Thursday, February 14, 2019

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နည်းပညာတက္ကသိုလ်(မှော်ဘီ)မှ ပါမောက္ခချုပ် ဒုတိယပါမောက္ခချုပ် ပါမောက္ခ(ဌာနမှူး)များ ဆရာ ဆရာမများနှင့် တွေ့ဆုံဆွေးနွေး

ရန်ကုန် ၂၀၁၉ ဖေဖော်ဝါရီ ၃

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် နည်းပညာတက္ကသိုလ်(မှော်ဘီ)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)၊ ဆရာ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး နည်းပညာတက္ကသိုလ် (မှော်ဘီ) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ နည်းပညာတက္ကသိုလ်(မှော်ဘီ)မှ ပါမောက္ခချုပ် ဒေါက်တာကေသီလွင်က နည်းပညာ တက္ကသိုလ်(မှော်ဘီ)၏ ပညာသင်နှစ်ဆောင်ရွက်ပြီးစီးခဲ့သည့် အချက်အလက်များ၊ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ၊ သုတေသန စာတမ်းရေးသားမှုများ၊ တည်ဆောက်ရေးစီမံကိန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မှော်ဘီနည်းပညာတက္ကသိုလ်မှ ဆရာ ဆရာမများ၏သင်ကြား သင်ယူမှုနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များ၊ သုတေသနလုပ်ငန်း ဆောင်ရွက်ချက်များ၊ တက္ကသိုလ်၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်မှုများ အပေါ်အားရမိပါကြောင်း၊ ထိုသို့မိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်တတ်သည့် စိတ်ဓာတ်ကောင်းများကို ဆက်လက်ထိန်းသိမ်း မြှင့်တင်ဆောင်ရွက်ကြစေလိုပါကြောင်း၊ သင်ရိုးညွှန်းတမ်းနှင့် ဘွဲ့သင်တန်းများသည်ဒေသနှင့် လိုက်လျောညီထွေရှိ၍ ပရိုဂျက်အခြေပြုသင်ယူခြင်းဖြင့် အားပေးဆောင်ရွက်ရန်လိုပါကြောင်း၊ အရည်အချင်းရှိသောဘွဲ့ရ လူငယ်မောင်မယ်များ ပြုစုပျိုးထောင် သင်ကြားသင်ယူလေ့ကျင့်ရန်နှင့် တစ်သက်တာသင်ယူခြင်းဖြင့် စွမ်းဆောင်ရည်များမြှင့်တင်ရန် အရေးကြီးပါကြောင်း၊ သုတေသနများဆောင်ရွက်ခြင်း၊ သုတေသနစာတမ်းဆွေးနွေးခြင်း၊ ပြည်တွင်းပြည်ပ သုတေသနဂျာနယ်များတွင် သုတေသနစာတမ်းများ ရေးသားခြင်းတို့ကို အားပေးရန်လိုအပ်ပါကြောင်း၊ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ ပန်းချီဂီတအနုပညာ၊ သင်္ချာ၊ အားကစားဆိုင်ရာ စွမ်းရည်မြင့်မားရေး ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ ထို့ပြင် ဘွဲ့ရလူငယ် ကျောင်းသား ကျောင်းသူများ၏ ယှဉ်ပြိုင်လိုစိတ်များကို လက်တွေ့ကျကျ အထောက်အကူပြုပြီး လက်တွေ့ အသုံးချနိုင်သည့် သင်ခန်းစာများဖြင့် သင်ကြားပေးပြီး လက်တွေအသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်များ၏ ကိုယ်ပိုင် domain နှင့် website များထားရှိပြီး အင်္ဂလိပ်ဘာသာများဖြင့် ရေးသားဖော်ပြနိုင်ရန် လိုအပ်ပါကြောင်း၊ အင်ဂျင်နီယာ ဘွဲ့ရလူငယ်များအနေဖြင့် လက်တွေ့အကျိုးပြုနိုင်သော လုပ်ငန်းများအပြင် ၂၁ရာစု စွမ်းရည်များလည်း ရှိရန်လိုအပ်ပါကြောင်း၊ ယနေ့ခေတ်ကာလသည် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်ရန် အင်္ဂလိပ်စာအရည်အသွေး ကောင်းရန်လိုအပ်ပြီး အိုင်စီတီအရည်အသွေးနှင့် အိမ်နီးချင်းနိုင်ငံများ၏ ဘာသာ စကားတတ်ကျွမ်းမှသာ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိလာမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများရှိရန်လိုအပ်ပြီး ကြုံတွေ့ခဲ့ရသည့် အားနည်းချက်များကို စိစစ်ပြီး အားသာချက်များကို အားကောင်းလာစေရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် တက္ကသိုလ်များ ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် အရည်အသွေးရှိသော အင်ဂျင်နီယာများ စဉ်ဆက်မွေးထုတ်ပေးနိုင်ရေး ဆက်လက်ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် တွေ့ဆုံဆွေးနွေးမှာကြားခဲ့သည်။ ယင်းနောက် ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးနှင့် နည်းပညာ၊ သက်မွေးပညာ နှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်တို့က University Autonomy နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များ၊ ပညာရေးကဏ် ဍဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဆရာ ဆရာမများက ဆရာသမဂ္ဂ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ ဆရာ ဆရာမ တိုးမြှင့်ခန့်ထားရေး၊ ကွန်ပျူတာလိုအပ်ချက်များ၊ စာကြည့်တိုက်မှူး ခန့်အပ်ပေးနိုင်ရေးနှင့် ကျောင်း၏လုံခြုံရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခဲ့ကြသည်။ အလားတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ်တို့မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။









































No comments:

Post a Comment