နေပြည်တော် ၂၀၂၀ ဖေဖော်ဝါရီ ၁၆
ပညာရေးဖွံ့ဖြိုးတိုးတက်မှု
အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ ဆင့်ပွားဆွေးနွေးပွဲ (အခြေခံပညာကဏ္ဍ)
အခမ်းအနားကို ယနေ့နံနက်၉နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး(အရှေ့)၊
တောင်ငူခရိုင်၊ တောင်ငူ ပညာရေးကောလိပ် မြတ်ပညာခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ
ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦးက အခမ်းအနား
ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက်
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင်
ပညာရေးဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်များကို
ပြုစုပျိုးထောင်လျက်ရှိပြီး ပညာရေးပြုပြင်ပြောင်းလဲမှုများကို
ဆောင်ရွက်လျက်ရှိပါကြောင်း၊ မွေးဖွားလာသည့်အချိန်မှစ၍
သင်ယူမှုများကိုဘဝတစ်လျှောက်လုံး စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်သဖြင့်
ဘဝရပ်တည်မှုအတွက် လိုအပ်သောကျွမ်းကျင်မှုများရှိရန် လိုအပ်ပါကြောင်း၊
ဘဝတစ်လျှောက်လုံး သင်ယူမှုအခွင့်အလမ်းများရှိရန်၊ အထူးပြုဘာသာရပ်
နည်းနည်းကို နက်နက်နဲနဲသင်ယူနိုင်ရန်နှင့် ကျွမ်းကျင်မှုရှိရန်
သင်တန်းများဖွင့်လှစ်ပေးပြီး များများလေ့ကျင့်ပေးရမည် ဖြစ်ပါကြောင်း၊
ပညာရေးသင်ယူမှုအခွင့်အလမ်း ပိုမိုမြင့်မားရေးအတွက် ယနေ့ခေတ်တွင် Industrial
Revolution-IR 4.0 နှင့် လိုက်လျောညီထွေဖြစ်သော ပညာရေးသည် Education 4.0
ဖြစ်ပါကြောင်း၊ Industrial Revolution-IR 4.0 နှင့် လိုက်လျောညီထွေဖြစ်သော
ပညာရေးဖြစ်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊
Education 4.0 တွင် သင်ယူသူတစ်ဦးချင်းသည် ဗဟိုဖြစ်ပါကြောင်း၊ သင်ယူခြင်းသည်
အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ အရည်အသွေးရှိသည့် ပညာရေးစနစ်တွင်
သင်ယူပြီးရင်း သင်ယူနေရပြီး ဘဝတစ်သက်တာ သင်ယူကြရမည်ဖြစ်ပါကြောင်း၊
သင်ယူသူတစ်ဦးချင်းစီကို ဗဟိုပြုပြီး သင်ယူတတ်မြောက်မှု
အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊
ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရာတွင် သင်ရိုးညွှန်းတမ်းများ
ပြုပြင်ပြောင်းလဲခြင်း၊ လိုအပ်သည်များ ဖြည့်ဆည်းခြင်းများကို ဆောင်ရွက်ပြီး
အရည်အသွေးရှိသော ပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊
သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲဆောင်ရွက်ရာတွင် ၂၀၂၂- ၂၀၂၃
ခုနှစ်တွင် (KG+12) သူငယ်တန်း+ တစ်ဆယ့်နှစ်တန်းပညာရေးအတွက်
ဘာသာစုံသင်ရိုးညွှန်းတမ်း စာအုပ်များအားလုံး ပြီးစီးမည်ဖြစ်ပါကြောင်း၊
ယခုနှစ်နွေရာသီတွင် မူလတန်းပြဆရာ ဆရာမအားလုံး (Grade-4) စတုတ္ထတန်းသင်တန်း၊
အလယ်တန်းပြဆရာ ဆရာမများအားလုံး (Grade-7) သတ္တမတန်းသင်တန်းနှင့်
အထက်တန်းပြ ဆရာ ဆရာမများအားလုံးကို (Grade-10)ဒသမတန်းသင်တန်းများ
ပေးသွားမည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့်
အရည်အသွေးရှိသော ကျောင်းသား ကျောင်းသူများကို ပြုစုပျိုးထောင်ရာတွင် ဆရာ
ဆရာမများအနေဖြင့် သင်ယူရာတွင် တော်ကြသည်ကို သိရှိပါကြောင်း၊ သင်ယူရာတွင်
တော်သကဲ့သို့ သင်ကြားရာတွင်လည်း တော်ကြမည်ဖြစ်ပါကြောင်း၊ ဆရာ
ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာသင်ချိန်နှင့် ကျောင်းတွင်
ပျော်ရွှင်အောင် မည်သို့ဆောင်ရွက်ရမည်ကို စဉ်းစားရမည်ဖြစ်ပါကြောင်း၊
ကလေးများ ကျောင်းသွားရသည်ကို ပျော်မှသာ ပညာတတ်များဖြစ်မည် ဖြစ်ပါကြောင်း၊
မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်လျက်ရှိပြီး အဓိကအနေဖြင့်
ပညာရေးစနစ်ဖြစ်ပါကြောင်း၊ ပညာရေးစနစ်မှန်ကန်လျှင် အခြားနိုင်ငံများအား
ရင်ပေါင်တန်းပြီး အချိန်တိုအတွင်း အမီလိုက်နိုင်မည် ဖြစ်ပါကြောင်း၊
အခြားနိုင်ငံများမှ ကျောင်းသား ကျောင်းသူများထက် တစ်မူထူးပြီး
တော်စေချင်ပါကြောင်း၊ ကျောင်းစာသာမက စာရိတ္တပိုင်းနှင့်
ပူးပေါင်းဆောင်ရွက်မှု အပိုင်းတွင်လည်း တော်စေချင်ပါကြောင်း၊ ဆရာ
ဆရာမများအနေဖြင့် မိမိတို့လူမှုအသိုင်းအဝိုင်း ပျော်ရွှင်ရန်၊
တိုးတက်ရန်ဖော်ဆောင်ပေးနိုင်သည့် ကလေးငယ်များကို မွေးထုတ်ပေးကြစေလိုကြောင်း
ပြောကြားသည်။ ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးကိုလေးဝင်းက ပညာရေးကဏ္ဍဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ပညာ)
ဒေါက်တာတင်မောင်ဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)
ဦးရဲလင်းမြင့်တို့က စာတမ်းများနှင့်စပ်လျဉ်း၍ အနှစ်ချုပ်တင်ပြကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို
မေးမြန်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့်
တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။ ယင်းနောက် ပညာရေးဖွံ့ဖြိုးတိုးတက်မှု
အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ ဆင့်ပွားဆွေးနွေးပွဲ ဖြစ်မြောက်ရေး
ဦးဆောင်ပေးခဲ့သည့် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးမင်းဦးနှင့် တောင်ငူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးခင်မောင်သန်းတို့အား တောင်ငူခရိုင် ပညာရေးမိသားစုမှ ဂုဏ်ပြုမှတ်တမ်းလွှာ
ပေးအပ်ကြသည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းက
ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment