Saturday, February 22, 2020

ပြည်ထောင်စုဝန်ကြီး ရန်ကုန်အဝေးသင်တက္ကသိုလ် (YUDE) နှင့် ကိုရီးယားအာဆီယံချစ်ကြည်မှုအသင်း (Korea-ASEAN Friendship Association- KAFA) တို့၏ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော် ၂၀၂၀ ဖေဖော်ဝါရီ ၂၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၂၁)၌ ကျင်းပသော ရန်ကုန်အဝေးသင်တက္ကသိုလ် (YUDE) နှင့် ကိုရီးယားအာဆီယံချစ်ကြည်မှုအသင်း (Korea-ASEAN Friendship Association- KAFA) တို့၏ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် ရန်ကုန်အဝေးသင်တက္ကသိုလ် အပါအဝင် ရန်ကုန်တက္ကသိုလ်နှင့် တက္ကသိုလ် ၇ ခု၊ မန္တလေးတက္ကသိုလ်နှင့် တက္ကသိုလ် ၇ ခုတို့သည် သင်ရိုးညွှန်းတမ်း၊ သင်ကြားနည်းစနစ် အစရှိသည့် သင်ကြားရေးဆိုင်ရာ လွတ်လပ်ခွင့်များကို စတင်အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း၊ ရန်ကုန်အဝေးသင်တက္ကသိုလ်အနေဖြင့် မိမိနှင့်သက်ဆိုင်ရာ တိုင်းဒေသကြီး၏ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် အွန်လိုင်းသင်တန်းများ ပိုမိုဖွင့်လှစ်သွားရန် လိုအပ်သကဲ့သို့ အရည်အသွေးပြည့်ဝသော ဘွဲ့ရပညာတတ်များနှင့် ကျွမ်းကျင်မှုပြည့်ဝသော ပညာရှင်များ၊ လုပ်သားအင်အားစုများ မွေးထုတ်ပေးရန် စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယနေ့လက်မှတ်ရေးထိုးသည့် ရန်ကုန် အဝေးသင်တက္ကသိုလ် (YUDE) နှင့် ကိုရီးယားအာဆီယံချစ်ကြည်မှုအသင်း ( Korea-ASEAN Friendship Association- KAFA) တို့၏ နားလည်မှုစာချွန်လွှာသည် ကျောင်းသားဖလှယ်မှု၊ ဆရာဖလှယ်မှု၊ အသုံးချသုတေသနနှင့် ညီလာခံများ၊ ဆွေးနွေးပွဲများ ကျင်းပမှုကို အားပေးသကဲ့သို့ အွန်လိုင်းသင်တန်းများ ပိုမိုဖွင့်လှစ်သင်ကြားရေးကိုလည်း အထောက်အကူပြုမည် ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ လူမှုစီးပွာရေး ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုမည်ဖြစ်ပါကြောင်းဖြင့် ပြောကြား သွားပါသည်။
ဆက်လက်၍ ကိုရီးယားအာဆီယံချစ်ကြည်မှုအသင်း (Korea-ASEAN Friendship Association- KAFA) ၏ အမှုဆောင်ညွှန်ကြားရေးမှူး Dr. Sung Ki Baik က နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ ပါသည်။ ထို့နောက် ရန်ကုန်အဝေးသင် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ဒေါ်ခင်သန့်စင်နှင့် အမှုဆောင်ညွှန်ကြားရေးမှူး Dr. Sung Ki Baik တို့ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးကြပါသည်။ ထို့နောက် ရန်ကုန်အဝေးသင် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ဒေါ်ခင်သန့်စင်က ကျေးဇူးတင် စကားပြောကြားပါသည်။ ဆက်လက်၍ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိပါသည်။





No comments:

Post a Comment