Monday, June 17, 2019

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပညာရည်ချွန်ဆုပေးပွဲနှင့် ကျောင်းဆောင်သစ်ပေးအပ်လှူဒါန်းပွဲ အခမ်းအနားများကျင်းပ

ရန်ကုန် ၂၀၁၉ ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းများ၊ ဆရာ ဆရာမများ၊ ဂုဏ်ထူးရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဆုရ ကျောင်းသား ကျောင်းသူများဂုဏ်ပြုပွဲနှင့် National Infrastructure Holdings Co.,Ltd မှ လှူဒါန်းသည့် ကျောင်းဆောင်သစ်များအား ပေးအပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ တွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ကော့မှူး မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ကော့မှူး)မှ ကျောင်းသား ကျောင်းသူများက “မြန်မာ့ ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြော ကြားရာတွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းအရ ၃၁.၄၄ ရာခိုင်နှုန်းဖြစ်၍ ရန်ကုန်တိုင်း ဒေသကြီး၏အောင်ချက်ရာခိုင်နှုန်းမှာ ၃၂.၆၃ ရာခိုင်နှုန်း၊ ကော့မှူးမြို့နယ်၏ အောင်ချက်ရာခိုင်နှုန်းမှာ ၂၃.၇၇ ရာခိုင် နှုန်းဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ဖြေဆိုသူ ၈၅၁၅၂၄ ဦးဖြစ်ပြီး အောင်မြင်သူ ၂၆၇၆၉၆ ဦး ဖြစ်သဖြင့် အောင်မြင်သည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ မိဘအုပ်ထိန်းသူ ပြည်သူ များအတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ သို့သော် စာမေးပွဲမအောင်သည့် ကျောင်းသား ကျောင်းသူများ အတွက် စိတ်မကောင်းပါကြောင်း၊ ဆရာ ဆရာမများ၊ မိဘအုပ်ထိန်းသူများလည်း မျှော်မှန်းသလိုဖြစ်မလာ၍ အားရကျေနပ် မည်မဟုတ်ပါကြောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုအောင်မြင်ရန်အတွက် အခြေခံကျသည့် အချက်များမှာ ကျောင်းသား ကျောင်းသူများအနေဖြင့် ဘာသာတွဲရွေးချယ်မှု မှန်ကန်ရန်လိုပါကြောင်း၊ ဆရာ ဆရာမများ၏ အထူးပြုဘွဲ့နှင့် သင်ကြားပို့ချသည့်ဘာသာရပ်ကိုက်ညီပြီး ဘာသာရပ် အရည်အသွေးပြည့်ဝ၍ သင်ကြားသင်ယူ မှုနည်းလမ်းကောင်းမွန်ရန် အဓိကအရေးကြီးပါကြောင်း၊ မိဘအုပ်ထိန်ုးသူ ပြည်သူများနှင့် ပူးပေါင်း၍ စနစ်တကျ သင်ယူလေ့လာရန်နှင့် သက်ဆိုင်ရာ တက္ကသိုလ်များမှ ပါမောက္ခများ၊ ဝါရင့် ဆရာ ဆရာမများနှင့်ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း၊ ဟောပြောပို့ချခြင်းများ ဆောင်ရွက်ရန်လိုအပ်ပါ ကြောင်း။
အခက်အခဲရှိသော ကျောင်းသား ကျောင်းသူများကို ပိုမိုကူညီပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ကလေးများ ကျောင်းစာသင်ခန်းတွင် ပျော်ရွှင်စေရန်အတွက် ဆရာ ဆရာမများအနေ ဖြင့် သင်ယူရာတွင် တော်ဖို့လိုပါကြောင်း၊ ဆရာ ဆရာမများ ပျော်ရွှင်မှုရှိရန် လည်းလိုအပ်ပြီး ဆရာ ဆရာမ များ၏လူမှုစီးပွားအခြေအနေကို ပိုမိုမြှင့်တင်ပေးရန်လည်း လိုအပ်ပါကြောင်း၊ အထူးသဖြင့် ကလေးများနှင့် သင်ယူရန်အခက်အခဲရှိသော ကလေးများသည် စာသင်ခန်းတွင် မပျော်နိုင်ကြပါကြောင်း၊ ယင်းတို့ကို ပျော်ရွှင်စေရန်နှင့် သင်ယူတတ်မြောက်မှုကောင်းမွန်စေရန် ဆောင်ရွက်ပေးရာတွင် အခက်အခဲများရှိနိုင်ပါ ကြောင်း၊ သို့ဖြစ်၍ ဆရာ ဆရာမများ၏မွန်မြတ်သော စိတ်ထားနှင့်ခံယူချက်ဖြစ်သော စေတနာ၊ ဝါသနာ၊ အနစ်နာခံ၍ ဆောင်ရွက်ပေးနိုင်သော ကျွမ်းကျင်မှု၊ စိတ်ဓာတ်မြင့်မားမှု၊ အကောင်းဆုံးဖြစ်အောင် ဆောင် ရွက်ပေးလိုမှု၊ တစ်သက်တာသင်ယူလိုသော စိတ်ဓာတ်များ အားကောင်းရန်လိုအပ်ပါကြောင်း၊ သို့မှသာ အခက်အခဲများ၊ မပြည့်စုံမှုများနှင့် စိန်ခေါ်မှုများကို စုပေါင်းအင်အားဖြင့် ညီညီညွတ်ညွတ်ရင်ဆိုင်ကျော်လွှား နိုင်မည်ဖြစ်ပါကြောင်း။
ဆရာ ဆရာမများ၊ ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများအနေဖြင့် ကျောင်းထွက်နှုန်းလျော့နည်း စေရေးနှင့် ကျောင်းသား ကျောင်းသူတိုင်း အထက်တန်းပညာသင်ယူပြီးမြောက်စေရေး အလေးထား ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အခြေခံပညာကျောင်းများတွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယ တန်း ကျောင်းသား ကျောင်းသူများအားလုံး စာရေးတတ်၊ စာဖတ်တတ်၊ အခြေခံသင်္ချာတွက်ချက်တတ်ရန် အတွက် အလေးအနက်ထားဆောင်ရွက်လျက်ရှိပြီး ကျောင်းသား ကျောင်းသူများကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ကူညီတတ်မှုရှိပြီး အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက် တတ်သော လူသားကောင်းများ ဖြစ်စေရန် လေ့ကျင့်ပေးရန်လိုအပ်ပါကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်တတ်စေရန် ငယ်စဉ်ကပင် ပြုစုပျိုးထောင်ပေးရန်လိုအပ်ပါကြောင်း၊ လူငယ်များ၏ဆန်းသစ် တီထွင်ဖန်တီးလိုသော စိတ်ဓာတ်ကို မြေတောင်မြှောက်ပေးစေလိုပါကြောင်း။
ကျောင်းများတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများကို လေးစားတန်ဖိုး ထားတတ်စေရန် အားပေးမြှင့်တင်ပေးရမည်ဖြစ်ပါကြောင်း၊ စာမေးပွဲဖြေဆိုရန်အတွက် သင်ယူခြင်းမျိုး မဟုတ်ဘဲ စာမေးပွဲရမှတ်များများရရှိရန် အလွတ်ကျက်မှတ်သင်ယူခြင်းမဟုတ်ဘဲ တစ်သက်တာပတ်လုံး သင်ယူပြီးရင်းသင်ယူတတ်စေရန် အလွတ်ကျက်ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်မှုကိုအားပေးသည့် နက်နက်နဲနဲသင်ယူသော ပညာရေးစနစ်သို့ပြောင်းလဲ သင်ကြားသင်ယူကြရမည်ဖြစ်ပါကြောင်း၊ ဆရာဗဟိုပြု သင်ကြားနည်းစနစ်မှ စုပေါင်း၍ Project များပြုလုပ်သည့် ကျောင်းသားဗဟိုပြုသင်ကြားနည်းဖြင့် ပြောင်းလဲ သင်ကြား သင်ယူကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းစာကြည့်တိုက်များထားရှိပြီး စနစ်တကျအသုံးပြုတတ် စေရန် လေ့ကျင့်ပေးရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် သင်ထောက်ကူပစ္စည်းများအသုံးပြုသင်ကြားပေးကြရန်နှင့် အားကစားချိန်များတွင် ကိုယ်လက်လှုပ်ရှားအားကစားများ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ထို့ပြင် ကျောင်းအလိုက် လိုအပ်လျက်ရှိသည့် စာသင်ခန်း၊ သန့်စင်ခန်းများ၊ ပရိဘောဂပစ္စည်းများ၊ သင်ထောက်ကူ ပစ္စည်းများ၊ စာအုပ်များ၊ အားကစားပစ္စည်းများ၊ သောက်သုံးရေလိုအပ်ချက်များကို စနစ်တကျစာရင်းပြုစု တင်ပြကြစေလိုပါကြောင်းနှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ရရှိသည့်ဘဏ္ဍာငွေပေါ်မူတည်၍ နှစ်စဉ် ဦးစားပေးအစီအစဉ်အလိုက် ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်တို့က အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်း က ဂုဏ်ပြုပွဲ ကျင်းပရခြင်းအတွက် ဝမ်းသာပီတိစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းဆောင်သစ်လှူဒါန်းခဲ့ကြသည့် ကျောင်းအလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခဲ့ပြီး ကော့မှူးမြို့နယ်အတွင်း ရှိလိုအပ်သော ကျောင်းများအတွက် ဗလာစာအုပ်နှင့် ကျောပိုးအိတ်များအားပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူ များက ၂၀၁၈-၂၀၁၉ ပညာ သင်နှစ်တွင် အောင်ချက် ရာခိုင်နှုန်း(ပထမ) ဆုရရှိသည့် အထက(ကျုံဒရယ်)၊ ဒုတိယဆုရရှိသည့် အထက (ကညင်ငူ)၊ တတိယဆုရရှိသည့် အထက(ကျိုက်ထော်) ကျောင်းတို့ အားဂုဏ်ပြုဆုများချီးမြှင့်ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဘာသာရပ်ထူးချွန်ဆုရရှိသည့် ဆရာ ဆရာမ(၂၄)ဦးနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ပြီး ဝိုင်းဝန်းကူညီပေးခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်တာဝန်ရှိသူများသည် အခြေခံပညာအထက်တန်းကျောင်းခွဲ (ညောင်ကုန်း) ကျောင်းဆောင်သစ်လှူဒါန်းပွဲအခမ်းအနားသို့တက်ရောက်အမှာစကားပြောကြားကြသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာရေး ကဏ္ဍအကောင်အထည်ဖော်အောင်မြင်ရေးအတွက် ကဏ္ဍတစ်ရပ် ဖြစ်သည့် ကျောင်းနေအရွယ်ကလေးများ၊ လူငယ်များအခြေခံပညာကို လက်လှမ်းမီသင်ယူနိုင်ခွင့်ရရှိစေ ရေးအတွက် မသင်မနေရအခမဲ့ ပညာရေးစနစ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ကလေးလူငယ်တိုင်း ခံစားခွင့်ရရှိစေရန်၊ ကျောင်းနေအရွယ် ကလေးလူငယ်တိုင်း ကျောင်းအပ်နှံရေးအခွင့်အလမ်းများတိုးတက်ရရှိစေရေး၊ ကျောင်းအပ်နှုန်းမြင့်မားစေရေးနှင့် ကျောင်းထွက်မှုနှု န်းလျော့ကျစေရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း။
နှစ်ပေါင်းများစွာ ပညာရေးကဏ္ဍတွင် အားနည်းနေခဲ့သဖြင့် ကျောင်းနေအရွယ်ကလေးများကျောင်း နေနိုင်ရန် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ၏စုစည်းအင်အားဖြင့် ဆရာ ဆရာမများ၊ စာသင်ခန်းများ၊ စာသင် ခုံများ စသည်တို့ကို ကိုယ့်အားကိုယ်ကိုးဖြင့် ဆောင်ရွက်ခဲ့ရပါကြောင်း၊ ပြည်သူ့အစိုးရတာဝန်ယူသည့် အချိန် မှစ၍ ကျောင်းအဆင့်တိုးမြှင့်ခြင်း၊ ဆရာ ဆရာမများခန့်ထားခြင်း၊ ကျောင်းစာသင်ခန်းများ၊ စာသင်ခုံများ၊ သင်ထောက်ကူပစ္စည်း များဖြည့်ဆည်းခြင်း၊ စာကြည့်တိုက်၊ အားကစား၊ သောက်ရေသုံးရေ၊ သန့်စင်ခန်းများ ဖြည့်ဆည်းပေးခြင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ကို အားပေးမြှင့်တင်ခြင်း၊ KG +၁၂ တန်း အခြေခံ ပညာရေးစနစ်နှင့် အခမဲ့အခြေခံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော်လည်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စာသင်ဆောင်ပေါင်း ၄၅၁၂၉၊ မူလတန်းပြဆရာဦးရေ ၅၀၈၂၀၊ အလယ် တန်းပြဆရာဦးရေ ၂၂၃၃၁၊ အထက်တန်းပြဆရာဦးရေ ၁၁၃၅၀ တို့လိုအပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ခွင့်ပြုဘဏ္ဍာငွေ အရ ကျောင်းဆောင်များ၊ ဆရာများဖြည့်ဆည်းပေးနေသော်လည်း လိုအပ်ချက် များရှိနေသေးသဖြင့် အလှူရှင်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏လှူဒါန်းထောက်ပံ့မှုသည်လည်း အရေး ကြီးပါကြောင်း၊ ယနေ့ National Infrastructure Holdings Co.,Ltd မှ ၉၀ ပေ × ၃၀ ပေ RC တစ်ထပ် ကျောင်းဆောင်(၄)လုံး ဆောက်လုပ်လှူဒါန်းခြင်းသည် အစိုးရ၊ ပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍတို့၏စုပေါင်း အင်အားဖြင့် လိုအပ်ချက်များကို ပူးပေါင်းဖြည့်ဆည်းခြင်းဖြစ်သဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် အလှူ ရှင်များကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မုဒိတာ စကားပြောကြားရာတွင် မိမိတို့အနေဖြင့် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားများကို မဖြစ်မနေတက် ရောက်ခဲ့ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကိုတည်ဆောက်ရာတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုသည်လည်း အရေးကြီးပါကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ကျောင်းဆောင် များပေးအပ်လှူဒါန်းခြင်းဖြင့် ကျောင်းသား ကျောင်းသူများ စိတ်ချလုံခြုံသည့် စာသင်ခန်းများဖြင့် ပညာ သင်ကြားနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍနှင့် သက်မွေးပညာကဏ္ဍများကို ရင်းနှီးမြှုပ်နှံခြင်းဖြင့် နိုင်ငံ တကာနှင့် ရင်ဘောင်တန်းလာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် အကြောင်း အမျိုးမျိုးဖြင့် စာမသင်ကြားနိုင်သူ များကို လူတိုင်း စာတတ်မြောက်စေရ န် ကျောင်းပြင်ပပညာရေးလုပ်ငန်းများဖြင့် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကျောင်းသား ကျောင်းသူကလေးများ သည် နိုင်ငံ၏အနာဂတ်များဖြစ်သည့်အတွက် ဆရာ ဆရာမ များ၊ ကျောင်းသားမိဘများ၊ ပြည်သူများ၏ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်မည် ဖြစ်ပါ ကြောင်းနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေ ရန်စေတနာဖြင့် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် အခြေခံပညာမူလတန်းလွန်ကျောင်း (ကျုံဖာ)၌ ကျင်းပသည့် ကျောင်းဆောင်သစ်လှူဒါန်းပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြောင်း သတင်းရရှိ သည်။


No comments:

Post a Comment