နေပြည်တော် ၂၀၁၉ ဇွန် ၈
နေပြည်တော်ရှိ ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများအတွက် အင်္ဂလိပ်စာ ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၃) ကြိုဆိုပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)၊ အဆင့်မြင့်ပညာဦးစီးဌာန မြေညီထပ်ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ စွမ်းရည်မြင့်မားစေရေး အထောက်အကူဖြစ်စေရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ သီတင်း(၁၂)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးမည့် အင်္ဂလိပ်စာဘာသာ စကားကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၃)ကို တက်ရောက်လာကြသည့် နေပြည်တော်ရှိ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဖွဲ့အစည်း(၂၅)ခုမှ သင်တန်းသား သင်တန်းသူ အရာထမ်း(၁၀၄)ဦး၊ အမှုထမ်း(၁၀၄)ဦးတို့အား လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ သင်တန်းအမှတ်စဉ်(၂)ကို အရာထမ်း(၇၀)ဦး၊ အမှုထမ်း(၅၅)ဦးတို့ဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး အင်္ဂလိပ်စာကျွမ်းကျင်မှုလက်မှတ် (Certificate of English Language Proficiency)အား ၂၉-၅-၂၀၁၉ ရက်နေ့တွင် ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ရာတွင် ပိုမိုထိရောက်အောင်မြင်စေရန်အတွက် မိမိ၏အရည်အသွေးကို မြှင့်တင်နိုင်သည့် အခွင့်အရေးအား မိမိရရဆုပ်ကိုင်ရာ သင်တန်းတက်ရောက်လာကြသော သင်တန်းသား သင်တန်းသူများအား ချီးကျူးဂုဏ်ပြုပါကြောင်း၊ ယနေ့အချိန်အခါသည် နိုင်ငံတော်အနေဖြင့် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်လာစေရန် ပြည်သူနဲ့အတူလက်တွဲ ကြိုးပမ်းနေချိန်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်းအကျုံးဝင်သော အရည်အသွေးမြင့်ပညာရေးနှင့် လူတိုင်းအတွက်တစ်သက်တာသင်ယူမှု အခွင့်အလမ်းကောင်းများကို ဖန်တီးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုသင်တန်းသည် သင်တန်းသား သင်တန်းသူများအား တက်ကြွသော၊ ဆန်းသစ်သော အင်္ဂလိပ်ဘာသာ စကား လေ့လာသူများဖြစ်လာအောင်၊ မိမိအလုပ်အကိုင်တိုးတက်မှု အခွင့်အလမ်းရှာဖွေ သူများဖြစ်လာအောင် ပြောင်းလဲပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။ အခမ်းအနားအပြီးတွင် သင်တန်းသား သင်တန်းသူများနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်သော အင်္ဂလိပ်စာဘာသာစကားကျွမ်းကျင်မှု မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၃)ကို (၁၁-၅-၂၀၁၉ ရက်နေ့မှ ၂၈-၇ -၂၀၁၉) ရက်နေ့အထိ ဖွင့်လှစ်လျက်ရှိပြီး သင်တန်းများကို ဆက်လက်တိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment