ရန်ကုန် ၂၀၁၈ စက်တင်ဘာ ၃
ရွှေအိုရောင် ပရဟိတအသင်းနှင့် အမှတ်(၂)ဒေသကောလိပ် ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) ကျောင်းသား ကျောင်းသူများမှ လှူဒါန်းသော ရွှေအိုရောင် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်တာဝန်ရှိသူများ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊
အလှူရှင်များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က အမှာစကားပြောကြားသည်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တက္ကသိုလ်များ၏ဦးနှောက်သည် စာကြည့်တိုက်များပင်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေနိုင်ရေး လိုအပ်ချက်များကို ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပညာရေးစနစ်ကြီး၏အဓိက အသက်ဝိညာဉ်သည် သင်ယူခြင်း (Learning)ပင်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများသည်လည်း ထာဝရသင်ယူသူများဖြစ်ပြီး ကျောင်းသား ကျောင်းသူများအား လက်တွေ့နှင့်နီးစပ်သော သင်ကြားသင်ယူမှုများပေးနိုင်ရန် အကိုးအကားပြုနိုင်သည့်နေရာသည် စာကြည့်တိုက်များပင်ဖြစ်ပါကြောင်း၊ ထို့ပြင် တက္ကသိုလ်များ၏ အရေးကြီးသော လုပ်ငန်းသည် အသုံးချသုတေသနလုပ်ငန်းများဖြစ်ပါကြောင်း၊ အသုံးချသုတေသနလုပ်ငန်းများသည်လည်း တက္ကသိုလ်များ၏ အဓိကအသက်သွေးကြောများပင်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများသည် စာသင်ခန်းအတွင်း လက်တွေ့နှင့်နီးစပ်အောင် သင်ကြားသင်ယူမှုများကို သုတေသနလုပ်ငန်းဆောင်ရွက်သည့် သုတေသနရလဒ်များ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပြည်တွင်း ပြည်ပ သုတေသနဂျာနယ်များတွင် ရေးသားပြုစုသော သုတေသနစာတမ်းများပေါ်တွင် အခြေခံပြီး သင်ကြားသင်ယူခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ စာကြည့်တိုက်များသည် ဆရာ ဆရာမများ၏ အသုံးချ သုတေသနလုပ်ငန်းဆောင်ရွက်ရန်အတွက် အထောက်အကူပြုပါကြောင်း၊ ဆရာ ဆရာမများ၏ စာသင်ခန်း အတွင်း Deep Learningကို များများပေးနိုင်ရန်အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုသလို ကျောင်းသား ကျောင်းသူများကိုလည်း Deep Learning များများပေးနိုင်ရန် ဆွေးနွေးနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအနေဖြင့် စာကြည့်တိုက်ကို များများ အသုံးပြုပြီး စာသင်ခန်းထဲတွင် ဘာသာရပ်၏အရည်အသွေးမြင့်မားရေးနှင့် ဘွဲ့ရပြီးသည့်အခါတွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘွဲ့ရလူငယ်များအဖြစ် စာကြည့်တိုက်များသည် အကျိုးပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယင်းကဲ့သို့ လက်တွေ့ကျသော လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် လက်တွေ့လုပ်ငန်းခွင်နှင့် ကိုက်ညီပြီး အကျိုးရှိမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အလှူရှင်များနှင့်တာဝန်ရှိသူများအားလုံးကိုလည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် မှတ်တမ်း တင်ဂုဏ်ပြုပါကြောင်း၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် စာကြည့်တိုက်မှ စာအုပ်များသည် အများပိုင်ဖြစ်သည့်အတွက် အားလုံးက ရိုရိုသေသေဖြင့် တန်ဖိုးထားလေးစားစွာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့်ပြောကြားသည်။ ထို့နောက် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ကျေးဇူးတင်စကားပြောကြားပြီး ရွှေအိုရောင် ပရဟိတအသင်းဥက္ကဋ္ဌဌ ဦးစိုးသိန်းက စာကြည့်တိုက်ဖြစ်ပေါ်လာပုံနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းက ရွှေအိုရောင်ပရဟိတအသင်းမှ တာဝန်ရှိသူများကပေးအပ်သည့် စာကြည့်တိုက်တည်ဆောက်မှုမှတ်တမ်းစာရွက်စာတမ်းများအား လက်ခံရယူသည်။ ယင်းနောက် ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်က စာကြည့်တိုက်အလှူ ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) Rebirth Art Club မှ ကျောင်းသားကိုယ်စားလှယ် တစ်ဦး က ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် ရွှေအိုရောင်စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဦးဖြိုးမင်းသိန်းနှင့်တာဝန်ရှိသူများသည် လှိုင်နယ်မြေရှိ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်တွင် ကျင်းပပြုလုပ်သည့် Open Cumpus ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် နည်းပညာမြင့်မားစေရေးအတွက် တက္ကသိုလ်များတွင် ဆရာ ဆရာမများသည် ကျောင်းသား ကျောင်းသူများကို ပြုစုပျိုးထောင်ရာတွင် လက်တွေ့ကျကျပိုပြီးကောင်းမွန်သည့် သင်ကြား သင်ယူမှု ဝန်းကျင်ကောင်းများနှင့် သုတေသနဆောင်ရွက်မှုများကို ဖန်တီးပေးရန်လိုအပ်ပါကြောင်း၊ နည်းပညာတက္ကသိုလ်များအနေဖြင့် ပြိုင်ပွဲများတွင် ထူးချွန်သည့်အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းပြီး ပိုမိုအောင်မြင်မှုရရှိရန် အားထုတ်ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်စွမ်းရှိသော နည်းပညာကို အကျိုးရှိစွာအသုံးချပြီး အောင်မြင်မှုများကို ပိုမို အောင်မြင်စေရန်နှင့် မိမိတို့၏လုပ်ငန်းများကို တန်ဖိုးထားအလေးထားပြီး ဆောင်ရွက်ကြစေလိုကြောင်း၊ နည်းပညာအားကောင်းသည့် တက္ကသိုလ်များမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများသည် တက္ကသိုလ်မှ ကျောင်းပြီးပါက အလုပ်ရှာရမည့်သူများ မဟုတ်ဘဲ အခြားသူများ၏အလုပ်အကိုင်အခွင့်အလမ်းကောင်းများကို ဖန်တီးဖော်ဆောင်ပေးနိုင်မည့်သူများဖြစ်ရန် အရေးကြီးပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment