Friday, November 30, 2018

၂၀၁၈ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) (၅)မြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်ခြင်းဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပ




































နေပြည်တော် ၂၀၁၈ နိုဝင်ဘာ၂၅

၂၀၁၈ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်ခြင်းဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီတွင် ခေတ္တရာရတနာမြို့တော်ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း တက်ရောက်ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ရှေးဦးစွာ ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက စာတတ်မြောက်ရေး ဝိုင်းကူပေး ယိမ်းအကဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်သည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးက အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေခွင့်ရရှိရေး၊ ကျောင်းထွက်သူပပျောက်ရေး၊ အရည်သွေးပြည့်ပညာရရှိရေးတို့အတွက် ဆရာဆရာမများအနေဖြင့် ဝိုင်းဝန်းကူညီ ပေးကြစေလိုကြောင်း၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပေါက်ခေါင်း၊ ပေါင်းတည်၊ အုတ်ဖို၊ လက်ပံတန်းနှင့် သာယာဝတီ (၅)မြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုကို အောက်တိုဘာလ (၁၆) ရက်မှ နိုဝင်ဘာလ(၂၄) ရက်နေ့အထိရက်ပေါင်း (၄၀)ကြာအောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တက္ကသိုလ်နှင့် ပြည်ပညာရေးကောလိပ်တို့မှ ကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမများ၏ စေတနာလုပ်အားဖြင့် စာသင်သား(၂၀၅၅)ဦးကို စာသင်ဝိုင်း(၁၉၄)ဝိုင်းဖွဲ့သင်ကြားခဲ့ကြောင်း၊ အခြေခံစာတတ်မြောက်ရေးကာလအတွင်း သင်ကြားသင်ယူတတ်မြောက်ပြီးဖြစ်သော အခြေခံအရေး အဖတ် အတွက်မှစတင်၍ စာပေများမှရရှိသော အသိပညာဗဟုသုတများကတစ်ဆင့် မိမိတို့၏ဘဝလူနေမှု အဆင့်အတန်း မြှင့်တင်နိုင်ခြင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်ခြင်းများကို ရရှိစေမှာဖြစ်ပါကြောင်း၊ ၂၀၁၈ခုနှစ် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်ပြီးမြောက်ဖို့အတွက် အဖက်ဖက်ကကူညီပံ့ပိုးပေးကြပါသော တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ အခြေခံစာတတ်မြောက်ရေး ကော်မတီအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ အထူးသဖြင့် လုပ်အားဒါနပြုကြသော ပြည်တက္ကသိုလ်၊ ကောလိပ်များမှ လုပ်အားပေးကျောင်းသား ကျောင်းသူများနှင့် ဆရာဆရာများအားလုံးကို ပညာရေးဝန်ကြီးဌာနမှ အထူးကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် ဂုဏ်ပြုအမှာစကားပြောကြားသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(တာဝန်) ဒေါက်တာဇော်ဝင်းက ကျေးဇူးတင်ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ပြည်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း(အောင်ဆန်း)မှ ကျောင်းသား ကျောင်းသူများက ဗုဒ္ဓပူဇနိယသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက သင်ယူပြီးမြောက်ခြင်းလက်မှတ်များနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်သည်။ ထို့နောက် စာသင်သားကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားပြီး ပြည်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အလက(၂)မှ ကျောင်းသား ကျောင်းသူများက ထာဝရသစ္စာသီချင်းဖြင့် ကပြသီဆိုကြသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇင်ထွန်းက အခြေခံပညာကျောင်းသား ကျောင်းသူအကအဖွဲ့(၃)ဖွဲ့မှ ကိုယ်စားလှယ်များအား ဂုဏ်ပြုဆုငွေများပေးအပ်သည်။ ယင်းနောက် ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) (၅)မြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း လှုပ်ရှားမှုပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ် ခရိုင် မြို့နယ်ပညာရေးမှူးများ၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ လူမှုရေးအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ ပြည်တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment