Tuesday, November 13, 2018

သက်မွေးအကြိုသင်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ































ရန်ကုန် ၂၀၁၈ နိုဝင်ဘာ ၉

သက်မွေးအကြိုသင်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နေ့လယ် ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် မင်းဓမ္မဥယျာဉ်အိမ်ရာ ပညာရေးရိပ်သာဝင်းအတွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားရာတွင် နည်းပညာနှင့်သက်မွေးပညာသည် ပညာရေးကဏ္ဍ၏ အဓိကကျသည့် Main Screening(၃)ခုအနက် အရေးပါသည့်အခန်းကဏ္ဍ တစ်ခုဖြစ်သည်ကို သဘောပေါက်ရန်လိုအပ်ပါကြောင်း၊ အသက်မွေးမှုအတတ်ပညာသင်တန်းကျောင်း (CVT Myanmar) သည် ၂၀၀၂ ခုနှစ်မှစတင်၍ အလုပ်သင် ပညာရေးစနစ်(Dual Education/Apprenticeship)ကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ CVT ၏အဓိကကဏ္ဍ (၂)ခုဖြစ်သည့် သက်မွေးအကြိုသင်တန်း အလုပ်သင်စနစ် အသက်မွေးဝမ်းကျောင်းပညာ (Dual Education)သင်တန်းတို့သည် မြန်မာလူငယ်များအတွက် စာတွေ့ လက်တွေ့ အလုပ်သင်ပညာရေး စနစ်ကို ဖော်ဆောင်ပေးနေသည့် တစ်ခုတည်းသော ရေရှည်သင်ယူနိုင်သည့် ပညာရေးပုံစံတစ်ခုဖြစ်ပြီး CVT Myanmar မှ သင်တန်းဆင်းလူငယ်ပေါင်း (၁၁၀၀)ဦးနှင့် E4Y သင်တန်းဆင်း (၁၁၆)ဦး မွေးထုတ်ပေးနိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ယခုကဲ့သို့ လူငယ်ကျွမ်းကျင်ပလုပ်သားများ နှစ်စဉ်မွေးထုတ် ပေးနိုင်ခြင်း၊ လူငယ်စီးပွားရေးလုပ်ငန်းရှင်များအတွက် သင်တန်းများနှင့် စွမ်းရည်ရှိသော Instructors မွေးထုတ်ပေးလျက်ရှိသည်ကို တွေ့ရသည့်အတွက် မြန်မာလူငယ်များအနေဖြင့် ကျွမ်းကျင်လုပ်သားများ ဖြစ်လာသည့်အပြင် သင်ယူထားသည့် အတတ်ပညာများဖြင့် မိမိတို့၏ဘဝကို လျှောက်လှမ်းနိုင်မည် ဖြစ်ပါကြောင်း၊ ဂျာမနီနှင့် ဆွစ်ဇာလန်နိုင်ငံများကဲ့သို့ စက်မှုဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် အလုပ်သင်ပညာရေး စနစ်ကသာ နိုင်ငံ၏လူသားအရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်စေပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်သော နိုင်ငံများအဖြစ် ရောက်ရှိလာခဲ့ခြင်းဖြစ်ပါကြောင်း၊ အမျိုးသား မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)တွင်ပါရှိသည့် အဓိကမြှင့်တင်မည့် ကဏ္ဍကြီး(၇)ရပ်မှာ နည်းပညာနှင့်သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍနှင့် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးကဏ္ဍတို့ ပါဝင်ပါကြောင်း၊ E4Y ကဲ့သို့ ကျောင်းပြင်ပရောက် လူငယ်လူရွယ်များအတွက် သင်ယူမှုဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးပြီး သင်ယူမှုများရပ်တန့်မသွားရန် တစ်သက်တာပညာရေးကို ဖော်ဆောင်ပေးနေသည်ကိုလည်း ဝမ်းမြောက်မိပါကြောင်း၊ ယခုကဲ့သို့ ပညာရေးဝန်ကြီးဌာနမှ အသုံးပြုခွင့်ပံ့ပိုးပေးသည့် ကျောင်းဆောင်သစ်တွင် ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများနှင့် အခြားသော သက်မွေးပညာသင်တန်းများကို ထပ်မံတိုးချဲ့ဖွင့်လှစ်ခြင်းဖြင့် လူငယ်များ၏ဘဝရပ်တည်နိုင်ရေးအတွက် ကြိုးပမ်းဖော်ဆောင်ပေးရန် တိုက်တွန်းလိုပါကြောင်း၊ ယနေ့ခေတ်တွင် လူငယ်များအနေဖြင့် အသိပညာတစ်ခုတည်းဖြင့် ရပ်တည်ရန် မလုံလောက်သည့်အတွက် အတတ်ပညာဆိုသည့် အသက်မွေးဝမ်းကျောင်းပညာများကိုပါ သင်ယူတတ်မြောက်ရန် လိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ မိဘများအနေဖြင့် ကောင်းမွန်သော လေ့လာသင်ယူမှုပုံစံအပေါ်တွင် ယုံကြည်မှုရှိစွာဖြင့် ကာလရှည်ကိုကြည့်ပြီး မိမိတို့သားသမီးများ၏ဘဝ တိုးတက်ရေးအတွက် ဦးစာပေးစဉ်းစားပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် CVT Myanmar မှ ဥက္ကဋ္ဌ Mr.Heini Portmann က ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ CVT Myanmar ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။ ထို့နောက် CVT Myanmar မှ CEO ဒေါ်ခင်မြတ်စန္ဒာက ပညာရေးဝန်ကြီးဌာနသို့ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း စာလွှာပေးအပ်ပြီး E4Y မှ ကျောင်းသား ကျောင်းသူများက တေးသီချင်းများဖြင့် ကပြသီဆို ဖျော်ဖြေခဲ့ကြသည်။ CVT Myanmar သည် ၂၀၀၂ ခုနှစ်မှစတင်၍ အလုပ်သင်ပညာရေး စနစ်(Dual Education/ Apprenticeship)ကို အကောင် အထည်ဖော်ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။ CVT ၏အခန်းကဏ္ဍ (၃)ခုဖြစ်သည့် (၁)သက်မွေးအကြိုသင်တန်း(E4Y) (၂) သက်မွေးမှုနည်းပညာသင်တန်း(VET)နှင့် (၃)စွမ်းရည် မြှင့်သင်တန်းအစီအစဉ်များ(သက်မွေးဆရာဖြစ်သင်တန်း၊ ကုမ္ပဏီတွင်း ဆရာဖြစ်သင်တန်း၊ လူငယ်စွန့်ဦး တီထွင်စီးပွား သင်တန်း)တို့ကို လုပ်ဆောင်လျက်ရှိသည်။ သက်မွေးအကြို သင်တန်းကျောင်းတွင် ကျောင်းပြင်ပရောက် လူငယ် လူရွယ်များအတွက် သက်မွေးပညာအခြေခံ စာပေပညာ လုပ်ငန်းခွင်အကျိုးပြု ဘာသာရပ်များ ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးရေး ဘက်စုံဖွံ့ဖြိုးရေးအတွက် ကျွမ်းကျင်မှုအခြေပြုသင်ရိုးများဖြင့် သင်ယူသူ ဗဟိုပြုသင်ကြားမှုပုံစံဖြင့် အခမဲ့သင်ကြားပေးလျက်ရှိပြီး ယခုနှစ် စာသင်နှစ်တွင် E4Y သင်တန်းသား ၁၃၅ ဦးတက်ရောက်လျက်ရှိသည်။

No comments:

Post a Comment