Wednesday, February 5, 2020

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အမျိုးသားလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆက်လက်ကျင်းပ

နေပြည်တော် ၂၀၂၀ ဖေဖော်ဝါရီ ၄
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ် ရေးအတွက် အမျိုးသား လှုပ်ရှားမှုအသွင်ဖြင့်ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ ပါမောက္ခချုပ်များ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်(၁၃၄)ကျောင်းမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမှာစကားပြောကြားရာတွင် ပညာရေးနယ်ပယ်တွင် အတူတကွ တာဝန်ထမ်းဆောင်ခဲ့ကြသော လုပ်ဖော်ကိုင်ဖက် ပါမောက္ခချုပ်များကို တွေ့ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်သည် အနာဂတ်နိုင်ငံအတွက် အားထားရမည့် ယနေ့လူငယ်များ၏ အနာဂတ်ကို ပျက်စီးစေနိုင်သည့်အတွက် မူးယစ်ဆေးဝါးအန္တရာယ်မှ ရှောင်ရှားနိုင်ရေး အသိပညာပေးရန်နှင့် မူးယစ်ဆေးဝါးများကို လက်လှမ်းမမီရန် လိုအပ်ပါကြောင်း၊ ထိုကိစ္စများကို အစိုးရအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်နှင့် ထိရောက်သော စီမံချက်များဖြင့် အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးကိစ္စသည် ရေရှည်ဆောင်ရွက်ရမည့် ကိစ္စဖြစ်ရာ မူဝါဒ၊  ဥပဒေ၊ နည်းဥပဒေများပြဌာန်းပြီး မဟာဗျူဟာများ ရေးဆွဲချမှတ်၍ အကောင်အထည်ဖော်ရမည် ဖြစ်ကြောင်း၊ လူငယ့်ရေးရာမူဝါဒကို လူငယ်များကိုယ်တိုင် ရေးဆွဲဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ပြဌာန်းနိုင်ခဲ့ပါကြောင်း၊ လူငယ့်ရေးရာ မူဝါဒကိုကဏ္ဍ(၁၆)ရပ်ဖြင့် ရေးဆွဲဆောင်ရွက်ခဲ့ပြီး ကဏ္ဍ(၃)သည် မူးယစ်ဆေးဝါးကဏ္ဍ ဖြစ်ကြောင်းမူးယစ်ဆေးဝါး အန္တရာယ်နှင့်ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မဟာဗျူဟာ (၅)ရပ် ချမှတ်ထားရှိရာ လူငယ်များကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်မှ ထိရောက်စွာကာကွယ် ပေးရန်၊ မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်ရေးလုပ်ငန်းများတွင် လူငယ်များမှ တက်ကြွစွာ ဦးဆောင်ပါဝင်လာစေရန်၊ မူးယစ်ဆေးဝါးသုံးစွဲသည့် လူငယ်များကို ထိရောက်စွာကုသ၍ ပြန်လည်ထူထောင်ပေးရန်၊ လူငယ်များအကြား မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သော အကြမ်းဖက်မှု မှုခင်းများလျှော့ချရန်နှင့် အကြမ်းဖက်ခံရခြင်းမှလည်း အကာအကွယ်ပေးရန်နှင့် စွဲလမ်းစေတတ်သည့် ဆေးလိပ်၊ ဆေးရွက်ကြီး၊ ကွမ်း၊ အရက် စသည်တို့ကို လူငယ်များသုံးစွဲမှုမှ ရှောင်ကြဉ်လျှော့ချ စေရန်တို့ဖြစ်ကြောင်း၊ တက္ကသိုလ်ပါမောက္ခချုပ်ကြီးများက ဦးဆောင်၍ တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများကို မူးယစ်ဆေးဝါးဆိုင်ရာ ပညာပေးမှုနှင့် ကာကွယ်စောင့်ရှောက်မှု ဆိုင်ရာလုပ်ငန်းများတွင် ပြည်သူများအကြား အမျိုးသားလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးလိုခြင်းဖြစ်ကြောင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် မိဘများ၊ အုပ်ထိန်းသူများ၏ မူးယစ်ဆေးဝါးဆိုင်ရာ အသိနှင့် အုပ်ထိန်းမှုစွမ်းရည်ကို မြှင့်တင်ပေးခြင်း၊ မူးယစ်ဆေးဝါးကို လက်လှမ်းမီ အလွယ်တကူ ရရှိမှုမရှိစေရန်ကာကွယ်ပေးခြင်း၊ အနုပညာနှင့်အားကစားဆိုင်ရာ အရည်အသွေးများမြှင့်တင်ပေးနိုင် ခြင်း၊ လူငယ်များကို မိမိကိုယ်မိမိ ယုံကြည်မှုမြင့်တက်စေပြီး စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ လူငယ် အချင်းချင်း နှစ်သိမ့်ဆွေးနွေး အားပေးကူညီတတ်ရန်လေ့ကျင့်ပေးခြင်း၊ အပြုအမူပြောင်းလဲခြင်း ဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်းနှင့် ပြဿနာဖြေရှင်းမှု စွမ်းရည်များကို ပံ့ပိုးမြှင့်တင်ပေးခြင်း၊ ကမ်ပိန်းများ ပြုလုပ်ခြင်း၊ လူငယ်များအား ပညာရေးနှင့် စီးပွားရေးလုပ်ငန်းအခွင့်လမ်းများကို ချိတ်ဆက်ပေးခြင်း၊  မူးယစ်ဆေးကင်းဝေးသော ကျောင်း၊ တက္ကသိုလ်၊ ရပ်ကွက်၊ ကျေးရွာများဖြစ်ပေါ် စေရေးဆောင်ရွက် ခြင်းတို့ပါဝင်ကြောင်း၊ ယနေ့ ဆွေးနွေးပွဲသို့တက်ရောက်လာကြသော ပါမောက္ခချုပ်ကြီးများသည် လူငယ်များနှင့် အကျွမ်းတဝင်ရှိပြီး နေ့စဉ်ထိတွေ့ဆောင်ရွက် နေကြရသူများဖြစ်ရာ  မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေးအတွက် လူငယ့်ရေးရာမူဝါဒပါလုပ်ငန်းစဉ်များ စတင်အကောင်အထည် ဖော်ရာတွင် စေတနာ့ဝန်ထမ်းလုပ်အားပေးအစီအစဉ်များကို  တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား များ၏ပါဝင်မှုဖြင့် ဆောင်ရွက်ပေးကြစေလိုကြောင်းမိမိတို့ဝန်ကြီးဌာန အနေဖြင့် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နှင့် အတူတကွပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေး ဝန်ကြီးဌာနတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် (၁၃၄)ခုရှိပါကြောင်း၊ ဆရာ ဆရာမ(၂၁၉၈၇) ဦးရှိပြီး ကျောင်းသား ကျောင်းသူ နေ့သင်တန်းနှင့် အဝေးသင် စုစုပေါင်း(၁၀၁၅၂၇၄)ဦး ရှိပါကြောင်း၊ ကျောင်းသားဦးရေတိုးလာပြီး ဆရာ ဆရာမဦးရေလျော့သွားသဖြင့် တက္ကသိုလ်များတွင် လိုအပ်သည့် ဘာသာရပ်များအတွက် ခန့်အပ်ရန် ခွင့်ပြုချက်ရရှိရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာစာ လာရောက်သင်ကြားသူ နိုင်ငံခြားကျောင်းသား(၄၆၄)ဦး ရှိပါကြောင်း၊ ပါရဂူဘွဲ့ရရှိသူ(၂၁၅)ဦး၊ မဟာဘွဲ့ရရှိ သူ(၅၂၄၉)ဦး၊ ရိုးရိုးဘွဲ့နှင့် ဂုဏ်ထူးဘွဲ့ရရှိသူ(၁၄၀၅၃၀)ဦး၊ ဒီပလိုမာရရှိသူ(၉၄၉၈)ဦး၊ သင်တန်းလက် မှတ်ရရှိသူ (၂၄၃၈)ဦး စုစုပေါင်း (၁၅၅၄၅၇)ဦး ရှိပါကြောင်း၊ နိုင်ငံခြားပညာရှင် (၆၈)ဦးရှိပါကြောင်း၊ ရန်ကုန်တက္ကသိုလ်နှင့် တက္ကသိုလ်() ကျောင်း၊ မန္တလေးတက္ကသိုလ်နှင့် () ကျောင်းတို့ကို လည်း ၂၀၁၉-၂၀၂၀ ပညာသင် နှစ်အတွက် တက္ကသိုလ်၀င်ခွင့် ကိုယ်ပိုင်စီမံခန့်ခွဲဆောင်ရွက်ရန် ခွင့်ပြုခြင်းနှင့် တက္ကသိုလ်၀င်ခွင့်အတွက် သက်ဆိုင်ရာ တက္ကသိုလ်များတွင် လျှောက်ထားခွင့်ပြုခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်များတွင် ဘာသာရပ်အသစ်များ တိုးချဲ့ဖွင့်လှစ်ခြင်း၊  ပညာရေးကောလိပ်များတွင် ၄နှစ်သင် ပညာရေး(ဝိဇ္ဇာ/သိပ္ပံဘွဲ့) သင်တန်းများကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သိပံ္ပပြပွဲ၊ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ၊ နည်းပညာပြပွဲများကိုလည်း များများပြုလုပ်ပေးစေလိုကြောင်း၊ သုတေသနစာတမ်းများ ရေးသားရာတွင် ပြည်တွင်းပြည်ပ သုတေသနဂျာနယ်များတွင် သုတေသနစာစောင် (၅၅၉၅)စောင် ရေးသားနိုင်ခဲ့ပါကြောင်း၊ နိုင်ငံခြားပညာတော်သင်၊ အလုပ်ရုံဆွေးနွေးပွဲများနှင့်စာတမ်းဖတ်ပွဲများ တက်ရောက်ရန်စေလွှတ်သူ (၁၁၉၅)ဦး ရှိပါကြောင်း၊ e-Library Online Registration/e-Payment Capacity Building, Professional Development, Management and Governance, Online courses, e-Learning Courses လုပ်ငန်းများကိုလည်း အားပေးလျက်ရှိပါကြောင်း၊ University များနှင့်ပတ်သက်၍ Attitudes, Values ကောင်းမွန်၍ အကြောင်းအကျိုး အကောင်းအဆိုး မှားမှန်ကို ကရုဏာအသိဖြင့် ရွေးချယ် နိုင်စွမ်းရှိသော လူသားကောင်းများ ဖြစ်လာစေရန် Employability ရှိသော ဘွဲ့ရသူများပြုစုပျိုးထောင် သင်ကြားသင်ယူလေ့ကျင့်၍ အခြေခံသုတေသန ဆောင်ရွက်နိုင်စွမ်းကောင်းရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားသည်။ ယင်းနောက် အစည်းအဝေးတက်ရောက်လာသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ တာဝန်ရှိသူများက မိမိတို့တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အလိုက် အားသာချက်၊ အားနည်း ချက်နှင့် စိန်ခေါ်မှုများကို ပါဝါပွိုင့်များဖြင့် အသီးသီးရှင်းလင်း တင်ပြကြခဲ့ကြောင်း သတင်းရရှိသည်။





No comments:

Post a Comment