Monday, July 3, 2017

၂၀၁၇ ခုနှစ် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အဆင့်မြင့်ပညာကဏ္ဍဍ) ဖွင့်ပွဲကျင်းပ

၂ဝ၁ရခုနှစ် ပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အဆင့်မြင့် ပညာ ကဏ္ဍဍ)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပ ခဲ့ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အဖွင့်အမှာ စကား ပြောကြားသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ မိမိတို့နိုင်ငံတွင် ပညာရေး ပြုပြင်ပြောင်းလဲမှုများကို ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် နှစ်ပေါင်းများစွာ ပညာရေး ခေတ်နောက်ကျနေခဲ့သည့်အတွက် လိုအပ်ချက်များ၊ အခက်အခဲများ၊ စိန်ခေါ်မှုများ နှင့်ကြုံတွေ့နေရပြီး အမျိုးသားပညာရေး ဥပဒေနှင့်ပြင်ဆင်သည့် ဥပဒေတို့အရ တက္ကသိုလ်များတွင် တန်ဖိုးရှိသည့် ပညာရေးပိုမိုဖြစ်ထွန်းလာရေးကို ဦးတည်၍ ထိထိရောက်ရောက်နှင့် ပွင့်လင်းမြင်သာစွာ အကောင် အထည်ဖော်နိုင်ရန် ပင်ပန်းခက်ခဲ နက်နဲစွာ ပူးပေါင်းဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)တွင်လည်း အဆင့်မြင့်ပညာကဏ္ဍဍ သင်ယူမှုအခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေးအာမခံမှုရှိနိုင်ရေးနှင့် ထိရောက်သော စီမံခန့်ခွဲမှုဖြင့် အကောင်အထည်ဖော်နိုင်ရေးတို့ကို သုတေသနလေ့လာ ဆန်းစစ်တွေ့ရှိချက်များနှင့် အကြံပြုချက်များ အရ စီမံကိန်းများရေးဆွဲပြီး စနစ်တကျ အကောင်အထည်ဖော်သွားရမည်ဖြစ်ပါကြောင်း၊ ပညာရေး အရည်အသွေးမြင့်မားလာရေးအတွက် ဆရာ ဆရာမများ၏ ရင့်ကျက်မှု၊ အတွေ့အကြုံ၊ အရည်အချင်းများသည် လွန်စွာအရေးကြီးပါကြောင်း၊ သို့ဖြစ်၍ (၂)နှစ်သင် ပညာရေးကောလိပ်များကိုလည်း နိုင်ငံတကာကဲ့သို့ (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်မြှင့်တင်နိုင်ရန် စနစ်တကျ စီမံချက်များပြုစုပြီး အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းဖြင့် ပြော ကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများခန့်ထားရေး၊ ပြောင်းရွှေ့ရေး၊ ရာထူး တိုးမြှင့် ခန့်ထားရေးများတွင်လည်း သတ်မှတ်အရည်အချင်း၊ တာဝန်ထမ်းဆောင်သည့် ကာလပြည့်မီသူများကို တန်းစီဇယားပြုစုရေး သတ်မှတ်မူများ၊ အင်္ဂ္လိပ်စာ၊ အိုင်စီတီ၊ သုတေသန စသည့် စွမ်း ဆောင်ရည်များ၊ ကျောင်းသားအကဲဖြတ်ချက်များကို ဆရာ ဆရာမများနှင့်စိတ်ပါဝင်စာသူများ သိစေရန် ကျယ်ကျယ်ပြန့်ပြန့် အသိပေးခြင်း၊ သင်ကြားမှုတာဝန်နှင့် အတန်း ခွဲဝေခြင်း၊ အချိန်ဇယား ပြုစုခြင်း၊ အတန်းမှန်မှန် ဝင်ရောက်သင်ကြားခြင်း၊ ခွင့်ယူခြင်း၊ လစာ၊ ခရီးစရိတ်၊ နေ့တွက်စရိတ် ဆိုင်ရာကိစ္စများတွင်လည်း စနစ်တကျ ပွင့်လင်းမြင်သာစွာ အသိပေး၍ အစည်းအဝေးမှတ်တမ်းဖြင့် လည်းကောင်း ဆောင်ရွက်သင့်ပါကြောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ အားလုံးတွင် သုတေသနသည် အသက်သွေးကြောဖြစ်သည့်အတွက် ဆရာ ဆရာမများအားလုံးသည် ဒေသနှင့် နိုင်ငံတော်၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အထောက်အကူပြုမည့် သုတေသန လုပ်ငန်း ဆောင်ရွက်ခြင်း၊ သုတေသနစာတမ်း ဖတ်ကြားဆွေးနွေးခြင်း၊ သုတေသနဂျာနယ်များတွင် သုတေသနစာတမ်းများ ပြုစုရေးသားခြင်းများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများ မြှင့်တင်ရေး လုပ်ငန်းနှင့်ဒေသနှင့် ကိုက်ညီသည့် ဘွဲ့/ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးသည်လည်း အရေးကြီးပါကြောင်း၊ နိုင်ငံတကာ တက္ကသိုလ်များတွင်ရှိသည့် ဘွဲ့သင်တန်းများ၏ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများကို လေ့လာဆန်းစစ်ဆွေးနွေးပြီး ဒေသနှင့်နိုင်ငံတော်၏လုပ်သား ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် သင်တန်း၊ သင်ရိုးညွှန်းတမ်းများဖြင့် ဆောင်ရွက်နိုင်ရေး အတွက် ပုဂ္ဂလိကကဏ္ဍဍ၊ ကုန်သည်ကြီးများ၊ စက်မှုလုပ်ငန်း ရှင်များ၏ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တက္ကသိုလ်အသီးသီးမှ စာတမ်းရှင်များက တက္ကသိုလ်များတွင် Faculty များ ဖွဲ့ စည်းတည်ထောင်ရေး စာတမ်း၊ ဆရာ/ကျောင်းသား ဆိုင်ရာကိစ္စရပ်များ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး စာတမ်း၊ (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ရေး စာတမ်း၊ Credit Transfer Sysytem ကို အဆင့်မြင့်ပညာ တက္ကသိုလ်များတွင် လက်တွေ့ကျင့်သုံးနိုင်ရေး စာတမ်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးစာတမ်း တို့ကို ဖတ်ကြားတင်သွင်းကြပြီး ဗြိတိသျှကောင်စီမှ Mrs.Lynne Heslop မှ Strengthening distance education in Myanmar and internationally စာတမ်းနှင့် Mrs.Kathy Wright ၏ Transforming teaching and inspiring learning in universities ဗီဒီယိုကလစ်အား ဆွေးနွေးတင်ပြရာ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ ၂ဝ၁၇ ခုနှစ် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အဆင့်မြင့် ပညာကဏ္ဍဍ)ကို ဇွန်လ ၂၄ ရက်မှ ၂၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး တက္ကသိုလ်အသီးသီးမှ စာတမ်းရှင်များက စာတမ်း ၁၀ စောင် တင်သွင်းကြမည်ဖြစ်ကြောင်း သိရသည်။








No comments:

Post a Comment