Friday, November 30, 2018

ဒုတိယသမ္မတ ဦးမြင့်ဆွေ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား










































နေပြည်တော် ၂၀၁၈ နိုဝင်ဘာ ၂၆

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပညာ ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။ အစည်းအဝေးတွင် ဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေက မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ (၁၀) ရက်မှ (၁၉)ရက်အထိ (၁၀)ရက်ကြာ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲများ ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် “ဦးစီးကော်မတီ” ကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၈ ရက် ရက် စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂၀/၂၀၁၈)ဖြင့် ဒုတိယ သမ္မတ ဦး ဆောင်၍ (၂၂)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်(၆)ရပ်ကို ချမှတ်ခဲ့ ပါကြောင်း။ ဦးစီးကော်မတီ၏ လုပ်ငန်းတာဝန်များကိုအောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် လုပ်ငန်း ကော်မတီ (၁၅)ခုနှင့် ဆပ်ကော်မတီ (၁၈)ခု တို့ကို ဖွဲ့စည်းထားပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရပါကြောင်း၊ ဦးစီးကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ် ဧပြီ ၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက် (၈)ချက် ချမှတ်ခဲ့ပါကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်အားလုံးကို ဆောင်ရွက်ပြီးစီးပြီဟု သိရှိရပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တက္ကသိုလ်များမှ ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်မြင့်မားပြီး ဘက်စုံဖွံ့ဖြိုး ထူးချွန်ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်နှင့် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများ ပေါ်ထွန်းလာစေရန်အတွက် အဆင့်မြင့်ပညာကဏ္ဍတွင် အားကစားနှင့် ပညာရေးကိုပေါင်းစပ်ပြီး လေ့ကျင့်သင်ကြားမှုများကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ရာတွင် အဆင့်မြင့်ပညာ ကဏ္ဍတွင်သာမက အခြေခံပညာကဏ္ဍများတွင်ပါ လုပ်ငန်း(၇)ရပ်ချမှတ်ပြီး ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ လုပ်ငန်း (၇)ရပ်မှာအား ကစားနည်းတစ်ခုချင်းအလိုက် စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးပြီး တက္ကသိုလ်၊ ကောလိပ်အဆင့် ပြိုင်ပွဲ၊ ဇုန်အဆင့်ပြိုင်ပွဲနှင့် တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ များကျင်းပ၍ နိုင်ငံတကာအဆင့် တက္ကသိုလ်အားကစားအသင်းများ ဖွဲ့စည်းလေ့ကျင့်ခြင်း၊ အာဆီယံတက္ကသိုလ်အဆင့် အားကစားပြိုင်ပွဲများ၊ အာဆီယံ အားကစားပြိုင်ပွဲ (SEA Games) များတွင် နိုင်ငံကိုယ်စားပြု၍ ပါဝင်ယှဉ်ပြိုင်စေခြင်း၊ အာဆီယံနိုင်ငံများရှိ တက္ကသိုလ်များ၊ အိမ်နီးချင်းနိုင်ငံများရှိ တက္ကသိုလ်များနှင့် ညှိနှိုင်း၍ ချစ်ကြည်ရေး အားကစားပြိုင်ပွဲများသို့ စေလွှတ်ပေးခြင်း၊ အခြေခံပညာကျောင်းအဆင့်/ မြို့နယ်အဆင့်/ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်/ ဇုန်အဆင့်နှင့် အခြေခံပညာ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်း၊ အားကစားနည်း တစ်ခုချင်းအလိုက် စွမ်းရည်မြင့်မားသူများ ပေါ်ထွန်း လာရေးအတွက် အသက် အုပ်စုအလိုက် ပိုင်းခြားယှဉ်ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ အလားအလာရှိသည့် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်၊ ကောလိပ်သင်တန်း သားများအား၊ အသက်အုပ်စုအလိုက် အားကစားအသင်းများအဖြစ် စုဖွဲ့လေ့ကျင့် ပျိုးထောင်ပေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့်ပူး ပေါင်း၍ အားကစားနည်း တစ်ခုချင်းအလိုက် နည်းစနစ်သင်တန်း၊ ဒိုင်လူကြီးသင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေးခြင်းတို့ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲမှာ မြန်မာ နိုင်ငံအပါအ၀င် နိုင်ငံပေါင်း(၁၁)နိုင်ငံမှ အားကစားသမား (၂၀ဝဝ)ကျော် ၀င်ရောက်ယှဉ်ပြိုင်မည်ဟုသိရှိရပါကြောင်း၊ ယှဉ်ပြိုင် မည့် အားကစားနည်းများ အနေဖြင့် ယခင်က (၁၆)မျိုး သတ်မှတ်ထားသော်လည်း ယခုတင်းနစ် အားကစားနည်းကို ထပ်မံဖြည့်စွက်လိုက်သည့်အတွက် အားကစားနည်း ( ၁၇ )မျိုးဖြင့် ယှဉ်ပြိုင်သွား မည်ဖြစ်ပါကြောင်း၊ အဆိုပါ (၁၇)မျိုးကို အားကစားနည်းအလိုက် ပြိုင်ပွဲပေါင်း(၂၀၁)မျိုးဖြင့် ထည့်သွင်းကျင်းပ သွားမည်ဖြစ်ပြီး ပြိုင်ပွဲအားလုံးအတွက် ရွှေတံဆိပ်ဆုပေါင်း (၂၀၁) ခုနှင့်အတူ ငွေတံဆိပ်နှင့် ကြေးတံဆိပ်များကိုလည်း ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် အားကစား နည်းအမျိုးအစားအားလုံးတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်နိုင်မှုရရှိရေးတို့အတွက် သက်ဆိုင်ရာလုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီများအလိုက် ကြိုတင်ပြင်ဆင် ကြိုးစားဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲကို “အာဆီယံလူငယ်များ အချင်းချင်း အားကစားကနေတစ်ဆင့် ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုများ ရရှိလာစေရန်၊ အာဆီယံဒေသတွင်း ထူးချွန်အားကစား သမားများ ပေါ်ထွက်လာစေရန်နှင့် အားကစားသမားများအကြား သက်ဆိုင်ရာတက္ကသိုလ်အသီးသီး၏ အရှေ့တောင်အာရှတက္ကသိုလ် အချက်အလက်များနှင့် ယဉ်ကျေးမှုဆိုင်ရာများကို အချင်းချင်း အပြန်အလှန်လေ့လာဖလှယ်ခွင့် ရရှိစေရန်” စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာတွင် အားကစားသည် ထိရောက်ကောင်းမွန်သော သံတမန်လမ်းကြောင်း တစ်ခုဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာမြင့်မားမှုကို ပီပြင်စွာဖော်ထုတ် ပြသနိုင်သည့် နည်းလမ်းကောင်းတစ်ရပ်ဖြစ်သည်ကို အားလုံး အသိပင်ဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံ့ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၎င်းတို့နိုင်ငံများ၏ အားကစားစိတ်ဓာတ်၊ အားကစားအရည်အသွေးနှင့် ဂုဏ်သိက္ခာများကို ဖော်ထုတ်ပြသသည့်ပွဲလည်း ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံမှပါဝင်ယှဉ်ပြိုင်ကစားကြမည့် တက္ကသိုလ် အားကစားသမားများအနေဖြင့် မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ရေးအတွက် အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် စည်းမျဉ်းစည်းကမ်းနှင့်အညီ အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်ကစားသွားကြရန် သက်ဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန် ပြောကြားလိုပါကြောင်း၊ ယခုကျင်းပမည့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲသည် မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံးအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရမည် ဖြစ်သည့်အတွက် အားကစားပြိုင်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မြန်မာနိုင်ငံ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် တက္ကသိုလ်အားကစားသမားများ အောင်မြင်မှုရရှိနိုင်ရေး တို့အတွက် ဦးစီးကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများအနေဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။ ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ နိုင်ငံအလိုက် ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများနှင့် အားကစားနည်းများ၊ တည်းခိုနေထိုင်စားသောက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်က ပြိုင်ပွဲဝင်မည့် အားကစားသမားများ စခန်းဝင်လေ့ကျင့်နေမှု၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုနှင့် တားမြစ်ဆေးဝါးသုံးစွဲမှု ရှိ/မရှိ စစ်ဆေးရေးအတွက် ကြိုတင်ပြင်ဆင်နေမှုများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဦးစီးကော်မတီ အတွင်းရေးမှူး အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဧည့်သည်တော်များအတွက် ၀င်/ထွက် ခွင့် ကတ်များစီစဉ်ထားရှိမှု အခြေအနေများနှင့် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ကျင်းပမည့် အားကစားနည်းများနှင့် အားကစားကွင်းများ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားတွင် ဖျော်ဖြေတင်ဆက်မည့် အစီအစဉ်များကိုလည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ဦးက သယ်ယူပို့ဆောင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်နှင့် ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူတို့က လုံခြုံရေးဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း၊ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။ ထို့နောက် ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယ၀န်ကြီးများဖြစ်ကြသော ဦးဝင်းမော်ထွန်းနှင့် ဒေါက်တာမြလေးစိန်၊ နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

No comments:

Post a Comment