နေပြည်တော် ၂၀၁၉ ဇွန်၆
ပညာရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဌာနအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းဖွဲ့စည်းမည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၆ ရက် နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသို့လွှဲပြောင်းရောက်ရှိလာမည့် မူပိုင်ခွင့်ဌာနတာဝန်ရှိသူများအား နွေးထွေးစွာကြိုဆို ပါကြောင်း၊ မိမိတို့အနေဖြင့် အသစ်ရောက်ရှိလာမည့် မူပိုင်ခွင့်ဌာနနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် အဆင်ပြေချောမွေ့စွာ လွှဲပြောင်းနိုင်ရေးအတွက် နှစ််ဖက်ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ မူပိုင်ခွင့်ဌာနအား အဆင်ပြေစွာ လွှဲပြောင်း/ လက်ခံပေးနိုင်ရေး အတွက် လွှဲပြောင်းမှုကာလအတွင်း လိုအပ်ချက်များကို နှစ်ဦးနှစ်ဖက်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။ ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြောကြားရာတွင် မူပိုင်ခွင့်ဦးစီးဌာနအား အမြန်ဆုံးလွှဲပြောင်းဖွဲ့စည့်နိုင်ရေးအတွက် အချိန်ဇယားသတ်မှတ် ဆောင်ရွက်ရန်လိုပါကြောင်း၊ လုပ်ငန်းများစတင်ဆောင်ရွက်နို်င်ရေးအတွက် လုပ်ငန်းအစီအမံများ ရေးဆွဲထားရန်လိုပါကြောင်း၊ လိုအပ်သောနည်းပညာ အထောက်အပံ့များ ရရှိရေးအတွက် ပြည်ပအဖွဲ့ အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။ အစည်းအဝေးသို့ တက်ရောက် လာကြသည့် တာဝန်ရှိသူများကလည်း ပညာရေး ဝန်ကြီးဌာန လက်အောက်ရှိ မူပိုင်ခွင့်ဌာနအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်သို့ လွှဲပြောင်းဖွဲ့စည်းရာတွင် အဆင်ပြေချောမွေ့စွာ လွှဲပြောင်းနိုင်ရေးအတွက် ဝန်ကြီးဌာနများမှ ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ ဖွဲ့စည့်ပုံပြင်ဆင်ရေးဆွဲရေးဆိုင်ရာများ၊ မူပိုင်ခွင့်ဦးစီးဌာနရုံးဖွင့် လှစ်မည့်အခြေအနေနှင့် လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ အသစ်ထွက်ပေါ်လာမည့် ဌာနသစ် ဖွဲ့စည်းရာတွင်လိုအပ်လာမည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါ အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment