Saturday, June 1, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ရန်ကင်းပညာရေးကောလိပ်နှင့် သင်္ဃန်းကျွန်းပညာရေးကောလိပ် များမှ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံ

ရန်ကုန် ၂၀၁၉ မေ ၃၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် ရန်ကင်းပညာရေး ကောလိပ်မှ ဆရာ ဆရာမများ သင်တန်းသား သင်တန်းသူများတွေ့ဆုံပွဲအခမ်း အနားကို ယနေ့နံနက် ပိုင်းတွင် ရန်ကုန်မြို့ ရန်ကင်းပညာရေးကောလိပ် ၌ကျင်းပသည်။ တွေ့ဆုံပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်ဆောင်ရာတွင် အခြေခံ ပညာရေးပြုပြင် ပြောင်းလဲမှုသည် အရေးကြီးပါကြောင်း၊ အခြေခံပညာကဏ္ဍတွင် အရည်အသွေးရှိသော ဆရာ ဆရာမ များဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် ပညာရေးတက္ကသိုလ်များနှင့် ပညာရေး ကောလိပ်များသည် အဓိကကျသည့်အတွက် မိမိအနေဖြင့် သင်တန်းသား ဆရာ ဆရာမများကို ကျေးဇူးတင်အားပေးစကားပြောကြားရန်နှင့် လိုအပ်ချက်အခက်အခဲများရှိပါက ဆွေးနွေးတင်ပြနိုင်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း။ အခြေခံပညာရေးတွင် သူငယ်တန်း(KG) + ၁၂ တန်းပညာရေး စနစ်ကို ပြောင်းလဲဆောင်ရွက် လျက်ရှိရာ ယခုပညာသင်နှစ်တွင် တတိယတန်း(Grade-3)နှင့် ဆဋ္ဌမတန်း(Grade-6) တို့ကို ကျောင်းသုံးဖတ်စာအုပ်အသစ်များဖြင့် ပြောင်းလဲသင်ကြား မည်ဖြစ်ပါကြောင်း၊ သင်ကြားသင်ယူမှု နည်းစနစ်သစ်များဖြင့် သင်ထောက်ကူပစ္စည်းများပံ့ပိုးခြင်း၊ ဆရာဗဟိုပြုသင်ကြားနည်းမှ ကျောင်းသား ဗဟိုပြုသင်ကြားနည်းများဖြင့် ပြောင်းလဲသင်ကြားပေးလျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် သင်ယူရာတွင် ကောင်းစွာသင်ယူနိုင်ရန် အာဟာရပြည့်ဝပြီး ကျန်းမာသန်စွမ်းမှုရှိရန်နှင့် စာသင်ခန်းတွင်း၌ ပျော်ရန် အရေးကြီးပါကြောင်း၊ ပညာရေးအရည်အသွေးရှိပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများကို ကြည့်ပါက စာမေးပွဲရမှတ်များများရရှိရန် အလွတ်ကျက်မှတ် သင်ယူခြင်းမဟုတ်ဘဲ တစ်သက်တာပတ်လုံး သင်ယူပြီးရင်း သင်ယူရန်အတွက် စဉ်းစားတွေးခေါ်မှုကို အားပေးသည့် နက်နက်နဲနဲသင်ယူခြင်း(Deep Learning)ဖြင့် သင်ကြားသင်ယူလျက်ရှိသည်ကို တွေ့မြင်နိုင်ပါကြောင်း။ ကမ႓ာ့နိုင်ငံများတွင် အတော်ဆုံးသူများသည် ဆရာ ဆရာမဖြစ်ရန် ကြိုးပမ်းလျက်ရှိကြပါ ကြောင်း၊ တော်သောသူများ ဆရာ ဆရာမဖြစ်လာမှသာ ဆရာထက်တော်သည့် ကျောင်းသား ကျောင်းသူများကို ပြုစုပျိုးထောင်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်ရန် အင်္ဂလိပ် စာအရည် အသွေးကောင်းမွန်ရန်လိုအပ်ပြီး ဒေသတွင်းဘာသာစကားများကိုပါ တတ်ကျွမ်းမှုရှိရန် လိုအပ်ပါကြောင်း၊ ဘာသာရပ်နှင့်သက်ဆိုင်သည့် သင်တန်းများ၊ အွန်လိုင်းသင်တန်းများကို အကျိုးရှိစွာ အသုံးပြုပြီး မိမိတို့၏အရည်အသွေးများ ပိုမိုတိုးတက်လာစေရန် ကြိုးစားနေကြပါကြောင်း၊ ထို့ပြင် တစ်သက်တာသင်ယူလေ့လာနိုင်ရန်အတွက် အင်္ဂလိပ်စာနှင့် အိုင်စီတီအရည်အသွေးများကို ခေတ်နှင့် အညီ လေ့လာ ဆည်းပူးနေရန်လိုအပ်ပါကြောင်း၊ ဆရာ ဆရာမအရည်အသွေးပိုမိုကောင်းမွန် မှသာလျှင် အကြောင်းအကျိုး၊ အကောင်းအဆိုးကို စဉ်းစားဝေဖန်သုံးသပ်နိုင်စွမ်းရှိပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမည့် ကျောင်းသား ကျောင်းသူများကို ပြုစုပျိုးထောင် သင်ကြားသင်ယူလေ့ကျင့် နိုင်မည်ဖြစ်ပါကြောင်း။ ဆရာ ဆရာမများအနေဖြင့် မိမိတို့တတ်မြောက်ခဲ့သည့် ပညာရပ်များ၊ ကောင်းမွန်သော အတွေ့အကြုံများကို လက်ဆင့်ကမ်း၍ အကောင်းဆုံး သင်ကြားလေ့ကျင့်ပေးရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို ကိုယ်တိုင်သင်ယူလေ့လာမှုပြုလုပ်နိုင်ရန်အတွက် စာကြည့်တိုက် အသုံးပြုတတ်စေရန် လေ့ကျင့်ပေးရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ပြဿနာကိုငြိမ်းချမ်းစွာနှင့် လုပ်ထုံး လုပ်နည်း စည်းမျဉ်းစည်းကမ်းနှင့်အညီဖြေရှင်းတတ်သည့်အလေ့အကျင့်ကောင်းများကို လေ့ကျင့်ပေး ရန် လိုအပ်ပါကြောင်း။ ယနေ့ခေတ်တွင် အလိုအလျောက်နည်းပညာများ ပိုမိုအသုံးပြုလာသည့်အတွက် အလုပ် အကိုင်အခွင့်အလမ်းများ ရရှိရန် ယှဉ်ပြိုင်မှုခက်ခဲမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မိမိတို့၏ကျောင်းသား ကျောင်းသူများကို အကောင်းဆုံးအရည် အသွေးများတတ်မြောက်အောင် သင်ကြားသင်ယူလေ့ကျင့် ပေးမှသာ ကျောင်းသားကျောင်းသူ များအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများကို ရရှိနိုင် မည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ၏ အနာဂတ်သည် ဆရာ ဆရာမများ၏လက်ထဲတွင် ရှိပြီး ကျောင်းသား ကျောင်းသူဆရာ များကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် ဆရာဆရာမ များအား ကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်းပြောကြားသည်။ ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ရန်ကင်း ပညာရေးကောလိပ်မှ လက်ထောက်ကထိက ဆရာမ ဒေါ်မိုးစန္ဒာ၊ လက်ထောက်ကထိက ဦးသူရအောင်၊ ကထိက ဦးသက်ဦး၊ ဆရာမ ဒေါ်စန်းစန်း မြင့်နှင့် သင်တန်းသား သင်တန်းသူ မောင်မင်းသုခ၊ မောင်ဉာဏ်လင်းထွန်း၊ မနွယ်နွယ်ဝေနှင့် မနှင်းစု လှိုင်တို့က သိရှိလိုသည်များနှင့်စပ်လျဉ်း၍ မေးမြန်းကြသည်များကို ပြည်ထောင်စုဝန်ကြီးနှင့်တာဝန် ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အခြေခံပညာသင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲရေးဆွဲလျက်ရှိသည့် ဂျပန်နိုင်ငံ JICA CREATE Team အဖွဲ့ဝင်များနှင့် လည်းကောင်း၊ သင်္ဃန်းကျွန်းပညာရေးကောလိပ်သို့ရောက်ရှိပြီး သင်္ဃန်းကျွန်းပညာရေးကောလိပ်မှ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် လည်းကောင်း တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။




















No comments:

Post a Comment