ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက် ၉နာရီတွင် တောင်ငူပညာရေးကောလိပ်သို့ရောက်ရှိခဲ့ပြီး တောင်ငူပညာရေးကောလိပ် ၂၀၁၇ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် သတ်မှတ်နေရာများသို့ သွားရောက်နေရာယူကြပြီး မင်္ဂ္လာအခါတော်အချိန်တွင် ပြည်ထောင်စုဝန်ကြီးက ကံ့ကော်ပင်ကို အမှတ်တရစိုက်ပျိုးပေးကာ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များက ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ မဟော်ဂနီနှင့် ကံ့ကော်ပင်များကို စိုက်ပေးခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ငူပညာရေးကောလိပ် သင်တန်းသား သင်တန်းသူများ သစ်ပင်စိုက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်ငူပညာရေးကောလိပ်ခန်းမ၌ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံကာ လူသားကောင်းများဖြစ်ပေါ်လာအောင် ပြုစုပျိုးထောင်ပေးရန်၊ ပူးပေါင်းဆောင်ရွက်တတ်အောင် သင်ကြားလေ့ကျင့်ပေးရန်၊ တာဝန်ယူတာဝန်ခံသည့် စိတ်ဓာတ်မွေးမြူပေးရန်၊ ဆရာဆရာမများ စာများများဖတ်၍ အင်္ဂ္လိပ်စာနှင့် အိုင်စီတီ အရည်အသွေးမြင့်မားရေးဆောင်ရွက်ရန်၊ ပရိုဂျက်သင်တန်းများ လေ့ကျင့်ပေးရန်၊ တီထွင်ကြံဆတတ်သူများဖြစ်ပေါ်လာအောင် သင်ကြားလေ့ကျင့်ပေးရန်၊ ပညာရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိဘဆရာအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရန်တို့ကိုမှာကြား ဆွေးနွေးပြီး ဒုတိယဝန်ကြီးက အနာဂတ်အတွက် နိုင်ငံတော်မှအားကိုးအားထားပြု ရမည့် ဆရာကောင်းဆရာမွန်များဖြစ်အောင် ကြိုးစား အားထုတ်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
No comments:
Post a Comment