Friday, November 30, 2018
ပြည်ထောင်စုဝန်ကြီး (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် တက္ကသိုလ် လက်ရွေးစဉ် အားကစားသမားများနှင့်တွေ့ဆုံ
နေပြည်တော် ၂၀၁၈ နိုဝင်ဘာ ၂၁
(၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် တက္ကသိုလ် လက်ရွေးစဉ် အားကစားသမားများနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိုင်ငံတော်အစိုးရအနေနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ကျန်းမာကြံ့ခိုင်ပြီး အရည်သွေးရှိသော ဘွဲ့ရ လူငယ်မောင်မယ်များကို တက္ကသိုလ်များမှ မွေးထုတ်ပေးနိုင်ရန်နှင့် တည်ငြိမ်ရင့်ကျက်စွာ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နိုင်ငံ့ကိုယ်စားပြု ထူးချွန်အားကစားသမားများ ပေါ်ထွန်းလာစေရန် အတွက် အားကစား နှင့်ပညာရေး ပေါင်းစပ်၍ အဆင့်မြင့်ပညာကဏ္ဍ သာမက အခြေခံပညာ ကဏ္ဍတွင်လည်း အားပေးဆောင်ရွက်နေပါကြောင်း၊ အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ (ASEAN University Games-AUG) ကို ၁၉၈၁ ခုနှစ်မှစတင်၍ နှစ်နှစ် တစ်ကြိမ် ကျင်းပလာခဲ့ရာ ယခု ၂၀၁၈ ခုနှစ် တွင် (၁၉) ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း။ (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် အားကစား အမျိုးအစား(၁၇) မျိုးထည့်သွင်း ကျင်းပမည်ဖြစ်ပြီး အားကစားအမျိုးအစား အားလုံးတွင် ပါဝင် ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်နိုင်မှုများ ရရှိရေးအတွက် အားကစား မောင်မယ်များတွင် အခွင့်အလမ်းများ ရှိနေပါကြောင်း၊ အားလုံးဝိုင်းဝန်း ကြိုးပမ်းအားထုတ် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ အာဆီယံ တက္ကသိုလ်များမှ အားကစားသမားများ (၂၀၀၀) ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည့်အတွက် အာဆီယံနိုင်ငံ အချင်းချင်း အားကစားမှ တစ်ဆင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာ လာစေရေး၊ တက္ကသိုလ် ကျောင်းသားကျောင်းသူများ အချင်းချင်း ပညာရပ် အတွေ့အကြုံများနှင့် ယဉ်ကျေးမှုများကို ဖလှယ်ခွင့် ရရှိစေရေးဆိုသည့် အချက်ကိုလည်း သတိထားယှဉ်ပြိုင်ကြဖို့ လိုအပ်ပါကြောင်း၊ အားကစားပြိုင်ပွဲများကို ကြည့်၍ နိုင်ငံတစ်နိုင်ငံ၏ ပုံရိပ်ကို ခန့်မှန်းကြသည် ဖြစ်ရာ အောင်နိုင်ရေး တစ်ခုတည်းကိုသာ အဓိကမထားဘဲ အားကစားစိတ်ဓာတ် အပြည့်ဖြင့် သန့်သန့်ရှင်းရှင်း မှန်မှန်ကန်ကန် ပါဝင်ယှဉ်ပြိုင် ကြဖို့ လိုအပ်ပါကြောင်း၊ (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မြန်မာ နိုင်ငံ တက္ကသိုလ်များ အားကစားအသင်း အောင်နိုင်မှု ရရှိရေးအတွက် မောင်တို့မယ်တို့ အနေဖြင့် အနိုင်မခံအရှုံး မပေး စိတ်ဓာတ်ဖြင့် ကြိုးစားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက အားပေးစကားပြောကြား ကြသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment