Monday, June 17, 2019

ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ

နေပြည်တော် ၂၀၁၉ ဇွန် ၁၃

''ကိုယ်စိတ်ကျန်းမာလူငယ်ဘ၀၊ အနာဂတ်တောက်ပနိုင်ငံ့အလှ''ခေါင်းစဉ်ဖြင့် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသား အဆင့် နှီးနှောဖလှယ်ပွဲ ဒုတိယနေ့အစီအစဉ်ကို ယနေ့ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဆက်လက်ကျင်းပသည်။ နံနက်ပိုင်းအစီအစဉ်တွင် ကဏ္ဍအလိုက် ဆွေးနွေးပွဲကိုကျင်းပကြရာ ယာဉ်အ္တရာယ်နှင့် လမ်းအန္တရာယ်တို့ ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်း ပပျောက်ရေး၊ လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာဗဟု သုတများကို ထည့်သွင်းသင်ကြားနိုင်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှု ဘ၀ပုံစံများ လိုက်နာကျင့်သုံးဆောင်ရွက်ရေး၊ ကျောင်းသား ကျောင်းသူများတွင် ဂိမ်းအလွန်အကျွံ စွဲလမ်းမှုပပျောက်ရေး ခေါင်းစဉ်ဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ပညာရှင်များက ကဏ္ဍအလိုက် အလှည့်ကျ တင်ပြဆွေးနွေးကြရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်တို့က သဘာပတိအဖြစ် ဆောင်ရွက်ကြသည်။ ယင်းနောက် နှီးနှောဖလှယ်ပွဲတက်ရောက် လာကြသူများက တင်ပြဆွေးနွေးမှုများ နှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးကြသည်။ ဆက်လက်၍ နေ့လယ်ပိုင်းအစီအစဉ်တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမော်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင် ဝင်းတို့က သဘာပတိအဖြစ် ဆောင်ရွက် ကြပြီး ပြည်သှူကျန်းမာရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့က ဦးစီးဌာနများအလိုက် ဆွေးနွေး တင်ပြကြပြီး နှီးနှောဖလှယ်ပွဲတက်ရောက် လာကြသူများက တင်ပြဆွေးနွေးမှုများ နှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးကြသည်။ ညနေပိုင်းတွင် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ရေး အမျိုးသားအဆင့်နှီးနှော ဖလှယ်ပွဲပိတ်ပွဲကို ကျင်းပရာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားသည်။ အလားတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နှီးနှော ဖလှယ်ပွဲတွင် ပညာရှင်များ၊ ဆရာ ဆရာမများသာမက ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များ၊ ကျောင်းသားမိဘများကပါ ပါဝင်မေးမြန်းဆွေးနွေးမှုများနှင့် အကြံပြုချက်များသည် အထူးကောင်းမွန်အဆင့် မြင့်မားပြီး အဆိုပါအချက်များသည် မဟာဗျူဟာ၊ လမ်းပြမြေပုံနှင့် ရှေ့လုပ်ငန်း စဉ်များ ချမှတ်ဆောင်ရွက်ရာတွင် များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း။ လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် ကျောင်းသား ကျောင်းသူများ၏ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာသုခများ ရရှိနိုင်မည့်အပြင် လူမှုဆက်ဆံရေးရာများတွင်လည်း များစွာအကျိုးရှိနိုင်မည် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ကိုယ်တိုင်အကျိုးရှိမည့် ကိစ္စရပ်ဖြစ်သည့် ကျန်းမာရေး အဆင့်မြှင့်ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေးလုပ်ငန်း များတွင် ကိုယ်တိုင်တက်ကြွစွာရှေ့ဆောင် ပါဝင် ဆောင်ရွက်နိုင်စေရေးအတွက် လုပ်ငန်းများ စတင်ဆောင်ရွက်သည့် ကာလတွင် လက်တွဲခေါ်ယူ ဆောင်ရွက် သွားရန်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


No comments:

Post a Comment