နေပြည်တော် ၂၀၁၈ စက်တင်ဘာ ၁၉
၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ တိုင်းရင်းသားစာပေသင်ကြားရေးနှင့် Teaching Assistant များ ရွေးချယ်ခန့်ထားခြင်း(မူကြမ်း)နှင့် ဆက်လက်ဆောင်ရွက်မည့် အကြောင်းအရာများ တွေ့ဆုံဆွေးနွေးပွဲ ကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်က အမှာစကားပြောကြားရာတွင် သဘာဝသယံဇာတစွမ်းအားသည် ကုန်ဆုံးသွားနိုင်ပြီး လူ့စွမ်းအား သည် လူသားရှိနေသ၍ တည်ရှိနေမည်ဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ပြီး အင်အားကြီးဖို့အတွက် စာတတ်မြောက်ပြီး နည်းပညာများကိုလည်းထူးချွန် တတ်ကျွမ်းဖို့လို ပါကြောင်း၊ သို့မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ နိုင်ငံသားများ စာတတ်ပြီးပညာတတ်လျှင် ထာဝရငြိမ်းချမ်းရေးနှင့် စစ်မှန်သော တန်းတူညီမျှသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုစနစ်ကို တည်ဆောက်သွားနိုင်မည် ဖြစ်ပါကြောင်း၊ ဘာသာစကားအခက်အခဲဖြစ်သော ဒေသများတွင် ဒေသခံဘာသာစကား တတ်ကျွမ်းသော ဆရာဆရာမများကို တာဝန်ပေးခန့်အပ် သင်ကြားပေးခြင်း၊ တိုင်းရင်းသားစာပေများကို အဆင်ပြေအောင် သင်ကြားခွင့်စီစဉ်ပေးခြင်း၊ တိုင်းရင်းသားလူနည်းစုများကို စာတတ်မြောက်လွယ်ကူအောင် ကူညီဆောင်ရွက်ပေးခြင်းအတွက် ပညာရေးဝန်ကြီးဌာနနှင့် တာဝန်ရှိသူများအား အထူးကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့်ပြောကြားသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားရာတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း စုစုပေါင်း (၆၃၈၆) ကျောင်းကို ကျောင်းအဆင့်တိုးမြှင့်ပေးခဲ့သဖြင့် ပညာသင်ယူမှု အခွင့်အလမ်း ပိုမိုကောင်းမွန်လာပါကြောင်း၊ တိုင်းရင်းသားကလေးငယ်များ၏ သင်ယူတတ်မြောက်မှု ရလဒ်ကောင်းများ ဖြစ်ထွန်းလာရန် ရည်ရွယ်ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပြည်နယ်နှင့် တိုင်းအားလုံးအတွက် တိုင်းရင်းသားဘာသာစာပေနှင့် သင်ကြားရေးအထောက်အကူပြု သင်ကြားရေး အကူဆရာ ဆရာမ (Teaching Assistant) နေ့စားလပေး စုစုပေါင်း (၅၁၆၁) ဦးကို ခန့်ထားနိုင်ခဲ့ပါကြောင်း၊ ဒေသခံတိုင်းရင်းဘာသာစကား၊ စာပေကျွမ်းကျင်သည့် Teaching Assistant ဆရာဆရာများကို ခန့်ထားပေးခြင်းဖြင့် ဒေသခံလူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းကို ပိုမိုတိုးမြှင့်ပေးနိုင်ခဲ့ပါကြောင်း၊ ဘွဲ့ရ TA များကို မူလတန်း စာပေးစာယူသင်တန်းပေးပြီး မူလတန်းပြ ဆရာဆရာမများအဖြစ် ခန့်ထားပေးနိုင်ခြင်းဖြင့် ဒေသခံဆရာဆရာမများသည် မိမိဒေသ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် မျှော်မှန်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အခြေခံပညာကျောင်း (၁၂၂၄၈) ကျောင်းတွင် ဆရာ၊ ဆရာမ (၂၈၇၈၃) ယောက်က ကျောင်းသား ကျောင်းသူစုစုပေါင်း (၇၅၃၆၇၅) ဦးကို သင်ကြားပေး လျက်ရှိပြီး တိုင်းရင်းသားဘာသာစာပေ ၅၄ မျိုးကို သင်ကြားပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြပါကြောင်း၊ မြန်မာနိုင်ငံတွင် မည်သည့်နေရာမဆို ပြောဆိုဆက်ဆံနိုင်သည့် ဘုံဘာသာစကား မြန်မာစကားကိုတတ်ကျွမ်းဖို့လည်း အရေးကြီးပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် Teaching Assistant များအတွက် အရည်အချင်းနှင့် အခြားသတ်မှတ်ချက်များ၊ လျောက်ထားရမည့်အစီအစဉ်၊ စိစစ်ရွေးချယ်မည့်အစီအစဉ်၊ ခန့်ထားမည့် အစီအစဉ်၊ TA များ၏ တာဝန်ဝတ္တရားများ၊ သင်ကြားသင်ယူမှုဖြစ်စဉ်အတွက် နည်းလမ်း၊ ဘာသာစကား အထောက်အကူပြုသင်တန်းများပေးရန် ကိစ္စရပ်များနှင့် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက်လည်း ဆွေးနွေးရန်လိုအပ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က ယခင်နှစ် Teaching Assistant ခန့်ထားဆောင်ရွက်မှုအခြေအနေနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစ၍ Teaching Assistant ရွေးချယ်ခန့်ထားခြင်း(မူကြမ်း)နှင့် ဆက်လက် ဆောင်ရွက်မည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးတင်ပြသည်။ ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးများနှင့် တက်ရောက်လာသူများက တိုင်းရင်းသားစာပေ သင်ကြားရေးနှင့် Teaching Assistant များ ရွေးချယ်ခန့်ထားခြင်း(မူကြမ်း)နှင့် လိုအပ်သော အချက်အလက်များ၊ ဆက်လက်ဆောင်ရွက်မည့် အကြောင်းအရာများကို ဆွေးနွေးအကြံပြု တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် စီစဉ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment