နေပြည်တော် ၂၀၁၇ ဇူလိုင် ၂
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဌ ဦးတာ၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ၁-၇-၂၀၁၇ ရက်နေ့ နံနက် (၈)နာရီတွင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် မြေပြင်သာရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဆွေးနွေးအမှာစကားပြောကြားခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လွှတ်တော်ဥက္ကဋ္ဌဌ ဦးတာ၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တို့နှင့်အတူ မြေပြင်သာရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် မြေပြင်သာရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် ကျောင်းနေအရွယ် ကလေးအားလုံး သင်ယူမှုအခွင့်အလမ်း မြင့်မားရေးအတွက် ကျောင်းအဆင့်များ တိုးမြှင့်ဖွင့်လှစ်ပေးလျက်ရှိရာ ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်း (၅၀၉၉)ကျောင်းကို ကျောင်းအဆင့်တိုး သတ်မှတ်ချက်မူများနှင့် ကိုက်ညီသဖြင့် ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်း (၁၀၁၂)ကျောင်းကို ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခြင်းမှာ ဒေသခံပြည်သူများနှင့် ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများတို့ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်မှု အားကောင်းသောကြောင့် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေး၊ မူလတန်းပညာ သင်ယူပြီးမြောက်ရေး၊ ကျောင်းထွက်သူ ပပျောက်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာမများသည် မိဘများ၊ အုပ်ထိန်းသူများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းတစ်ကျောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိဘဆရာအသင်းသည် အရေးကြီးကြောင်း၊ ပညာရေးအရည်အသွေးမြင့်မားရေး ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ရာ ကောင်းမွန်စွာသင်ယူ တတ်မြောက်ရေးအတွက် ကြိုးစားအားထုတ် သင်ကြားပေးကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်မှန်မှု၊ အိမ်စာမှန်မှန်လုပ်မှု၊ ပြပွဲ၊ ပြိုင်ပွဲ၊ ပရောဂျက်နှင့် ကျောင်းဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်တတ်မှု၊ ကောင်းမွန်စွာ သင်ယူတတ်မြောက်မှုတို့ကို စဉ်ဆက်မပြတ် အကဲဖြတ်၍ စဉ်းစားတွေးခေါ်မြော်မြင်နိုင်စွမ်း၊ တီထွင်ကြံဆဖန်တီးနိုင်စွမ်းဟူသည့် စွမ်းရည်မြင့်မားလာရေးအတွက် မိဘ၊ အုပ်ထိန်းသူများနှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်းဖြင့် တိုက်တွန်းဆွေးနွေးမှာကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လွှတ်တော်ဥက္ကဋ္ဌဌ ဦးတာ၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးနှင့် မြို့သစ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသာအောင်တို့က အမှာစကားပြောကြားကြပြီး မြေပြင်သာကျေးရွာ မိဘတစ်ဦးက ကျေးဇူးတင် စကားပြောကြားသည်။
ယင်းနောက် မြေပြင်သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ် ဆရာမကြီးက ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များအား ဖွင့်ပွဲအထိမ်းအမှတ် အလံများကိုပေးအပ်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌဌနှင့် ဒုတိယဥက္ကဋ္ဌဌ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် အမှတ်တရ သစ်ပင်စိုက်ကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်အဖွဲ့သည် နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် အောင်ဆန်းအခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးဖွင့်လှစ်ပွဲ အခမ်းအနားသို့လည်းကောင်း၊ ရေနံချောင်းမြို့၊ တွင်းကုန်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးဖွင့်လှစ်ပွဲ အခမ်းအနားသို့ လည်းကောင်း၊ ရေနံချောင်းမြို့ လည်ပေါ်အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးဖွင့်လှစ်ပွဲ အခမ်းအနားသို့ လည်းကောင်း တက်ရောက်ပြီး အခြေခံပညာကျောင်းများမှ လူငယ်သားကောင်းများ ဖြစ်ပေါ်လာအောင် ပြုစုပေးရန်၊ ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ၊ တာဝန်ယူ၊ တာဝန်ခံမှု အသိစိတ်ဓာတ်ကောင်းများ ဖြစ်ပေါ်လာအောင် မွေးမြူပေးရန်၊ တီထွင်ကြံဆ ဖန်တီးနိုင်စွမ်းသော ကျွမ်းကျင်မှုစံအရည် အသွေးပြည့်စုံအောင်သင်ကြားလေ့ကျင့်ပေးရန်၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော အရည်အသွေး ပြည့်ဝသူများ ဖြစ်ပေါ်လာအောင် မွေးမြူလေ့ကျင့်ပေးရန်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment