နေပြည်တော် ၂၀၂၀ ဖေဖော်ဝါရီ ၅
ပညာရေးဝန်ကြီးဌာနနှင့်
The Asia Foundation တို့ပူးပေါင်းဖွင့်လှစ်သည့် Mobile and Digital
Literacy Training သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်
နေပြည်တော် ရုံးအမှတ် (၁၃) ပညာရေးဝန်ကြီးဌာန ရှိ စုဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား
ပြောကြားရာတွင် ယခုသင်တန်းဖွင့်လှစ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးသည့်
Asia Foundation မှ တာ၀န်ရှိသူများအား ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျေးဇူး
တင်ရှိပါကြောင်း၊ ယနေ့ခေတ်တွင် အိုင်စီတီ နည်းပညာသည် နေ့စဉ်လူမှုဘဝများတွင်
တစ်နေ့တစ်ခြားအရေးပါလာသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ၂၁ ရာစုတွင်
နည်းပညာဖွံ့ဖြိုးတိုးတက်လာသည့်အတွက် နည်းပညာနှင့်ပတ်သက်သည့် သင်တန်းများသည်
အရေးကြီးပါကြောင်း၊ သင်တန်းများပေးခြင်းသည် မိမိတို့၏စွမ်းဆောင်ရည်ကို
မြှင့်တင်ပြီး လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေပြီး ဝန်ကြီးဌာန၏
စွမ်းဆောင်ရည်လည်း ပိုမိုအားကောင်းလာမည်ဖြစ်ပါကြောင်း၊ ဌာနများတွင်လည်း
အိုင်စီတီ နည်းပညာများအသုံးပြု၍ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ခြင်းကို
တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့်လည်း
e-Government လုပ်ငန်းများ အကောင်အထည်ဖော်ရန်
အားပေးဆောင်ရွက်လျက်ရှိသည့်အတွက် ဝန်ထမ်းများအနေဖြင့် အိုင်စီတီနည်းပညာများ
လုံခြုံစိတ်ချ ထိရောက်စွာအသုံးပြုတတ်ကျွမ်းမှုရှိရန် လိုအပ်ပါကြောင်း၊
ပညာရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေ ဖြင့် တိုးတက်လျက်ရှိသည့်
အိုင်စီတီနည်းပညာများကို မိမိတို့လုပ်ငန်းခွင်များတွင် ထိထိရောက်ရောက်
အသုံးပြုပြီး လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်သည်ထက် တိုးတက်လာစေရန်
ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် EMIS
စနစ်ကို အခြေခံပညာ၊ ကျောင်းပြင်ပ၊ နည်းပညာနှင့်သက်မွေး၊ တက္ကသိုလ်များနှင့်
ဦးစီးဌာနများ၏သတင်းအချက်အလက်များ စနစ်တကျ ရှိစေရန်
အသုံးပြုလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ လူတိုင်းနီးပါး
အင်တာနက်အသုံးပြုလာနိုင်ချိန်တွင် သတင်းအချက်အလက်များသည် အကန့်အသတ်မရှိ
များပြားနေသည့်အတွက် အကောင်းအဆိုး၊ အမှားအမှန် ဝေဖန်ပိုင်းခြား နိုင်ရန်
လိုအပ်ပါကြောင်း။
ယခုဖွင့်လှစ်သင်ကြားမည့်
Mobile and Digital Literacy Training သင်တန်း၏ သင်ရိုးကို ကြည့်မည်ဆိုပါက
ယနေ့ခတ်တွင် မဖြစ်မနေ သိသင့်သိထိုက်သည့် အကြောင်းအရာခေါင်းစဉ်များဖြစ်
သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့်
ယခုသင်တန်းမှ သင်ကြားပို့ချသည့် ပညာရပ်များကို သေချာစွာ
လေ့လာကြိုးစားကြပြီး မိမိတို့ဌာနသို့ပြန်ရောက်ရှိချိန် တွင်
သင်ယူလေ့လာခဲ့သည့် အသိပညာဗဟုသုတများကို ပြန်လည်ဝေမျှရန်
တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် The Asia Foundation မှ Special Project Unit Manager ဒေါ်မစ်ကီကျော်မြင့် က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ဖေဖော်ဝါရီ
(၅)ရက်မှ (၈)ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သည့် Mobile and Digital
Literacy Training သင်တန်းတွင် အိုင်စီတီနှင့် Cloud Computing မိတ်ဆက်၊
အင်တာနက် ဘေးကင်း လုံခြုံမှုနှင့် လူမှုကွန်ယက်၏ကျင့်ဝတ်၊ အီးမေးလ်ကို
စနစ်တကျအသုံးပြုမှု၊ Productivity Tools များ အသုံးပြုနည်း၊
သတင်းအချက်အလက်များအား စနစ်တကျရှာဖွေမှု၊ သင်ခန်းစာအားလုံး
ပေါင်းစပ်လေ့လာခြင်းနှင့် အဖွဲ့အလိုက် ပြန်လည်လေ့ကျင့်ခြင်းများကို
ပို့ချသွားမည်ဖြစ်ရာ သင်တန်းသား သင်တန်း သူ(၃၈)ဦးတက်ရောက်ကြကြောင်း
သတင်းရရှိသည်။