Friday, November 2, 2018
(၁၀) ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများရှိ ပညာရေးဝန်ကြီးများ၏ အစည်းအဝေးကျင်းပ
နေပြည်တော်၂၀၁၈ နိုဝင်ဘာ ၁
(၁၀)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများရှိ ပညာရေးဝန်ကြီးများ၏ အစည်းအဝေးကို အောက်တိုဘာ ၃၁ ရက်နေ့တွင် နေပြည်တော် Kempinski Hotel ၌ “အရည်အသွေးပြည့်ဝသော ပညာရေးနှင့် သင်တန်းများဖြင့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၏ တစ်သက်တာသင်ယူမှုကို မြှင့်တင်ရန်” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပရာ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သဘာပတိအဖြစ် ဆောင်ရွက်သည်။ အစည်းအဝေးတွင် အာဆီယံနိုင်ငံအချင်းချင်း ပညာရေး ပူးပေါင်းဆောင်ရွက်မှုများ၊ ဥရောပသမဂ္ဂ SHARE project ဖြင့် ဥရောပသမဂ္ဂက အာဆီယံလူငယ်များအတွက် အထောက်အပံ့ပေးမှုများ၊ ပညာသင်ဆုအခွင့်အလမ်းများ
၊ အာဆီယံဒေသများရင်ဆိုင်ရမည့် စတုတ္ထစက်မှုတော်လှန်ရေးက ယူဆောင်လာသည့် အခွင့်အလမ်း နှင့်စိန်ခေါ်မှုများ၊ နည်းပညာ၊ သက်မွေး၊ ပညာရေးနှင့်လေ့ကျင့်ရေး လုပ်ငန်းများ၊ အာဆီယံ တစ်ဝန်းလုံးတွင် ဟန်ချက်ညီညီ တိုးတက်ရေးကို ရှေးရှုသည့် အာဆီယံ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေး (TVET) ဖွံ့ဖြိုးတိုးတက်ရေးကောင်စီဖွဲ့စည်းရေး၊ ကောင်စီ၏လုပ်ပိုင်ခွင့်နှင့် တာဝန်များ၊ စီးပွား ရေးနှင့် စက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်အရ နည်းပညာနှင့်သက်မွေးပညာ လုပ်သားများ၏ အရည်အသွေးမြှင့်တင်ခြင်း (RECOTVET) အစီအစဉ်ဖြင့် ဂျာမနီ၊ ဆွစ်ဇာလန်နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့သည်။ ၎င်းအပြင် ကျောင်းပြင်ပရောက် ကလေးသူငယ်များနှင့် လူငယ်များအတွက် ပညာရေးမြှင့်တင်ရေး အာဆီယံကြေငြာချက်၊ အာဆီယံဒေသတွင်းရှိ ကလေးသူငယ်များနှင့် လူငယ်များအားလုံးအတွက် တန်းတူ ညီမျှသော ပညာရေးရရှိရေးအတွက် သဘောတူညီ လုပ်ဆောင်မှုများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း အားလုံးပါဝင်သည့် အခြေခံပညာရေးအတွက် တန်းတူ ညီမျှသည့်မူဘောင် ပေါ်ထွန်းရေး၊ အာဆီယံဒေသတွင်း အားလုံးပါဝင်သောပညာရေးနှင့် ကျောင်းပြင်ပရောက် ကလေးများနှင့် လူငယ်များအတွက် ပညာရေးမြှင့်တင် ရေးအတွက် အထောက်အပံ့များ၊ အသိပညာဖြန့်ဝေရေး၊ စာတတ်မြောက်ရေးနှင့် အတွက်အချက်ကျွမ်းကျင်မှု မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ပညာရေးသည် နိုင်ငံတစ်နိုင်၏ ဖွံ့ဖြိုးမှုနှင့် ပြဿနာများကို ဖြေရှင်းရန်အတွက် အရေးပါသည့်အပြင် လူထုကို အကျိုးပြုသော အာဆီယံအသိုက်အဝန်းတစ်ခုဖော်ဆောင်ရာတွင် ဘေးကင်း လုံခြုံသောကျောင်းများ ဖော်ဆောင်ရေးလုပ်ငန်းများ၊ အရှေ့တောင်အာရှ မူလတန်းပညာသင်ကြားရေး စံသတ်မှတ်ချက်များ (SEA-PLM)နှင့် အာဆီယံဒေသတွင်း လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည့် ပညာရေး၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများရှိ အထက်တန်းပညာရေးစနစ်တွင် အာဆီယံဆိုင်ရာ အသိအမြင်(ASEAN Awareness) ရရှိ ရေးအတွက် အင်စတီကျူးရှင်းများ ဖော်ဆောင်ရေး၊ ပထမအကြိမ် ပညာရေးဆိုင်ရာ အာဆီယံ-ရုရှားအလုပ် အမှုဆောင်အဖွဲ့ အစည်းအဝေးပွဲနှင့်ပညာရေးဆိုင်ရာ အာဆီယံ-တရုတ် ရှေ့လုပ်ငန်းစဉ်များကို ပြီးစီးအောင် ရေးဆွဲရေးတို့ကို ဆွေးနွေးကြသည်။ အစည်းအဝေးတွင် အာဆီယံအဖွဲ့ အစည်း များဖြစ်ကြသည့် SEAMEO RIHED၊ Asian University Network (AUN)၊ ASEAN University Network/Southeast Asia Engineering Education Development Network (AUN/SEED-Net)၊ ASEAN Quality Assurance Network (AQUN)၊ ASEAN Qualifications Reference Framework Committee (AQRF) နှင့် ASEAN Foundation (AF) တို့၏ အာဆီယံပူးပေါင်း ဆောင်ရွက်မှုအောင်မြင်မှု ရလဒ်များကို မှတ်တမ်းတင်ခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် (၁၁)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများနှင့်မိတ်ဖက်နိုင်ငံများ၊ ပညာရေးဝန်ကြီး များအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment