Tuesday, November 26, 2019

နေပြည်တော် ၂၀၁၉ နိုဝင်ဘာ ၂၂ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးကဏ္ဍ လုပ်ငန်းအညွှန်းဘောင်မိတ်ဆက်ခြင်းအခမ်းအနားကိုယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်ခန်းမ၌ကျင်းပသည်။

နေပြည်တော် ၂၀၁၉ နိုဝင်ဘာ ၂၂
ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးကဏ္ဍ လုပ်ငန်းအညွှန်းဘောင်မိတ်ဆက်ခြင်းအခမ်းအနားကိုယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)နှင့်အညီ ပညာရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာရေးကဏ္ဍတွင် ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းအပ်နှံရေး၊ ကျောင်းနေမြဲရေး၊ ကျောင်းထွက်မှုမရှိစေရေးနှင့်မည်သူတစ်ဦးတစ်ယောက်ကိုမျှ မကျန်ခဲ့စေရေး မူဝါဒဦးတည်ချက်ဖြင့်ဆောင်ရွက်လျှက်ရှိရာယနေ့ကာလတွင် ကျောင်းအပ်နှံနှုန်းများမြင့်မားလာခြင်း၊ ကျောင်းနေနှုန်းမြင့်မားလာခြင်း၊ အဆင့်ကူးပြောင်းနှုန်းမြင့်မားလာခြင်းနှင့်အတူ ကျောင်းထွက်နှုန်းများ သိသိသာသာလျော့ကျသွားပါကြောင်း၊ သို့သော်လည်းလွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်းကအကြောင်းအမျိုးမျိုးကြောင့် ကျောင်းသို့မရောက်နိုင်ခဲ့သောကျောင်းနေရွယ်လွန် ကလေးငယ်များ၊ မူလတန်းပညာပြီးဆုံးအောင် မသင်ကြားခဲ့ရသောလူငယ်များနှင့် သက်ကြီးစာမတတ်သူများကျန်ရှိနေသေးပါကြောင်း။ ယင်းအခြေအနေများကြောင့် အစိုးရသစ် စတင်တာဝန်ယူခဲ့သည့် ၂၀၁၆ ခုနှစ်ကတည်းက ပညာရေးဝန်ကြီးဌာနတွင် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနအသစ်ကိုတိုးချဲ့ဖွဲ့စည်းတည်ထောင်ပေးခဲ့ပြီးကျောင်းပြင်ပမူလတန်းပညာရေးနှင့်ကျောင်းပြင်ပအလယ်တန်းပညာရေး၊ လူငယ်များနှင့်သက်ကြီးစာမတတ်သူများအတွက် စာတတ်မြောက်ရေးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်အောင် စီမံဆောင်ရွက်ပေးခဲ့ပါကြောင်း၊
ယခုလိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးကဏ္ဍလုပ်ငန်းအညွှန်းဘောင်သည် နိုင်ငံတော်ကဆောင်ရွက်နေသည့် “မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ ပညာသင်ယူခွင့်ရရှိရေမူဝါဒဦးတည်ချက်” ကိုအထောက်အကူပြု စေသည့် လုပ်ငန်းအညွှန်းဘောင်တစ်ခုဖြစ်ပါကြောင်း၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး လုပ်ငန်းများကို လွှမ်းခြုံအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုပြီးစနစ်တကျ၊ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အထောက်အကူပြုသောလုပ်ငန်းအညွှန်းဘောင်ဖြစ်မည်ဟုမျှော်လင့် ပါကြောင်း၊ ယခုမိတ်ဆက်တင်ပြသော ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ လုပ်ငန်းအညွှန်းဘောင်အား ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ(၆)ရက်၊ နေပြည်တော်တွင် ကျင်းပခဲ့သောကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဖိုရမ်မှစတင်၍ ပညာရှင်များ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ဆွေးနွေးချက်များ၊ အကြံပြုချက်များ၊ ပြင်ဆင်ချက်များနှင့်ဖြည့်စွက်ချက်များကိုလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲများနှင့် အစည်းအဝေးများ အကြိမ်ကြိမ်ဆောင်ရွက်ကာ ညှိနှိုင်းရေးဆွဲပြုစုခဲ့ခြင်း ဖြစ်ပါကြောင်း၊ လုပ်ငန်းအညွှန်းဘောင်ပြုစုရေးဆွဲမိတ်ဆက်နိုင်ရေး ပူးပေါင်းကူညီပံ့ပိုးပေးခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်နှင့်အဖွဲ့ဝင်များ၊ အရည်အသွေးရှိ အခြေခံပညာရေးမြှင့်တင်မှု အစီအစဉ်မှတဆင့် ထောက်ပံ့ကူညီပေးကြသည့်ဒိန်းမတ်နိုင်ငံ၊ဥရောပသမဂ္ဂ၊ ယူနီဆက်(မြန်မာ)နှင့်မိတ်ဖက်အဖွဲ့အစည်းများ၊ ပညာရှင်များနှင့် လူမှုအဖွဲ့အစည်းများမှပုဂ္ဂိုလ်များ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကဏ္ဍ၊ လုပ်ငန်းအညွှန်းဘောင်ပြုစုရေးဆွဲရေးလုပ်ငန်းအဖွဲ့ဝင်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်းစသည်ဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ယူနီဆက်(မြန်မာ)မှ ဒုတိယဌာနေကိုယ်စားလှယ် Mr.Pauls Edwards က နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။
ထို့နောက် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးကဏ္ဍအညွှန်းဘောင်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ယူနီဆက်(မြန်မာ)မှ ဒုတိယဌာနေကိုယ်စားလှယ် Mr. Pauls Edwards က အညွှန်းဘောင်စာအုပ်များပေးအပ်ရာဒုတိယဝန်ကြီးကလက်ခံရယူပြီးအမှတ်တရစုပေါင်းဓာတ်ပုံများရိုက်ကူးကြသည်။
ထို့နောက် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဆိုင်ရာကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့ဒသမအကြိမ်မြောက်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ်(၁း၃၀)နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနရုံးအမှတ်(၅၂)၌ ဆက်လက် ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။





No comments:

Post a Comment