့ ကိုရီးယား၊ တရုတ်၊ ဂျပန်ဘာသာစကားသင်တန်းများ၊ ဥပဒေနှင့် စီမံခန့်ခွဲမှုသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း ယခုသင်တန်းက သင်တန်းသား သင်တန်းသူများအား တက်ကြွသော၊ ဆန်းသစ်သော အင်္ဂ္လိပ်ဘာသာစကား လေ့လာသူများဖြစ်လာအောင် မိမိအလုပ်အကိုင်တွင် တိုးတက်မှုအခွင့်အလမ်းများကို ရှာဖွေနိုင်သူများဖြစ်လာအောင် ပြောင်းလဲပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။ အခန်းအနားအပြီးတွင် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။ အင်္ဂ္လိပ်ဘာသာစကားကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်းကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့မှ နိုဝင်ဘာလ (၂၅)ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိပြီး ဆက်လက်၍ သင်တန်းများကို တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment