Tuesday, July 11, 2017

Teacher Mentoring အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

ရန်ကုန် ၂၀၁၇ ဇူလိုင် ၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၈ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂ္လာဒုံမြို့နယ် ထောက်ကြံ့အုပ်ချုပ်မှုသင်တန်းကျောင်း၌ ကျင်းပသည့် Teacher Mentoring အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား ကျောင်းသူများကို ပြုစုပျိုးထောင်ရာတွင် သင်ယူတတ်မြောက်စေရန် ဝန်ဆောင်မှုပေးခြင်းပင် ဖြစ်ပါကြောင်း၊ ကျောင်းအဆင့်တိုးများကို သတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ပြီး ခွင့်ပြုပေးခဲ့ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအား အရည်အသွေးရှိသည့် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ လေ့ကျင့်ပေးရန်နှင့် တီထွင်ကြံဆတတ်သည့် လူသားကောင်းများ ဖြစ်လာစေရန် သင်ကြားလေ့ကျင့် ပြုစုပျိုးထောင်ပေးရန် အရေးကြီးပါကြောင်း၊ အမှန် အမှား ဝေဖန်ပိုင်းခြားနိုင်သော စဉ်းစားတွေးခေါ်မှုကို ဖွံ့ဖြိုးစေသည့် ပညာရေးစနစ်ဖြစ်ရန် လိုအပ်ပါကြောင်း၊ ကျောင်းစာကြည့်တိုက်များကို အကျိုးရှိရှိ အသုံးပြုနိုင်ရန် ထောက်ပံ့ပေးရမည် ဖြစ်ပါကြောင်း၊ မိဘဆရာအသင်းနှင့် ဆရာ ဆရာမများ ပူးပေါင်းပြီး ကျောင်းသား ကျောင်းသူများ ကျောင်းတက် မှန်ကန်မှု၊ အိမ်စာမှန်မှန်လုပ်ရေး၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် သင်ယူတတ်မြောက်မှု အရည်အသွေးမြင့်မားရေး စဉ်ဆက်မပြတ် အကဲဖြတ် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လက်ရှိကြုံတွေ့နေရသည့် လိုအပ်ချက်များ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အကောင်းဆုံး ကြိုးစားပူပေါင်း ဆောင်ရွက်ရန်နှင့် အခြေခံပညာ အရည်အသွေး ဖွံ့ဖြိုးတိုးတက်ဖို့ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးခဲ့သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ(၂၇)ရက်မှ ဇူလိုင်လ(၁၁)ရက်နေ့အထိ ကျင်းပလျက်ရှိကြောင်း သိရသည်။




No comments:

Post a Comment