Monday, June 17, 2019

အခြေခံပညာ သင်ရိုးညွှန်းတမ်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ၂၀၁၉ ဇွန် ၁၆
အခြေခံပညာ သင်ရိုးညွှန်းတမ်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပါမောက္ခ ချုပ်များကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဉီးစွာ သိပ္ပံနှင့် ဝိဇ္ဇာဘာသာရပ်အဖွဲ့ခေါင်းဆောင်များက သင်ရိုးသစ် Grade-7 နှင့် Grade-10 တို့ အတွက် ကျောင်းသုံးဖတ်စာအုပ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ဘာသာရပ် သင်ရိုးညွှန်းတမ်းကော်မတီ ဉက္ကဋ္ဌဌများက သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆွေးနွေးတင်ပြကြသည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် အမျိုးသားသင်ရိုး ညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌဌနှင့် အဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများက လိုအပ်ချက် အခက်အခဲများနှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြကြသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆွေးနွေးပြောကြား ရာတွင် ယခုကဲ့သို့ အားသွန်ခွန်စိုက် သင်ရိုးညွှန်းတမ်းများရေးဆွဲ ဆောင်ရွက်မှုများ အပေါ်တွင် ကျေးဇူးတင်ရှိပါ ကြောင်း၊ ယခုနှစ်သည် (၄)နှစ်မြောက်ဖြစ် သည့်အတွက် ရှေ့ကကြုံတွေ့ခဲ့ရသည့် အတွေ့အကြံုများပေါ်တွင် မူတည်ပြီး အားသာချက်များကို ပိုမိုအားကောင်းစေရေးနှင့် အားနည်းချက်များကို စိစစ်ဆောင်ရွက်လျက်ရှိသည် ကို တွေ့ရှိရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းများ ကိုပြန်ကြည့်ပါက အရိုးစွဲနေသည့် အလွတ်ကျက်မှတ်မှု စနစ်မှ စဉ်းစားတွေးခေါ်မှုကိုအားပေးသည့် မေးခွန်းများအဖြစ် စီစဉ် ဆောင်ရွက်သည့်အခါတွင် ဆရာကြီး ဆရာမကြီးများ၏ ဝိုင်းဝန်းပူးပေါင်းကူညီပံ့ပိုး ဆောင်ရွက်ပေးမှုများကို ကျေနပ်အားရဖြစ်မိပါကြောင်း။ Grade-1, Grade-2 ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာကိုင်စာအုပ်များ ပံ့ပိုးပေးမှုကိုကြည့်ပါက အောင်မြင်မှုရှိသည်ကို တွေ့ရှိရမည်ဖြစ် ပါကြောင်း၊ ကျောင်းများကို သွားရောက်ကြည့်ရှုပါက သင်ရိုးညွှန်းတမ်း များ၏ အရည်အသွေးကောင်းမွန်မှုနှင့် လိုအပ်ချက်များကို အဘက်ဘက်မှ စဉ်းစားပြုစုထားသည့်အတွက် ကျောင်းသား ကျောင်းသူများသည် သင်ယူလိုစိတ် ပိုမိုရှိလာကြသည် တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ Grade-3 နှင့် Grade-6 သင်ရိုးညွှန်းတမ်း များကို ဆောင်ရွက်ရာတွင် (၃)နှစ်အတွေ့ အကြုံများပေါ်မူတည်ပြီး အကောင်းဆုံးစီစဉ် ဆောင်ရွက်နိုင်ခဲ့ကြ ပါကြောင်း၊ ထို့ပြင် (၂၁)ရာစုဖြစ်သည့် ယနေ့ခေတ်တွင် ယှဉ်ပြိုင်မှုပြင်းထန်သဖြင့် အင်္ဂ္လိပ် ဘာသာစကားတစ်ခုတည်းဖြင့် လုံလောက်မှု မရှိသည့်အတွက် အခြားဒေသတွင်း ဘာသာစကားများကိုလည်း တတ်မြောက်မှုရှိရန် အရေးကြီးပါကြောင်း၊ သို့ဖြစ်၍ စာမေးပွဲဖြေဆိုရန်အတွက်သင်ယူခြင်း၊ စာမေးပွဲရမှတ် များများရရှိရန်အလွတ် ကျက်မှတ်သင်ယူခြင်းမဟုတ်ဘဲ တစ်သက်တာပတ်လုံး သင်ယူပြီးရင်းသင်ယူတတ် စေရန် အတွက် အလွတ်ကျက်ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်မှုကိုအားပေးသည့် နက်နက်နဲနဲသင်ယူသော ပညာရေး စနစ်သို့ ပြောင်းလဲလျက်ရှိပါကြောင်း။ မိမိတို့နိုင်ငံအနေဖြင့် အဓိကလိုအပ်သည့် သင်တန်းများပေးရန် အရေးကြီးပြီး ဌာနအချင်းချင်းပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့်လိုအပ်သည့် ကျွမ်းကျင်ပညာရှင်များ၊ ကွန်ပျူတာ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ပံ့ပိုးဖြည့်ဆည်းပေး မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ယခုရေးဆွဲဆောင်ရွက်လျက် ရှိသည့် Grade-7 နှင့် Grade-10 သင်ရိုးညွှန်းတမ်းဖတ်စာအုပ်များ အချိန်မီပြီးစီးရေးသည်လည်း အရေးကြီးပါကြောင်း ဆွေးနွေးပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment