Tuesday, November 13, 2018

၂၀၁၇-၂၀၁၈ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ပညာရေးဝန်ထမ်း မိသားစုဝင်များ သားသမီးများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကျင်းပ


























နေပြည်တော် ၂၀၁၈ နိုဝင်ဘာ ၉

၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသည့် ပညာရေး ၀န်ထမ်းသား၊ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ၉-၁၁-၂၀၁၈ ရက်နေ့ နံနက် ၈နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁)ရှိ အစည်းအေ၀းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ဆုရကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေး အရည်အသွေး မြင့်မားရေးအတွက် ကျရာကဏ္ဍတွင် ပါဝင်ဆောင်ရွက် နေသော ပညာရေးဝန်ထမ်းများ အနေဖြင့် မိမိတို့၏သားသမီးများကို ယခုကဲ့သို့ပညာရေးတွင် ထူးချွန်အောင် ပြုစုပျိုးထောင်နိုင်မှုအား ပညာရေးဝန်ကြီးဌာနအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဘာသာစုံဂုဏ်ထူး ဖြင့် အောင်မြင်ကြသော ကျောင်းသားကျောင်းသူများအနေဖြင့် ယခုအောင်မြင်မှု တစ်ခုတည်းဖြင့် မတင်းတိမ်ဘဲရှေ့ ဆက်ရမည့် ဘ၀ခရီးလမ်းတွင် မိမိသားစု မိမိရပ်ရွာဒေသ မိမိနိုင်ငံတော်အကျိုးကိုလည်း ကျရာကဏ္ဍက ထူးချွန်အောင်မြင်အောင် ကြိုးစားဆောင်ရွက် နိုင်ကြဖို့လည်းလိုပါကြောင်းစသည်ဖြင့် အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယ၀န်ကြီး၊ ညွှန်ကြားရေးမှူးချုပ၊် အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယအမြဲတမ်း အတွင်းဝန်တို့က ၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသည့် ပညာရေးဝန်ထမ်းသား၊ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ကြသည်။ ယင်းနောက် ဂုဏ်ထူးရရှိခဲ့သူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားအပြီးတွင် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။ ပညာရေးဝန်ကြီးဌာန ပညာရေးဝန်ထမ်းမိသားစုများ၏ သားသမီးများမှ ၂၀၁၈ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ခြောက်ဘာသာဂုဏ်ထူးရှင်(၆၆)ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၁၅၈)ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် (၃၀၅)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၃၆၈)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၅၅၀)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် (၁၄၂၃)ဦး၊ ရိုးရိုးအောင်မြင်သူ (၄၇၈၈) ဦးတို့အား ဆုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment