Monday, July 17, 2017

ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

နေပြည်တော် ၂၀၁၇ ဇူလိုင် ၁၂



ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး ကော်မတီဥက္ကဋ္ဌဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်​ဝေရေးဦးစီးဌာနသည် ပညာရေး ဝန်ကြီးဌာနက အပ်နှံသော အခြေခံပညာ ကျောင်းသုံးစာအုပ်များ ပုံနှိပ်ခြင်းလုပ်ငန်းကို အဓိကထား ဆောင်ရွက်ပါကြောင်း၊ အခြေခံပညာ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) ကျောင်းသုံးစာအုပ်များ အားလုံးကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အထိ (၂၁)နှစ်ကြာ ပုံနှိပ်ပေးခဲ့ပါကြောင်း၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်ပြီး ကျောင်းသူ၊ ကျောင်းသားများ အရည်အသွေးမြင့်မားစွာ ကိုင်တွယ်အသုံးပြုနိုင်စေရန် စာအုပ်အတွင်းသားကို နိုင်ငံခြားစက္ကူ ဖြူ၊ ချော Woodfree (70 gsm) ဖြင့်လည်းကောင်း၊ အဖုံး စက္ကူကို နိုင်ငံခြားကြွချော Art Card (210 gsm) ဖြင့်လည်းကောင်း ပြောင်းလဲပုံနှိပ်ခဲ့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းသုံးစာအုပ် (သန်း ၂၀ ခန့်မှ ၃၅ သန်းထိ) ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်​ဝေရေးဦးစီဌာနမှ ပုံနှိပ် ဆောင်ရွက်သွားရန် လျာထားစီစဉ်လျက်ရှိပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများတွင် လိုအပ်လျက် ရှိသည့် ကျောင်းသုံးစာအုပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ အပြီးသတ် ဆောင်ရွက်ပေးရမည့် အချိန်ကာလ သတ်မှတ်ချက်နှင့် စပ်လျဉ်းလည်းကောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး ကော်မတီ အတွင်းရေးမှူး ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကျောင်းသုံး စာအုပ်များ အရည်အသွေးမြှင့် ထုတ်လုပ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် ဆောင်ရွက်ပေးမည့် အခြေအနေတို့ကို ရှင်းလင်း ပြောကြားသည်။ ယင်းနောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး ကော်မတီ ဒုတိယဥက္ကဋ္ဌဌ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ကော်မတီအဖွဲ့ဝင်များက ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။ အဆိုပါ အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


Source: MOI Webportal Myanmar



No comments:

Post a Comment