Saturday, February 29, 2020

အရည်အသွေးရှိသော ပညာရေးဦးတည်၍ ပညာရေးပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ၂၀၂၀ ဖေဖော်ဝါရီ ၂၆
ပညာရေးဝန်ကြီးဌာန၊ အရည်အသွေးရှိသော ပညာရေးဦးတည်၍ ပညာရေးပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ်၁နာရီတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကား ပြောကြားသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အရည်အသွေးရှိသော ပညာရေးကို ဦးတည်ဆောင်ရွက်ရာတွင် မည့်သည့်ခွဲခြားမှုမျှမရှိခြင်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားခြင်း၊ ကျောင်းထွက်မှုနှုန်း လျော့နည်းခြင်းများကို ဆောင်ရွက်ပါကြောင်း၊ အရည်အသွေးရှိသည့် ပညာရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာတွင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နိုင်ငံသားတိုင်း အနည်းဆုံးမူလတန်းပညာကို သင်ယူပြီးမြောက်ပြီး အလယ်တန်းပညာနှင့် အထက်တန်းပညာကို အဆင့်ဆင့်တိုးမြှင့် သင်ယူခွင့်များရရှိရန် ဆောင်ရွက်မည်ဖြစ်ရာ မူလတန်းအရွယ်ကလေးတိုင်း မူလတန်းပညာရေးကို ပြီးမြောက်အောင်မြင်ခြင်းနှင့် မူလတန်းပညာသင်ယူရန် အခက်အခဲရှိနေသည့်ကာယ၊ ဉာဏစွမ်းရည်အားနည်းသော ကလေးများ၊ ဆင်းရဲနွမ်းပါးသည့် ကလေးများ၊ ဝေးလံခေါင်ဖျားဒေသရှိ ကလေးများစသည့် ကလေးများအတွက် အလေးထားသည့် ပညာရေးအစီအစဉ်များ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ ကွဲပြားခြားနားသည့် ဘာသစကားပြောသော မူလတန်းတိုင်းရင်းသား ကလေးငယ်များအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားဘာသာစကား သင်ရိုးညွှန်းတမ်း ပြုစုရေးဆွဲခြင်းနှင့် သင်ကြားခြင်းများအပါအဝင် တိုင်းရင်းသားဘာသာစကားနှင့် ယဉ်ကျေးမှုကို မြှင့်တင်ပေးရန် ဆောင်ရွက်ခြင်း၊ သင့်လျော်သောဆရာ ၊ကျောင်းသားအချိုးရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ ကျောင်းအသီးသီးမှ ဆရာများ၏ ဘာသာရပ်ကျွမ်းကျင်မှုနှင့် သင်ကြားပို့ချမှုစွမ်းရည်များ မြင့်မားလာစေရန် ဆောင်ရွက်ခြင်း၊ အခြေခံပညာရေးကို လူတိုင်းပိုမိုလက်လှမ်းမီနိုင်ရန် ဖွံ့ဖြိုးမှုအားနည်းသည့် ဒေသများရှိကျောင်းများ (အထူးသဖြင့် ကျောင်းအသုံးအဆောင်ပစ္စည်းများ လုံလောက်မှုမရှိသော အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများ)၏ လိုအပ်ချက်များကို ဦးစားပေးဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ ပညာအရည်အချင်းနည်းပါးသူများ၏ နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်စေရန် အခြေခံပညာအလယ်တန်း၊ အထက်တန်း တန်းညှိအစီအစဉ်များနှင့် သက်မွေးမှုသင်တန်းအစီအစဉ်များဖြင့် ဆက်လက်ပညာဆည်းပူးနိုင်သော အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ တက္ကသိုလ်များတွင် ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းများ ရေးဆွဲသင်ကြားခွင့်၊ အုပ်ချုပ်ခွင့်နှင့် သုတေသနလုပ်ငန်းများကို လွတ်လပ်စွာဆောင်ရွက်နိုင်သော ကမ္ဘာ့အဆင့်မီ အဆင့်မြင့်သင်ရိုး၊ ကမ္ဘာ့အဆင့်မီအဆင့်မြင့် ပညာရေးစနစ် ဖြစ်ထွန်းလာစေရန် ဦးတည်ဖော်ဆောင်ပေးခြင်း၊ နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးပညာရပ်များကို တက္ကသိုလ်များ၏ပညာရပ်များနှင့် တန်းတူဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးခြင်း၊ ကျောင်းသားမိဘများနှင့် ရပ်ရွာအသိုက်အဝန်းကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေသော ထိရောက်သည့် ပညာရေးဝန်ဆောင်မှုဖြစ်စေရန် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်တွင်းပြည်ပမှရရှိသည့် ပညာရေးဆိုင်ရာဘဏ္ဍာငွေများကို အကျိုးရှိထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်ခြင်းနှင့် တိကျမှန်ကန်သည့် သတင်းအချက်အလက်များကို အခြေခံ၍ ထိရောက်သောပညာရေး ပြုပြင်ပြောင်းလဲမှု၊ စီမံခန့်ခွဲမှုနှင့်လေ့လာကြီးကြပ်မှု လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးတိုင်းသင်ယူ တတ်မြောက်ရမည့် ဘာသာရပ်အားလုံး အကောင်းဆုံးသင်ယူ တတ်မြောက်အောင်၊ လူသားကောင်းများဖြစ်အောင်၊ ပူးပေါင်းဆောင်ရွက်တတ်အောင်၊ တာဝန်ယူတာဝန်ခံမှုရှိအောင်၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်မှုရှိအောင် အရည်အသွေးပြည့်မီသည့် ဆရာ ဆရာမများ လိုအပ်ပါကြောင်း၊ စံသတ်မှတ်ချက် အရည်အသွေးများပြည့်မီရန်၊ တာဝန်နှင့်လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။ ယင်းနောက် အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံနည်းပညာ ပညာရှင်အဖွဲ့တို့က ပညာရေးပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာနက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)တွင် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဦးစားပေးဆောင်ရွက်နေသော လုပ်ငန်းစဉ်(၁၂)ရပ်နှင့်စပ်လျဉ်း၍ ဦးစီးဌာန(၁၁)ခုတို့မှ ညွှန်ကြားရေးမှူးချုပ်များက Power Point ဖြင့် ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားသည်။ အဆိုပါဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံနည်းပညာ ပညာရှင်အဖွဲ့နှင့် အဖွဲ့ဝင်များ၊ ပါမောက္ခချုပ်များကော်မတီ အဖွဲ့ဝင်များ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။




No comments:

Post a Comment